ဘင်္ဂလားဒေ့ရှ်နဲ့ အငြင်းပွား ရေပိုင်နက်ကိစ္စ နိုင်ငံတကာ ခုံရုံးကသာ ဆုံးဖြတ်ခွင့်ရှိ

ဘင်္ဂလားဒေ့ရှ်နဲ့ အငြင်းပွား ရေပိုင်နက်ကိစ္စ နိုင်ငံတကာ ခုံရုံးကသာ ဆုံးဖြတ်ခွင့်ရှိ

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံအကြားမှာ ရေပိုင်နက် အငြင်းပွားမှုကို ဂျာမဏီနိုင်ငံ ဟမ်းဘာ့ဂ်မြို့က ပင်လယ်ပြင် ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံးမှာ ဒီလ ၈ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ကြားနာစစ်ဆေးနေပြီး ဒီကနေ့မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့က အပြီးသတ် ထွက်ဆိုခဲ့ပါတယ်။ အဲဒီ ကြားနာမှုအတွင်း ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်တွေက ၁၉၇၄ ခုနှစ် ရေပိုင်နက် သတ်မှတ်ချက် သဘောတူညီမှုကို အထောက်အထား အနေနဲ့ အခိုင်အမာ ရှင်းလင်း ပြောဆိုခဲ့တာ တွေ့ရပါတယ်။ နိုင်ငံတကာခုံရုံးက ဒီအမှုကို ကြားနာပေးတာဟာ မှန်ကန်တဲ့ အရေးယူမှု ဖြစ်တယ်လို့ အငြိမ်းစား ရေတပ်ဗိုလ်ချုပ် ဦးချစ်လှိုင်က ပြောပါတယ်။ သူက အဲဒီ သဘောတူညီချက်ကို ၁၉၇၄ ခုနှစ်က မြန်မာနိုင်ငံကိုယ်စား လက်မှတ်ရေးထိုးခဲ့သူပါ။ အငြိမ်းစား ရေတပ်ဗိုလ်ချုပ် ဦးချစ်လှိုင်ကို ဘန်ကောက်ကနေ ဒေါ်ခင်စိုးဝင်းက ဆက်သွယ် မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် ကိစ္စမှာ သူတို့က ၁၉၇၄ ခုနှစ်က သဘောတူညီချက်ကို ဗိုလ်ချုပ်ကိုယ်တိုင် လက်မှတ်ရေးထိုးထားတယ်လို့ ပြောပါတယ်။ အဲဒါလေး မှတ်မိသလောက်လေး နည်းနည်း ပြောပြပေးပါ။

“International Law အတိုင်း အဆိုရှိတာကိုး။ သူက Enclave ဖြစ်နေတာကိုး။ သူက နည်းနည်း ဟိုက်နေတာပေါ့လေ၊ ကမ်းရိုးတန်းက။ ကမ်းရိုးတန်းက ဟိုက်နေတော့ အဲဒါကို Mid Point, Mid Section ယူရတာပဲ။ ကျနော်တို့က မြင်ရတဲ့ Land Point ကနေပြီးတော့ Equildistance ယူရတာကိုး။ ဖြစ်ပုံက ဘင်္ဂလားဒေ့ရှ်ရဲ့ Position က ခက်တာက မြန်မာပြည်နဲ့ အိန္ဒိယကြားမှာရှိတယ်။ အိန္ဒိယ Territorial Sea ကို သတ်မှတ်တဲ့ မျဉ်းကြောင်းနဲ့ ကျနော်တို့ ဒီဘက်က Territorial Sea သတ်မှတ်တဲ့ မျဉ်းကြောင်းနဲ့ သွားဆုံတဲ့ နေရာက သူတို့အတွက် ကျဉ်းနေတာပေါ့လေ။ အဲဒီတော့ သူတို့က သိပ်တော့ မကျေနပ်ဘူး။ ဒါပေမဲ့ ဥပဒေအတိုင်းဆိုတော့ ဘာမှ သူတို့ မငြင်းတော့ဘူး၊ လက်ခံရတာပေါ့။”

ပင်လယ်ပြင်ဆိုင်ရာ ဥပဒေပေါ့၊ Law of the Sea အရဆိုရင် ရေမိုင် ၂၀၀ အထိ သတ်မှတ်ထားတယ်ပေါ့၊ သူတို့ရဲ့ ဇုန်နယ်မြေက။ အခု သူတို့က ၁၃၀ လောက်ပဲရတော့ သူတို့က အဲဒါကို နစ်နာတယ် ဆိုပြီးတော့ ဖြစ်နေတာလေ။

“ဘယ်လောက်ရှိရှိ ဒါ ရေမိုင်ရဲ့ ပြဿနာက ကျနော်တို့နဲ့ အဓိက ဆွေးနွေးတာက ပိုင်နက်နဲ့ ပတ်သက်ပြီး စဉ်းစားတာ။ ပိုက်နက်စဉ်းစားတော့ ပိုင်နက်အနေနဲ့ပဲ စဉ်းစားတယ်။ ဥပမာ Land Lock က ဒီလိုဖြစ်နေတာပေါ့လေ။ အဲဒီမျဉ်းကြောင်းနေရာ ပိတ်နေလို့ ကျနော်ထင်ပါတယ်၊ သူတို့ အခုတောင်းတာ ဒါပဲဖြစ်မယ်။ တောင်းတာလည်း မတရားဘူး ပြောလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တခြားနိုင်ငံတွေ အကုန် ဒီဧရိယာ ရနေတာကိုး။ အဲဒီတော့ သူက အဲဒါကို မရဘူးဆိုတော့ ၂၀၀ ချဲ့တဲ့ ဧရိယာ မရဘူး ဖြစ်နေတာပေါ့။ အဲဒါကို သူတို့ သိပ်မကျေနပ်ဘူးပေါ့။

“မကျေနပ်ပေမဲ့ ဟိုတုန်းက ဥပဒေအရ လက်ခံထားပြီးတော့ အခု ခုံရုံး ပေါ်လာတော့မှ အဲဒီကို တင်တာ။ ကျနော်ဆိုလည်း တင်မှာပါပဲ၊ ကိုယ့်နိုင်ငံကိုယ် ဒါကတော့ ရသင့်တဲ့ အကျိုးကို ရအောင်တော့ လုပ်ဖို့ တာဝန်ရှိတာပေါ့လေ။ အာဏာပိုင်တွေက မဆိုးပါဘူး၊ သူတို့ရဲ့ စိတ်ကူးကလည်း။ ခုံရုံးလာတဲ့အချိန် ခုံရုံးမှာ တင်လိုက်ရင်၊ ခုံရုံး စဉ်းစားလိုက်ရင်၊ ခုံရုံးစဉ်းစားရမယ့် ကိစ္စကို ကျနော်ကလည်း ကြိုပြီးတော့ ပြောဖို့ ခက်ပါတယ်။ သို့သော် ခုံရုံးကို တင်ခြင်းသည် မှန်ကန်သော အရေးယူမှုဖြစ်တယ် ဆိုပြီး ဒါကိုတော့ ကျနော် လက်ခံထားပါတယ်။”

ထွက်ဆိုနေကြပါတယ်၊ နှစ်ဘက် အပြန်အလှန်ပေါ့လေ။ ဒါပေမဲ့ မြန်မာဘက်က ရှေ့နေတွေ ပြောပြတာကတော့ ၁၉၇၄ ခုနှစ် သဘောတူညီချက်ထဲမှာ ဘင်္ဂလားဒေ့ရှ်ဘက်က မတော်မတရား လုပ်ထားတယ်လို့ သူတို့က စွပ်စွဲနေတာ ရှိပါတယ်။ အဲဒီတော့ ဗိုလ်ချုပ်အနေနဲ့ ဒီအမှုကို နှစ်နိုင်ငံ တရားမျှမျှတတ ဖြစ်သွားလိမ့်မယ်လို့ ထင်ပါသလားရှင့်။

“ကျနော်ထင်တာက ခုံရုံးရှိတော့၊ ခုံရုံးက နိုင်ငံ ၉ နိုင်ငံပဲ၊ နည်းတာမဟုတ်ဘူး၊ တကယ့် Jurists တွေပဲလေ။ Jurists တွေဆိုတော့ သူတို့ကျတော့ ကျနော်တို့က Technician အနေနဲ့ သွားတာ။ Technician အနေနဲ့ လုပ်တာက လိုင်းဆွဲတာပဲ။ လိုင်းဆွဲတာကို ကျနော်တို့က အခြေအနေ ပေးထားတဲ့အတိုင်း လိုင်းဆွဲထားတယ်။ အဲတော့ သူက ကျနော့်ကို အဲဒီအထဲက တင်ပြပါတယ်။ သူတို့တင်ပြတာ၊ ဆွေးနွေးတုန်းက၊ ဒီဟာက ရှေ့ကို ထွက်နေပါတယ် ဆိုတဲ့ သဘောတော့၊ ရှေ့ကို တဖြည်းဖြည်း ကမ်းရိုးတန်းက ကျယ်လာပါမယ်တဲ့။

“ဆိုတော့ ကျယ်တဲ့အခါကျတော့လည်း ပြန်တွေ့ ရတာပဲဗျာလို့ ကျနော် ဒါပဲ ပြောခဲ့တယ်။ တချိန် ပြန်တွေ့ကြတာပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ ဒါတွေက အမြဲ Fix လုပ်ထားမယ့် ဟာတွေလို့ ကျနော် မပြောပါဘူးလို့။ ကျယ်တော့ ပြန်စဉ်းစားကြတာပေါ့လို့ ပြောတော့ သူတို့လည်း ဒီအတိုင်းပဲ လက်ခံထားခဲ့တာပဲ။”

အငြိမ်းစား ရေတပ်ဗိုလ်ချုပ် ဦးချစ်လှိုင်ကို ဒေါ်ခင်စိုးဝင်း ဆက်သွယ် မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ မြန်မာကိုယ်စားလှယ် အဖွဲ့ဘက်ကတော့ စက်တင်ဘာလ ၂၄ ရက်၊ စနေနေ့မှာ အပြီးသတ် လျှောက်လဲရမှာ ဖြစ်ပါတယ်။

အသက် ၈၈ နှစ်အရွယ် အငြိမ်းစား ရေတပ်ဗိုလ်ချုပ် ဦးချစ်လှိုင်ဟာ မဆလခေတ် နှောင်းပိုင်းမှာ နိုင်ငံခြားရေး ဝန်ကြီးတာဝန် ယူခဲ့ပြီး ဗဟိုအာဏာပိုင် အဖွဲ့ဝင် အဖြစ်နဲ့ ၈၈ အရေးအခင်းအပြီး အနားယူခဲ့သူ ဖြစ်ပါတယ်။ အခုလောလောဆယ် တစည တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီရဲ့ နာယကတာဝန် ယူထားပါတယ်။