ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံအကြား ဖွဲ့စည်းဖို့သဘောတူထားတဲ့ လုပ်ငန်းအဖွဲ့နဲ့ပတ်သက်တဲ့ သတ်မှတ်ချက်တွေနဲ့ လုပ်ထုံးလုပ် နည်းတွေကို အပြီးသတ်ရေးဆွဲဖို့ နိုဝင်ဘာလ ၃၀ ရက်နေ့ကို နောက်ဆုံးသတ်မှတ်ထားတယ်လို့ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan က ကြာသပတေးနေ့မှာပြောပါတယ်။
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာခိုလှုံနေတဲ့ ဒုက္ခသည်တွေကို ပြန်ပို့ရေးကိစ္စ မြန်မာ ပြည်ထဲရေးဝန်ကြီးနဲ့ ဆွေးနွေးဖို့ သွားရောက်ခဲ့တဲ့ နှစ်ရက်ကြာခရီးစဉ်ကနေ ပြန်အရောက်မှာ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီးက သတင်းထောက်တွေကို အဲဒီလိုပြောတာပါ။
ပူးတွဲအလုပ်အဖွဲ့ရဲ့ သတ်မှတ်ချက်တွေနဲ့ လုပ်ထုံးလုပ်နည်းတွေကို ရေးဆွဲတဲ့အခါ ကိုဖီ အာနန်ဦးဆောင်တဲ့ အကြံပေးကော်မရှင် ရဲ့ အကြံပြုချက်တွေနဲ့ ကုလသမဂ္ဂကအဆိုပြုထားတဲ့ အချက်ငါးချက်ကို ထည့်သွင်းစဉ်းစားပြီး ရေးဆွဲသွားမယ်လို့ ဘင်္ဂလား ဒေ့ရှ်ပြည်ထဲရေးဝန်ကြီး ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ဒုက္ခသည်တွေကို ပြန်ခေါ်မယ်ဆိုတာ မြန်မာပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက သူ့ကို အာမခံပြောဆိုခဲ့တယ်လို့လဲ ဝန်ကြီး Asaduzzaman ကပြောပါတယ်။ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဝန်ကြီး Asaduzzaman ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လဲ တွေ့ဆုံခဲ့ပါတယ်။
ဒီအတောအတွင်းမှာပဲ အာရှရေးရာဆိုင်ရာ တရုတ်အထူးသံတမန် Sun Guoxiang ဟာ ဗုဒ္ဓဟူးနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွား ရောက်ပြီး ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေနဲ့ ဒုက္ခသည်အရေး တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီအခြေအနေဟာ ဒေသတွင်းအတွက် ကောင်းတဲ့အခြေအနေမဟုတ်ဘဲ ငြိမ်းချမ်းစွာဖြေရှင်းစေချင်ပြီးတော့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား ဖြေရှင်းစေချင်တဲ့ အကြောင်း တရုတ်အထူးသံတမန်က ပြောခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Md Shahidul Haque ကပြောပါတယ်။
Your browser doesn’t support HTML5