လတ်တလောဖြစ်ပေါ်နေတဲ့ ဘဏ် ငွေကြေးဂယက်ရိုက်မှုနဲ့ပတ်သတ်ပြီး ပြည်သူတွေ မစိုးရိမ်ကြဖို့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌက ပြောကြားလိုက်သလို၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း စိုးရိမ်ပူပန်စရာ မလိုကြောင်းပြောဆိုခဲ့တာပါ။ ဒီလို ငွေကြေးဂယက်ရိုက်မှုရဲ့နောက်ကွယ်မှာ ခရိုနီစီးပွားရေး လုပ်ငန်းရှင်တချို့ရဲ့ လှုံ့ဆော်မှုတွေ ရှိနိုင်ကြောင်း စီးပွားရေးပညာရှင်တချို့က သုံးသပ်ပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
ဘဏ်တွေမှာ ငွေချေးထားကြတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ဘဏ်ကိုအကြွေးပြန်မဆပ်နိုင်ပဲ ဖြစ်နေရာက ငွေအပ်နှံထားသူတွေ ဘဏ်တွေအပေါ် အယုံအကြည်နည်းလာပြီး မိမိတို့ငွေကို ပြန်ထုတ်ကြရင်း အခေါက်ရွှေ ဝယ်ယူစုဆောင်းတာ လုပ်လာကြပါတယ်။ ဒါကြောင့်လည်း ပြည်တွင်း အခေါက်ရွှေ ဈေးနှုန်းဟာ မကြုံဖူးလောက်အောင် စက်တာဘာ ၆ ရက်သောကြာနေ့က တကျပ်သားကို (၁၃)သိန်းအထက် အထိဖြစ်သွားသလို၊ အမေရိကန်တဒေါ်လာ ဈေးဟာလည်း ၁၅၅၀ ဝန်းကျင်အထိ ဖြစ်ခဲ့ပါတယ်။
ဒီလို မတည်မငြိမ် ဖြစ်နေတာကြောင့် ဘဏ်တွေနဲ့ပတ်သက်ပြီး လတ်တလော ထွက်ပေါ်နေတဲ့သတင်းတွေအပေါ် စိုးရိမ်စရာမလိုဘူးလို့ မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးမင်းက နေပြည်တော် လွှတ်တော်ပြင်ပမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
“အခု တချို့ပြောနေတာတွေရှိတယ် ဘဏ်ထဲကနေ ငွေထုတ်ပြီးတော့ ရွှေဝယ်နေကြတယ်ဆိုတာတို့ တကယ်တမ်းကျတော့ ငွေသုံးတဲ့အဖွဲ့အစည်းဆိုတော့ ငွေတွေက ဘဏ်မှာ အကုန်လုံး liquidity က ရှိနေပြီးသား။ ပြောရမယ်ဆိုရင် trillion လောက်ကိုရှိတယ်။ အဲဒီတော့ ထုတ်မယ်ဆိုရင်လည်း ဘဏ်တွေအနေနဲ့ ပြဿနာမရှိဘူး။ ဒါကတော့ ဗဟိုဘဏ်က ဘယ်လို ထိန်းကျောင်းနေသလဲဆိုတော့ ဒီဘဏ်တွေရဲ့ ခိုင်မာမှု ၊ တိုးတက်မှုအတွက် အမြဲတမ်း နေ့စဉ်ကို Data တွေရှိပြီးတော့ မော်နီတာလုပ်နေတာဖြစ်တဲ့အတွက် ဘယ်လိုထိန်းကျောင်းနေသလဲဆိုတာကို ထူးထူးခြားခြားပြောစရာမရှိဘူး။ ရွှေဈေးတက်တာက အရင်တုန်းကဆိုရင် အင်တာနယ်ရှင်နယ် market မှာဆိုရင် ၁၂၀၀ ပဲ ရှိတယ်။ အခုဆိုရင် ၁၅၀၀ လောက်ရှိတယ်။ အဲဒီတော့ ၃၀၀ လောက်တက်လာတဲ့အပေါ်မှာ အဲဒီလိုတွက်ကြည့်မယ်ဆိုရင်တော့ ၂ သိန်းခွဲလောက်ကို တက်လာတာရှိတယ် ဒါက ပုံမှန်အတိုင်းပဲ တက်လာတဲ့ကိစ္စကို ဘာကြောင့် ဘဏ်တွေက ငွေထုတ်ပြီးတော့ ဝယ်လို့ ရွှေဈေးတက်တယ်တို့ ၊ ဘဏ်တွေက ငွေထုတ်ပြီးတော့ ဒေါ်လာဈေးတက်တယ်ဆိုတာကတော့ အကြောင်းတရားတခုအနေနဲ့ ပြောတာပဲ ရှိပါတယ်။ တကယ်တမ်းက ဘဏ်တွေမှာတော့ ဒီလောက်ပူစရာလည်း မလိုဘူး ။ ဘဏ်တွေမှာ ငွေက ပြည့်ပြည့်စုံစုံရှိပြီးသား။”
မြန်မာနိုင်ငံမှာ စစ်အစိုးရလက်ထက် ၂၀၀၃ ခုနှစ်ဝန်းကျင်ကလည်း ဘဏ်မှာ အပ်ထားတဲ့ငွေကို အလုအယက် ထုတ်ကြရာက ဘဏ်တွေပြိုလဲခဲ့ရတဲ့ သာဓကတွေ ရှိခဲ့တာပါ။ ပြည်သူတွေစိတ်မပူကြဖို့ အခုလို ဗဟိုဘဏ် ဒုဥက္ကဋ္ဌကပြောပေမဲ့ ဒီအပေါ်မှာ ဘယ်လောက်အထိ ယုံကြည်ရနိုင်ပါသလဲ။ အမေရိကန် ပြည်ထောင်စုနေတဲ့ ဘဏ္ဍာရေးဆိုင်ရာပညာရှင် ဦးကံထွန်းကတော့ ဗဟိုဘဏ်အပေါ်မှာ ယုံကြည်မှုရှိကြောင်း ပြောပါတယ်။
“ဗဟိုဘဏ် ဆိုတာက နိုင်ငံတော်ရဲ့ အဓိကဘဏ်ဖြစ်တယ်။ တာဝန်ရှိတဲ့ သူကပြောတယ်ဆိုတော့ လူထုက ယုံယုံကြည်ကြည်နဲ့ လက်ခံရမှာဖြစ်တယ်။ ဒီလို ကောလဟာလတွေဖြစ်တဲ့အတွက် ရွှေဈေးတွေလည်း ဂယက်ရိုက် သွားတာလေ။ အဲဒီအတွက် တာဝန်ရှိတဲ့ ဗဟိုဘဏ်က ပြန်ပြီးတော့ ဖြေရှင်းချက်ပေးနေပြီ။ နောက်ပြီး အဓိကဖြစ်တဲ့ နိုင်ငံတော်ခေါင်းဆောင် အတိုင်ပင်ခံကလည်း ဒီအတွက်ကို ဘာမှမဖြစ်ဘူး မစိုးရိမ်ပါနဲ့ ဆိုတော့ ဘာမှ ဖြစ်မယ်လို့တော့ ကျနော်မယုံပါဘူး။”
မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ ဘဏ်လုပ်ငန်းနဲ့ ငွေးကြေးကဏ္ဍ တည်ငြိမ်စေဖို့ နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ ဘဏ်တွေအပေါ် လိုအပ်တဲ့ စည်းမျည်း စည်းကမ်းတွေ ထုတ်ပြန်ထိန်းသိမ်းနေကြောင်း ပြည်သူတွေ စိုးရိမ်မှုမရှိကြဖို့ စက်တင်ဘာ ၂ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ ဘဏ်တွေမှာ လိုအပ်ချက် ရှိလာခဲ့ရင် ဗဟိုဘဏ်က အပြည့်အဝ ဖြေရှင်းသွားမယ်လို့လည်း ကတိပေးခဲ့ပါတယ်။ အခုလို ဘဏ်နဲ့ ငွေကြေးကဏ္ဍ မတည်မငြိမ်ဖြစ်လာရ တာဟာ စီးပွားရေးလုပ်ငန်းရှင်ကြီးတချို့ရဲ့ ပရောဂ မကင်းဘူးလို့ ဦးကံထွန်းက သုံးသပ်ပါတယ်။
“တဖက်က စီးပွားရေးကို အမြတ်ထုတ်မယ့်လူတွေ ခရိုနီလို့ပဲ ဆိုရမှာပေါ့ ။ မကြာသေးခင်က သတင်းတခုက ကျနော်ကြားတာဆိုရင် ခရိုနီတွေက နိုင်ငံခြားမှာ ဘဏ်တွေမှာ ငွေတွေအပ်ထားတယ်။ အဲဒါတွေကို ငွေဖြူလုပ်ဖို့ ကြိုးစားတဲ့သဘောရှိတဲ့အတွက် အစိုးရက အဲလိုလုပ်လာရင် တိုင်ကြပါ အရေးယူမယ်ဆိုတော့ သူတို့ကို တဖက်ဖက်က ထိခိုက်မယ်လေ ။ အဲဒီတော့ သူတို့က အစိုးရရဲ့ စီးပွားရေးကို အနောက်ယှက်ဖြစ်အောင် လုပ်တယ်လို့ ကျနော်မြင်တယ်။ ဒီအချိန်မှာ စီးပွားရေးကစားသူတွေ ရွှေကစားသူတွေက ဝင်ပြီးတော့ ပွဲလန့်ဖျာခင်း လုပ်တယ်လို့ပဲ ကျနော်မြင်တယ်။
ဒီအတောတွင်း ဘဏ်ကိစ္စနဲ့ပတ်သက်လို့ ပြည်သူတွေ စိုးရိမ်စရာမလိုကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စက်တင်ဘာ ၅ ရက်တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း ပြည်တွင်းသတင်းတွေမှာ ဖေါ်ပြပါတယ်။ ဒါပေမဲ့လည်း လက်ရှိငွေကြေး မတည်ငြိမ်မှုတွေ ဆက်ဖြစ်နေရင် သာမန်ပြည်သူတွေအပေါ် ဆိုးကျိုးသက်ရောက်လာမှာကို စိုးရိမ်မိကြောင့် ရန်ကုန်မြို့ အိမ်ရှင်မတဦးက ပြောပါတယ်။
“လူတွေက ကောလဟာလတွေကြောင့် ဘဏ်တွေမှာ အပ်ထားတဲ့ ငွေတွေ ပြန်ထုတ်ကြတယ်။ ပြီးတော့ ရွှေတွေဝယ်ကြတယ်။ ရွှေဈေးလည်း တက်တယ်။ ဒေါ်လာဈေးတွေလည်း တက်တယ်။ ဒါတွေ တက်တဲ့အတွက် ကျမတို့ အခြေခံလူတန်းစားတွေအတွက်ကတော့ အခြေခံစားသောက်ကုန်ဈေးလည်း တက်လာမယ်ပေါ့ ။ ဆိုတော့ ဒီကိစ္စကြီး ကြာကြာဖြစ်နေရင်တော့ အောက်ခြေလူတန်းစားတွေ ဒုက္ခရောက်နိုင်မယ်လို့ ထင်တယ်ပေါ့။”
မြန်မာနိုင်ငံဗဟိုဘဏ်က ၄လတကြိမ် ထုတ်ပြန်တဲ့ ဘဏ္ဍာရေးဆိုင်ရာသတင်းအရ ၂၀၁၈ ဒီဇင်ဘာ နှစ်ကုန်ပိုင်းအထိ နိုင်ငံတော်ဘဏ်နဲ့ ပုဂ္ဂိလကဘဏ် တွေမှာ အပ်နှံထားငွေပေါင်း ကျပ်(၄၂,၄၄၉)ဘီလျံကျော်ရှိပြီး အရင်သုံးလထက်စာရင် ကျပ်ဘီလျံ ရာဂဏန်းကျော် ပိုပြီအပ်နှံလာကြတယ်လို့ ဆိုပါတယ်။
ကမ္ဘာမှာ ရွှေဈေးတက်နေပြီး၊ ကုန်သွယ်ရေးစစ်ပွဲကြောင့် အမေရိကန်ဒေါ်လာအပေါ် အယုံအကြည်နည်းလာနေပါတယ်။ စက်တင်ဘာ ၆ ရက်ညနေ ကမ္ဘာ့ အနောက်ဘက်ခြမ်း ဈေးကွက်မှာ ရွှေတစ်အောင်စကို (၁,၅၀၇)ဒေါ်လာ ဈေးပေါက်ခဲ့ပါတယ်။
Your browser doesn’t support HTML5