ဘင်္ဂလားဒေရှ့်ဘက်ကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဘေးကင်း လုံခြုံမှု ရှိရှိ၊ လူ့ဂုဏ်သိက္ခာနဲ့ အညီ ဌာနေပြန်ခွင့်၊ နောက် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေ ပေးအပ်ခွင့်တွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ တိုက်တွန်း ပြောဆိုပါတယ်။
ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာက အရှေ့တောင်အာရှ နိုင်ငံများ အသင်း ထိပ်သီၤးညီလာခံ အတွင်း ကုလအတွင်းရေးမှူးချုပ်က အခုလို တိုက်တွန်းခဲ့တာလို့ ကုလရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ တဆက်တည်းမှာဘဲ ဒီကနေ့ မနီလာမှာ ကျင်းပတဲ့ အာဆီယံ - ကနေဒါ ထိပ်သီးညီလာခံမှာလည်း ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒူးကလည်း ဘင်္ဂလားဒေရှ့်ဘက် ရောက်ရှိနေတဲ့ မူဆလင်တွေ ဌာနေပြန်နိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောဆိုသွားပါတယ်။
"အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရသူတွေ ဘေးကင်းလုံခြုံမှုရှိရှိနဲ့ ဌာနေပြန်နိုင်ရေး အတွက် မြန်မာ၊ ဘင်္ဂလားဒေရှ့် အစိုးရတွေနဲ့ ကနေဒါ နိုင်ငံက ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်သလို၊ လက်ရှိ ဖြစ်နေတဲ့ ပြသနာတွေ ပြေလည်ဖို့၊ ရေရည်တည်တံ့တဲ့ ဖြေရှင်းချက်တခု ရနိုင်ရေး အာဆီယံ နိုင်ငံတွေရဲ့ လူသားချင်းစာနာထောက်ထားမှု၊ နိုင်ငံရေးအရ ကြိုးပမ်းမှုတွေကိုလည်း ကနေဒါက ဆက်ပြီး ထောက်ခံသွားမယ်လို့ ကနေဒါ ဝန်ကြီးချုပ် ပြောဆိုခဲ့တာပါ။"
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့် တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ ကနေဒါ ဝန်ကြီးချုပ်က ဒီပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးကို အထောက်အကူ ဖြစ်စေမယ့် ရခိုင်အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အလေးထား ဆောင်ရွက်ဖို့ အရေးကြီးတဲ့ အချက်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ မနီလာမြို့တော်က အာဆီယံ ထိပ်သီး ဆွေးနွေးပွဲတွေ အတွင်း ဒီကနေ့မှာတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson နဲ့လည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် အစည်းအဝေးတွေ ပြင်ပမှာ သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံ နေပြည်တော်ကို မနက်ဖြန် လာရောက်ဖို့ ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးရဲ့ ခရီးစဉ် အတွင်းမှာလည်း ရိုဟင်ဂျာ အရေး ဆွေးနွေးမယ်လို့ ခန့်မှန်းထားကြပါတယ်။
Your browser doesn’t support HTML5