လပွတ္တာ စက်လှေမှောက်၊ လူ ဒါဇင်နဲ့ချီ သေဆုံး

လပွတ္တာ စက်လှေမှောက်၊ လူ ဒါဇင်နဲ့ချီ သေဆုံး

ဧရာဝတီတိုင်း လပွတ္တာမြို့နယ် စလူဆိပ်ရွာကနေ မိချောင်းအိုင်ရွာ ကျောင်းသားအားကစားပွဲကို သွားတဲ့ စက်လှေ မှောက်ခဲ့တာကြောင့် အနည်းဆုံး ကျောင်းသားနဲ့ ဆရာမ ၁၈ ယောက် သေဆုံးခဲ့ပါတယ်။ စက်လှေပေါ်မှာ လူ ၅၀ ကျော်လောက် လိုက်ပါလာတာဖြစ်ပြီး အခုနောက်ဆုံး သတင်းရရှိတဲ့ အချိန်အထိတော့ လူ ၃၀ ကျော်လောက် ပျောက်ဆုံးနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ကျောင်းသားအားကစားပွဲတော်ကို သွားတဲ့ စက်လှေဟာ မနက် ၇ နာရီကျော်လောက်မှာ လပွတ္တာမြို့နယ် စလူဆိပ်ကျေးရွာက ထွက်လာတာဖြစ်ပြီး ၈ နာရီလောက်မှာ ပဒဲကောရွာရှေ့မှာ မှောက်သွားတာ ဖြစ်ပါတယ်။ စက်လှေ တိမ်းမှောက်သွားတာကြောင့် အနည်းဆုံး ဆရာမနဲ့ ကျောင်းသား ၁၀ ယောက်ကျော် သေဆုံးခဲ့တယ်လို့ လပွတာ မြို့ခံတယောက်က အခုလို ပြောပါတယ်။

“စလူဆိပ်ကနေ ကျောင်းသားအားကစားပွဲကို သွားတာ၊ အားကစားပွဲက မိကျောင်းအိုင်မှာ လုပ်တာ။ မနက် ၇ နာရီက ထွက်လာတယ်။ အယောက် ၄၀ ကျော်လောက်ပါတယ်။ ပဒဲကောရွာက အထွက်မှာ စက်လှေက အသစ်ဆိုတော့ ဝမ်းလုံးနေတယ်၊ ဝမ်းဗိုက်က ပေါက်သွားတယ်။ ပဒဲကောရွာရှေ့မှာ စက်လှေမှောက်တာ။ အလောင်း ၁၀ လောင်းကျော်ကျော်တော့ ရထားတယ်။ ကျောင်းသူ ကျောင်းသားတွေ၊ အဲဒီမှာ ဆရာမ ၂ ယောက်ပါတယ်။ မအူပင်က ဆရာမ တယောက်ရယ်၊ စလူဆိပ်က ဆရာမတယောက်ရယ်။ ၃၀ ကျော်လောက် ပျောက်နေတယ်။”

စက်လှေမှောက်တဲ့ နေရာကိုတော့ လပွတ္တာမြို့က ကယ်ဆယ်ရေး အဖွဲ့တဖွဲ့က သွားရောက် ကူညီနေတယ်လို့ သူက ဆက်ပြောပါတယ်။
အခြား ဒေသခံ တယောက်ကတော့ အလောင်း ၁၈ လောင်း ရထားပြီလို့ ပြောပါတယ်။

“လူ ၃၀ လောက် ပျောက်နေတယ်လို့ သိရတယ်။ ၃ နာရီ ၄၀ မှာ ၁၈ လောင်း ရထားပြီးပြီလို့ သိတယ်။ ဆရာမတယောက်လည်း ပါပါတယ်၊ အဲဒီ ၁၈ လောင်းထဲမှာ။”

အခုလို မှောက်သွားတဲ့ စက်လှေဟာ လိုင်းပြေးနေတဲ့ စက်လှေမဟုတ်ဘဲ ပိုက်ချတဲ့လှေ ဖြစ်ပြီး စက်လှေမှောက်ရတဲ့ အကြောင်းကိုတော့ သူက အခုလို ဆက်ပြောပါတယ်။

“စက်လှေကတော့ ပိုက်စက်လှေပေါ့။ လိုင်းသမားတော့ မဟုတ်ဘူး။ စက်လှေက ကျောင်းသားတွေ သွားမယ်ဆိုတော့ ဝန်ပေါပေါ့၊ ဝန်ပေါဆိုတဲ့အတိုင်း အမိုးပေါ်တက်တဲ့လူလည်း ရှိမယ်။ စက်လှေက ရေဆွယ်မှာ အရှိန်မလျှော့တဲ့ အခါကြတော့ မှောက်သွားတာပေါ့။ စက်လှေရဲ့ဦးကို ရေနဲ့ထိုးပြီးတော့ ထိုးဖောက်သွားတဲ့ သဘောမျိုးပေါ့။ အဲဒီအချိန်မှာ လေဆန်တယ် ဆိုတာကတော့ ဟုတ်ပေမဲ့ လေကြောင့် မှောက်တာတော့ မဟုတ်ဘူး။”

စက်လှေမှောက်တဲ့ နေရာဟာ လပွတ္တာမြို့ကနေ စက်လှေနဲ့ ၄ နာရီခရီးလောက် ကွာဝေးတဲ့ နေရာမှာ ဖြစ်တာလို့ ဆိုပါတယ်။

အခြေအနေ အသေးစိတ် သိနိုင်ဖို့ လပွတ္တာ ရဲစခန်းကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလ အတွင်းကလည်း ပုသိမ်မြို့ကနေ သက်ကယ်သောင်သွားတဲ့ နေမျိုးထွန်းကြီးခေါ် သင်္ဘော နစ်မြုပ်ခဲ့တာကြောင့် အနည်းဆုံး လူ ၃၀ ကျော် သေဆုံးခဲ့ရဖူးပါတယ်။