စာရေးဆရာထင်လင်းဦးရဲ့ ရက်ပေါငိး (၆၅၀) ကျော် ထောင်တွင်း အတွေ့အကြုံ

Htin Lin Oo, center, a writer and former information officer of Aung San Suu Kyi's National League for Democracy party, stands with his colleagues after he was released from Insein Prison, in Yangon, Myanmar, Wednesday, Jan. 4, 2023. (AP Photo)

မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ကျမအင်ကြင်းနိုင်ပါ။ ဒီတပတ်အတွက် ဇန်နဝါရီလ (၄)ရက် လွတ်လပ်ရေးနေ့က လွတ်ငြိမ်းချမ်းသာနဲ့ လွတ်မြောက်လာတဲ့ စာရေးဆရာထင်လင်းဦးနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

"အဲဒီမှာ အသက် (၁၉) (၂၀) စသည်ဖြင့် ကလေးတွေက ဆရာတို့ လွတ်သွားတာကို ဝမ်းသာတယ်ဆိုပြီးတော့ ကျနော်တို့ကို နှုတ်ဆက်ကြတယ်။ ဆရာတို့ လွတ်သွားတာကို ဝမ်းသာတယ်လို့ ပြောတဲ့ သူတို့တွေရဲ့ မျက်လုံးတွေထဲမှာ မျက်ရည်တွေဝိုင်းနေတယ်။ စောစောက ကျနော်တို့ တိုက်ထဲမှာ ကျန်နေခဲ့တဲ့ ကိုးယောက်ရဲ့ မိသားစုတွေက ဆရာရယ် ကျမမောင်၊ ကျမယောကျ်ား၊ ကျမအဖေ မပါဘူးလားလို့ ကျနော်တို့ အပြင်ရောက်တဲ့အခါ မေးတဲ့အခါ ကျနော် ဘယ်လိုဖြေရမလဲ။ သူတို့ကတော့ ဘယ်နှစ်နှစ်ကျန်သေးလို့။ သူတို့ကတော့ ဘယ်စာရင်းထဲမှာ မပါလို့ဆိုတာကို ကျနော် ဘယ်လိုပြောမလဲ။ နောက် ဟိုကလေးတွေရဲ့ မိသားစုတွေက အပြင်ရောက်လာတဲ့အခါ ကျမသားလေး အခုထက်ထိ မလွတ်သေးဘူးလား။ ကျနော့်သမီးလေး အခုထိ မလွတ်သေးဘူးလား။ ကျနော် ဘယ်လိုဖြေရမလဲ။ ကျနော်က ဒီနေ့ ကျနော်ကို ထောင်ထဲက လွှတ်လိုက်တာကို ပျော်သလား။ ဆရာ ဘယ်လိုခံစားရသလဲလို့မေးရင် ကျနော် ရှက်တယ်။"

ဆရာထင်လင်းဦး အင်းစိန်အကျဉ်းထောင်က လွတ်လာတဲ့နေ့ ဆက်သွယ်မေးမြန်းချိန်မှာ ပြောဆိုသွားတာပါ။ သူ့ကို စစ်အာဏာသိမ်းတဲ့နေ့ ဖြစ်တဲ့ ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ အစောပိုင်းမှာ နေအိမ်ကနေ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။ သူ့လိုပဲတချိန်တည်း ဖမ်းဆီးခံရသူတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ၊ အရပ်သားအစိုးရဝန်ကြီးတွေ၊ ဒီမိုကရေစီရေးလှုပ်ရှားနေသူတွေ၊ အနုပညာရှင်တချို့လည်း ပါပါတယ်။ သူတို့ကို အင်းစိန်ရေကြည်အိမ် စစ်ကြောရေးစခန်းမှာ ချုပ်ထားတာပါ။ မတ်လ ၁ ရက်နေ့ အင်းစိန်ထောင် မပို့ခင် စစ်ကြောရေးကာလ ၇ ရက်တာ ကြာမြင့်ခဲ့တဲ့ အတွေ့အကြုံကို ဆရာထင်လင်းဦးက အခုလိုပြောပြပါတယ်။

"အဲဒီမှာ ပြောမယ်ဆိုရင် ၁၀ ပေ - ၁၂ ပေလောက်ရှိတဲ့ အခန်းထဲမှာ ထည့်ထားတယ်။ ကျနော်တို့ကို ခေါ်ထားတာကိုကြည့်၊ အောက်မှာက ပိတ်စကြိုးနဲ့ တထပ်စည်းထားတယ်။ ဆွဲစေ့လိုက်တယ်။ အဲဒါ ဘာလဲဆိုတော့ ဟိုမှာ ဓါးတွေဘာတွေ ပေါက်တဲ့အခါမှာ ဓါးပေါက်တဲ့လူရဲ့ မျက်လုံးကို စည်းသလိုမျိုး - အဝတ်စနဲ့ binding လုပ်လာတယ်။ ပြီးတော့ ခေါင်းကို အိတ်နဲ့စွပ်လိုက်တယ်။ ကြိုးပေးတဲ့လူကို စွပ်သလိုမျိုး။ ဆိုတော့ အဲဒါပြီတော့ လက်ကို လက်ထိပ်ခတ်ထားတယ်။ လမ်းလျှောက်ဖို့တောင် အဆင်မပြေဘူး။ အဲဒီမှာ သွားပြီးတော့ အစစ်ခံရတယ်။"

ဆရာထင်လင်းဦးဟာ ၂၀၁၄ ခုနှစ်မှာ မဘသ ဘုန်းကြီးတွေကို ဝေဖန်ခဲ့တဲ့အတွက် ထောင်ဒဏ် (၂) နှစ် ချမှတ်ခံခဲ့ပြီး ၂၀၁၆ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရလက်ထက်မှာ ပြန်လည်လွတ်မြောက်ခဲ့တာပါ။ ဒီတကြိမ် ထောင်တွင်းဖြတ်သန်းချိန်မှာ အခက်အခဲဆုံးကာလကို ဆရာထင်လင်းဦး က အခုလို ပြောပြပါတယ်။

"ကိုဗစ်လှိုင်းတွေ တအားမြှင့်လာတဲ့အချိန်ကာလ။ ကိုဗစ်လှိုင်းတွေက ၂၀၂၁ ရှစ်လပိုင်းလောက်မှာ အရမ်းဆိုးနေပြီ။ အရမ်းဆိုးနေတဲ့အခါကြတော့ ဘာဖြစ်လဲဆိုတော့ အဲဒီရက်အတွင်းမှာ ဆေးခန်းသွားပြတဲ့လူတွေ ရှိတယ်။ ဆေးခန်းသွားပြတဲ့လူတွေ။ နှာစေး၊ ချောင်းဆိုးတဲ့ လူတွေအကုန်လုံးကို ကိုဗစ် သံသယနဲ့ အဆောင်တဆောင်ထဲမှာ အကုန်လုံးရောထားလိုက်တယ်။ စုပြုံးထားလိုက်တော့ ကျနော်တို့က စိုးရိမ်ရပြီလေ။ ဘာစိုးရိမ်ရလဲဆိုတော့ တကယ်ဖြစ်တဲ့လူ ဘယ်နှစ်ယောက် ရှိလဲ။ မဖြစ်တဲ့လူက ဘယ်နှစ်ယောက်လဲ။ ရောထားလိုက်မှ မဖြစ်တဲ့လူတွေက ကူးကုန်မှာပေါ့။ ကိုဗစ်နဲ့ ပတ်သက်တဲ့ အသုံးအဆောင်ပစ္စည်းတွေက မရှိဘူး။ ဥပမာ Mask မလုံလောက်ဘူး။ မလုံလောက်တာ မဟုတ်ဘူး၊ မရှိဘူး။ အဲဒီတော့ ထောင်ထဲကနေပြီတော့ တရားရုံးကို ထွက်သွားတယ်၊ ပြန်ဝင်မယ်။ ဘယ်မှာလဲ Mask, ဘယ်မှာလဲ လက်အိတ်၊ ဘယ်မှာလဲ လက်ဆေးတဲ့ ဆပ်ပြာ။ လက်ဆေးတဲ့ဆပ်ပြာအရည်။ ကျနော်တို့ အကုန်လုံး မှာယူရတယ်။ ကျနော်တို့က ဘာကျေးဇူးတင်ရသလဲဆိုတော့ - ရှာကျန်ပြီး ကျေးဇူးတင်မယ်နော် - ကျနော်တို့ အဲဒီလို ကိုယ့်မိသားစုတွေ၊ ကိုယ်နဲ့ပတ်သက်တဲ့ လူတွေဆီက အလှူခံပြီး သွင်းတဲ့ပစ္စည်းတွေကို လက်ခံပေးတာကိုက ကျနော်တို့က ကျေးဇူးတင်ရသေးတယ်။ ကျနော်တို့ ဘာလုပ်ရသလဲဆိုတော့ အပေါ်ကနေ surgical gown ဝတ်ရတယ်။ မျက်နှာမှာ mask တပ်ရတယ်။ ခေါင်းမှာ head cover ဝတ်ရတယ်။ တခါသုံးလက်အိတ်တွေ စွပ်ရတယ်။ အဲဒီလို ကျနော်တို့ နေပူကြီးထဲ ထွက်ရတယ်။"

ဆရာတို့ ထောင်ထဲမှာ ရှိနေတဲ့အချိန်မှာ နှစ်ပေါင်း (၃၀) အတွင်း ပထမဦးဆုံးအကြိမ် ကြိုးပေးသတ်ခဲ့တဲ့ ကိစ္စတွေ ဖြစ်ခဲ့တယ်။ အထူးသဖြင့် ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်နဲ့ နောက်ထပ်နှစ်ဦး။ ဆရာတို့ အဲဒီသတင်းကို ဘယ်လိုသိရလဲ။ ဆရာတို့ အဲဒီသတင်း သိရချိန်မှာ ဆရာ့ရဲ့ ခံစားချက် ဘယ်လိုရှိလဲ အဲဒီအချိန်မှာ။

"အဲဒီသတင်း သိသိချင်းတော့ လူက ရူးသွားတာပေါ့။ ဘာလုပ်လို့ လုပ်ရမှန်းမသိ။ ဘယ်လိုလုပ်သိသလဲ ဆိုရင်တော့ သတင်းစာထဲမှာ သိတာ။ သတင်းစာရှင်းလင်းပွဲမှာ သိတာပေါ့။ သတင်းစာရှင်းလင်းပွဲ သတင်းစာကို ကျနော်တို့ ဖတ်ရတယ်။ ဂျင်မီနဲ့ ဇေယျာသော်ကို လုပ်လိုက်တယ်။ ဒါပေမဲ့ တခုရှိတာက အဲဒီရက်မှာ ထူးထူးခြားခြား ထောင်ထဲမှာ ဘာလုပ်လဲဆိုတော့ တရားဖွင့်တယ်၊ အသံချဲ့စက်ဖွင့်တယ်။ အကျယ်ကြီး။ ထူးတယ်ဆိုတာတော့ သိတယ်။ ပြောမယ်ဆိုရင် အဲဒါကို မပြောပြတတ်ဘူး။ အသံတွေက တအားကျယ်နေတယ်။ ရေဒီယိုအသံ ဖွင့်ထားသလိုမျိုး၊ အသံချဲ့စက် ဖွင့်ထားတာမျိုး အသံအကျယ်ကြီး ကြားရတယ်။ ဒါပေမဲ့ တခုခုဖြစ်တယ်၊ ထူးတယ်လို့တော့ သိတယ်။ ဒါပေမဲ့ ဘာလဲဆိုတာတော့ ကျနော်တို့ မသိဘူး။ ကျနော်တို့ သိလိုက်တာက သတင်းစာရှင်းလင်းပွဲအကြောင်း သတင်းစာထဲမှာ ပါလာတဲ့အချိန်မှာ သိရတယ်။ ဘာသိလဲဆိုတော့ ဒီလိုဒီလို လုပ်လိုက်တယ်။ ဘာကြောင့်လုပ်တယ်။ ဘာဖြစ်တယ် ညာဖြစ်တယ် ပြောတယ်။ ကျနော့်အမြင်နဲ့ ဘယ်လိုမှ လက်ခံနိုင်စရာ မရျိတဲ့ကိစ္စ။ တရားစီရင်မှုဆိုတဲ့ကိစ္စ။ တရားစီရင်မှုဆိုတာက စွပ်စွဲသူရယ်၊ စွပ်စွဲခံရသူရယ်၊ တရားဆုံးဖြတ်မယ့်သူရယ်ဆိုပြီး ရှိရမယ်။ ပြီးတော့ အဲဒီစွပ်စွဲတဲ့ကိစ္စက အများပြည်သူရဲ့ ရှေ့မှောက်မှာ ဖြစ်ရမယ်။ ကျနော်က အဲဒီအထဲမှာ အများပြည်သူရဲ့ ရှေ့မှောက်မှာ စစ်ဆေးမှုဆိုတဲ့ကိစ္စမှာ ချိူ့ယွင်းနေတယ်လို့ မြင်တယ်။ ပြီးတော့ ဒီသေဒဏ်ကို ပေးလိုက်တယ်ဆိုတဲ့ကိစ္စက အာဏာထိန်းသိမ်းမယ်ဆိုတဲ့ အစိုးရတရပ်။ ပြောမယ်ဆိုရင် Short-term government တခုရဲ့ လက်ထက်မှာ လုပ်သွားဖို့ လိုအပ်လို့လား။ အယူခံခွင့်ဆိုတဲ့ ကိစ္စတွေကော ဒါမှမဟုတ် ... တခုခုပေါ့။ Legally အဲဒါတွေကို စောင့်ဆိုင်းဖို့အတွက် အချိန်မပေးနိုင်ဘူးလား။ ဒါပေမဲ့ ကျနော် အခုပြောနေတာ ကျနော့်ခံစားချက်ကိုပဲ ပြောတာ။ ကျနော် သေချာ အကြောင်းအရာတွေကို မသိဘူး။ ဒါပေမဲ့ ကျနော် စိတ်ထဲမကောင်းဘူး။ စိတ်ထဲမကောင်းတာ နာမည်မတပ်နဲ့ ဂျင်မီနဲ့ ဖြိုဇေယျာသော်တို့ ကိစ္စကြောင့် မဟုတ်ဘူး၊ ဒီလူတွေက ကျနော်နဲ့ အင်မတန် ရင်းနှီးခင်မင်တယ်။ ပုဂ္ဂိုလ်စွဲလို့ ထင်နိုင်တယ်။ တခြားလူတွေ ဖြစ်ရင်လဲ၊ ကျနော် အဲဒီအတိုင်းပဲ ခံစားရမှာပဲ။"

အဲဒီတော့ ဆရာကိုစွဲတဲ့ ပုဒ်မနဲ့ ဆရာထောင်တွင်းမှာ တရားစီရင်ရေး ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြောပြပါအုံးရှင့်။

"တရားစီရင်ရေးကတော့ ပြောမယ်ဆိုရင် ပြဿနာက ဘာလဲဆိုတော့ စာဖတ်ကြတာပဲ။ အဲဒါ မဟုတ်လဲ ကျနော်တို့မှာ ငြင်းလို့မရဘူး။ မဟုတ်ပါဘူးလို့ ပြောတယ်။ စောစောက ကျနော် ပြောသလို ခင်များတို့ ကျနော့်ကို လာဖမ်းတာ ဖေဖေါ်ဝါရီလ (၁) ရက်နေ့။ ခင်များတို့ဆွဲတဲ့ ပုဒ်မက ဖေဖေါ်ဝါရီလ (၁) ရက်နေ့ နောက်ပိုင်းကျမှ ထုတ်တဲ့ပုဒ်မ ဥပဒေ။ အဲဒီလို ဆွဲလို့ရသလားလို့ ကျနော် မေးတယ်။ မဟုတ်ဘူး ကျနော့် ဗီဒီယိုဖိုင်က အခုထက်ထိ ရှိနေလို့။ အဲဒါက တရားဝင်မှတ်တမ်းမှာ ရှိလား၊ မရှိဘူးလား ကျနော် မသိဘူး။ ဒါပေမဲ့ ရှိမယ်ထင်ပါတယ်။ နောက်ပြီတော့ ကျနော်ပြောတာ ဦးထင်လင်းဦးက ဗီဒီယို Live လွှင့်ခဲ့တဲ့အတွက် ဖမ်းဆီးခဲ့ပါတယ်။ ကျနော် ချက်ချင်းထကန့်ကွက်ခဲ့တယ်။ မဟုတ်ဘူး ဗီဒီယို Live လွှင့်လို့ ခင်များတို့ လာဖမ်းတာ မဟုတ်ဘူး။ ခင်များတို့ လာဖမ်းလို့ ကျုပ် ဗီဒီယို Live လွှင့်တာ။ ပြောမယ်ဆိုရင် ဒီပြဿနာကို စတာ ခင်များတို့က အရင်လုပ်တာ။ ခင်များတို့ အရင်လုပ်လို့ ကျနော် တုံ့ပြန်တာ။ ဒါပေမဲ့ ဘာဖြစ်လဲ။ မရဘူး။ ကျနော်တို့က အဲဒါကို ဘယ်သူကို သက်သေပြရအုံးမှာလဲ။ ကျနော်တို့အပေါ်မှာ အဲဒီလိုမျိုး backage နဲ့ နောက်ပြန်တရားစွဲဆိုပါတယ်လို့ ကျနော်တို့က ဘယ်သူကိုပြောရမလဲ။ ဘယ်မှာလဲ ကျနော်တို့ဘက် နားထောင်ပေးမယ့် အများပြည်သူ။ ဘယ်မှာလဲ ကျနော်တို့ဘက်ကနေ မှန်၏၊ မှား၏။ အပြစ်ရှိ၏၊ မရှိဘူးဆိုတာကို ဆုံးဖြတ်ပေးမယ့် Jury ခုံအဖွဲ့ ဘယ်မှာလဲ။ အခုကျတော့ ဘာလဲဆိုတော့ စွဲဆိုတဲ့ တရားစွဲဆိုတဲ့ တရားလိုရှေ့နေကလဲ ပြောမယ်ဆိုရင် လက်ရှိစစ်ကောင်စီအစိုးရရဲ့ လက်အောက်မှာရှိတဲ့ တရားရေးအဖွဲ့အစည်း၊ Jury မရှိဘူး။ တရားသူကြီးဆိုတဲ့ အဖွဲ့အစည်းကလည်း လက်ရှိ ဒီအောက်မှာပဲ ရှိတယ်။ ဘယ်မှာလဲ ကျနော်တို့အတွက် မျှတတဲ့ တရားစီရင်ရေး။"

အဲဒီတော့ ဆရာကို အဓိက ချလိုက်တဲ့ပုဒ်မ။ ဘယ်ပုဒ်မ စွဲချက်တင်ပြီး၊ ဘယ်အချိန်လောက်မှာ ချလိုက်တာလဲ။

"ကျနော်ထင်တယ် ရက်တွေကတော့ သေချာမမှတ်မိတော့ဘူး။ မတ် ၂၉ လောက် ဖြစ်မယ်"

အဲဒီလို ချလိုက်တော့ အဓိက ဘာပုဒ်မတွေ တပ်လဲ။

"ပုဒ်မ ၅၀၅-ဃ"

ဆရာ လွတ်လာပြီဆိုတော့ အခုလို အခြေအနေမှာ အနာဂတ်အတွက်ကို ဘာတွေများ လုပ်သွားမယ်လို့ စဉ်းစားထားပါလဲရှင့်။

"ကျနော် လုပ်မယ့်အလုပ်က၊ ကျနော် အရင်လုပ်နေတဲ့ အလုပ်တွေပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီထက်လဲ ဘာမှတိမ်းစောင်းပြောင်းစရာ မရှိဘူး။ ကျနော်က ဒီလမ်းကြောင်းကို မလျှောက်ခင်ကတည်းက ပြောခဲ့သလိုပဲ၊ ငါ လျှောက်မယ့်လမ်းက မှန်ရဲ့လားလို့ အမြဲကြည့်တယ်။ ငါ သွားမယ်လမ်းက မှန်ရဲ့လား။ ကျနော် အမြဲတမ်းကြည့်တယ်။ မှန်ပြီဆိုတဲ့အချိန်မှာ ကျနော် လျှောက်တယ်။ ကျနော် မှန်ပါပြီလို့ ဆုံးဖြတ်ပြီး လျှောက်တဲ့အချိန်မှာ ပြန်လှည့်စရာကို မရှိတာ။ ပြောချင်တာက ကျနော် အခုလုပ်နေတဲ့ကိစ္စတွေက ကျနော့် တဘဝတည်းအတွက် လုပ်နေတာ မဟုတ်ဘူး။ ကျနော့်သားနဲ့ရွယ်တူ ကလေးတွေ၊ တနိုင်ငံလုံးက ကျနော့်သားနဲ့ရွယ်တူ ကလေးတွေ၊ ကျနော့်သားနဲ့ရွယ်တူ ကလေးတွေက မွေးလာမယ့် နောက်ထပ်မျိုးဆက် Generation - သူတို့တွေ သူတို့အိမ်မှာ စိတ်ချလက်ချ အိပ်ကြပါစေ။ နောက်နေ့မနက်မှာ ငါတို့ကို ဘယ်အာဏာသိမ်းတဲ့ အစိုးရက လာဖမ်းမလဲဆိုတဲ့ ခံစားချက်နဲ့ အိပ်ရေးမပျက်ကြပါစေနဲ့ အဲဒီအတွက် ကျနော် လုပ်နေတယ်။ ကျနော် ဆက်လျှောက်မယ့်လမ်းက လူတိုင်းလူတိုင်းသည် လွတ်လပ်စွာ၊ ပြောဆို၊ နေထိုင်၊ ရေးသား၊ လုပ်ကိုင်၊ စားသောက်၊ ယုံကြည်ကိုးကွယ်၊ နေထိုင်ပိုင်ခွင့်။ ကိုယ့်အိမ်မှာကိုယ် စိတ်အေးချမ်းသာစွာ ဘယ်အစိုးရဆိုတဲ့ လူတွေရဲ့ ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း ဆိုတာတွေကိုမှ စိုးရိမ်စရာ မလိုဘဲနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်တဲ့ဘဝ နေနိုင်ကြဖို့အတွက် ကျနော် ကြိုးစားခဲ့ပါတယ်။ အခုလည်း ကြိုးစားပါမယ်။ နောင်လည်း ကြိုးစားပါမယ်။"

ဆရာထင်လင်းဦး ပြောသွားသလိုပါပဲ မြန်မာပြည်သူအားလုံး ဖိနှိပ်အုပ်ချုပ်မှုအောက်ကနေ လွတ်မြောက်နိုင်ကြပါစေ။ နောက်တပတ်မှာတော့ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်အတွင်း အဆိုးရွားဆုံးဖြစ်ရပ်တွေထဲက၊ လက်ယက်ကုန်း စာသင်ကျောင်းကို စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ (၇) တန်း ကျောင်းသားတဦးရဲ့ ဖခင်ဖြစ်သူ ရင်တွင်းပြောကြားချက်တွေကို နားဆင်ရမှာပါ။ မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်ကို နားဆင်တဲ့အတွက်ကျေးဇူးပါ။ ကျမ အင်ကြင်းနိုင်ပါရှင်။

===== Unicode =====
















