(Zawgyi / Unicode)
မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အခက်ကြုံနေရတာဟာ ပြည်တွင်းရေးကြောင့်ဖြစ်ပြီး နိုင်ငံရေးဖြေရှင်းရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဥပဒေမူဘောင်ထဲကနေ ဆွေးနွေးဖို့လိုကြောင်း တရုတ်နိုင်ငံတော်ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အကြမ်းဖက်မှုတွေ ထပ်မဖြစ်အောင် ရှောင်ပြီး နိုင်ငံအတွက်ရော လူမှုအဖွဲ့အစည်းအတွက်ပါ အမြန်တည်ငြိမ်မှုရအောင် လုပ်ဆောင်ဖို့လည်း တိုက်တွန်းခဲ့တယ်လို့ တနင်္လာနေ့မှာ ရန်ကုန် တရုတ်သံရုံး ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ဟာ ဇူလိုင် ၃ ရက် စနေနေ့က တရုတ်နိုင်ငံ ချင်ဟွာတက္ကသိုလ်မှာ ပြုလုပ်တဲ့ ၉ ကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းရေးဖိုရမ်မှာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်ပြီး လူသားတိုးတက်မှု မြှင့်တင်ပေးဖို့ ပြောကြားရာမှာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့လည်း မြန်မာ့အချုပ်အခြာ အာဏာကိုရော ပြည်သူတွေရဲ့ ရွေးချယ်မှုကိုပါ လေးစားဖို့နဲ့ ပြန်လည်သင့်မြတ်ရေးအတွက် အထောက်အကူ ဖြစ်စေမယ့် ကိစ္စရပ်တွေကို ပိုလုပ်ဆောင်ကြဖို့ ပြောဆိုလိုက်တဲ့အပြင် တဖက်သတ် အရေးယူဒဏ်ခတ်တာတွေ၊ မသင့်လျော်တဲ့ ကြားဝင်မှုတွေ မလုပ်ဖို့ပါ သတိပေးလိုက်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းဖို့ မျှော်လင့်နေသလို အာဆီယံက မြန်မာ့အခြေအနေကို အဆင်ပြေအောင် ကိုင်တွယ်ဖြေရှင်းမှုတွေ အမြန်လုပ်ဖို့ အာဆီယံနည်းလမ်းနဲ့ တွန်းအားပေးမှုကို ထောက်ခံကြောင်းလည်း ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံကို ကိုဗစ်ကပ်ရောဂါ တိုက်ဖျက်ရေး အကူအညီတွေနဲ့ စီးပွားရေးအကူညီတွေ ပေးပြီး ရင်းနှီးတဲ့ ဆက်ဆံရေးကို ဆက်လက်အသုံးချပြီး ကြားဝင်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ရန်ကုန် တရုတ်သံရုံး ဖေ့စ်ဘုတ်မှာ ဖော်ပြထားပါတယ်။
Your browser doesn’t support HTML5
---------------------
(Unicode)