ဒေါ်စု စနေနေ့ လွတ်မည်ဟု အန်အယ်လ်ဒီ မျှော်လင့်

ဒေါ်စု စနေနေ့ လွတ်မည်ဟု အန်အယ်လ်ဒီ မျှော်လင့်

ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတဲ့ နေအိမ်အကျယ်ချုပ် ၁ နှစ်ခွဲဟာ လာမယ့် စနေနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ပြည့်မှာဖြစ်ပါတယ်။ ဒါကြောင့် အခုတခေါက် လွတ်ရက်စေ့ရင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာလိမ့်မယ်လို့ တော်တော်များများ က မျှော်လင့်နေကြတာပါ။

ဒေါ်အောင် ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေလည်းဖြစ်၊ NLD ပါတီ ပြောခွင့်ရသူလည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းကလည်း ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာလိမ့်မယ်လို့ သူ့အနေနဲ့ ယုံကြည်တဲ့အကြောင်း အခုလို ပြောခဲ့ပါတယ်။

“ကျနော်တို့ လုံး၀ ယုံကြည်တယ်။ အပြစ်ဒဏ်ကျခံရတဲ့ ပုဂ္ဂိုလ်တဦးဟာ ကျခံရမယ့်ပြစ်ဒဏ် ကုန်ဆုံးသွားရင် လွတ်မြောက်ရမှာ။ ဒါသဘာဝပဲ။ ဘာဥပဒေမှတောင် ညွှန်းစရာ မလိုပါဘူး။ အဲ့ဒါကြောင့် ၁၃ ရက်နေ့မှာ ပြည့်သွားတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရမှာ ဖြစ်ပါတယ်။”

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထူးအယူခံအမှုကို ဒီကနေ့ နေပြည်တော်တရားရုံးချုပ်က ပယ်ချလိုက်တာနဲ့ပတ်သက်ပြီး ဒါဟာ လာမယ့် စနေနေ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာမယ့်ကိစ္စအပေါ် ထိခိုက်မှု မရှိနိုင်ဘူးလို့လည်း ဦးဉာဏ်ဝင်းက ဆက်ပြောခဲ့ပါတယ်။

“ကျနော်တို့အမြင်တော့ လုံး၀ ထိခိုက်မှုမရှိဘူး။ အယူခံပယ်တာက အောက်ရုံးပြစ်ဒဏ် အတည်ပြုတာ။ ဒေါ်အောင်ဆန်းစုကြည် အခု လွတ်မြောက်ရမယ့် ၁၃ ရက်နေ့က ပြစ်ဒဏ်ကာလ ကုန်ဆုံးတာ။ ဘာမှ မသက်ဆိုင်ဘူးလို့ ကျနော်တို့ နားလည်ပါတယ်။”

အန်အယ်လ်ဒီပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၇) ရက် ရွေးကောက်ပွဲမတိုင်ခင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ကို ဦးဉာဏ်ဝင်းတို့က တောင်းဆိုထားပေမဲ့ အခုထိတော့ အာဏာပိုင်တွေဘက်က တုံ့ပြန်တာမရှိသေးဘူးလို့လည်း ဦးဉာဏ်ဝင်း က ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မကြာခင် ပြန်လွတ်လာတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားအငယ်ဆုံး ကိုထိန်လင်း ဟာ သူ့မိခင်နဲ့တွေ့ဖို့အတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိနေပြီး မြန်မာသံရုံးမှာ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားထားပါတယ်။ ကိုထိန်လင်း ဟာ သူ့မိခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂၀၀၀ ခုနှစ်က နောက်ဆုံးတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၁ နှစ်တာကာလအတွင်းမှာ ၁၅ နှစ်လောက်က နေအိမ်အကျယ်ချုပ်ဘဝနဲ့ ထိန်းသိမ်းခံခဲ့တာရတာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း သူ့ကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကရော အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံကပါ တောင်းဆိုနေတာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်မှာတုန်းကတော့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း ကနေ တရားရုံးက ပြဌာန်းထားတဲ့ သက်တမ်းကုန်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်မှာပါလို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေကို ပြောဆိုခဲ့ဖူးပါတယ်။