အာဏာသိမ်းထားတဲ့ မြန်မာ့နိုင်ငံရေး လမ်းဆုံး၊ လမ်းသေကိုရောက်နေ (စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး)

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan

၂ နှစ်ကြာခဲ့ပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်းခဲ့ပြီး ခုသွားနေတဲ့ လမ်းဟာ လမ်းဆုံး၊ လမ်းသေဖြစ်တယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၊ ထုတ်လုပ်မှု ကွင်းဆက် ကော်မီတီ ရဲ့ ဒီကနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ အစည်းအဝေး မှာ မစ္စတာ Vivian Balakrishnan က အလုပ်သမားပါတီက လွှတ်တော်အမတ် Sylvia Lim ရဲ့ မေးခွန်း ကို ဖြေကြားရင်း အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ နိုင်ငံ ပြန်လည်တည်ဆောက်ရေး၊ အမျိုးသား အမှတ်လက္ခဏာ ချမှတ်ရေး၊ လူနည်းစု ကာကွယ်ရေး၊ စီးပွါး‌ရေး နဲ့ ပြည်သူလူထု ရဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေးတွေ ဆောင်ရွက်ပေးနိုင်တဲ့လမ်းကို အာဏာသိမ်းခြင်းအားဖြင့် ပေါက်မသွားနိုင်ဘဲ၊ လက်ရှိလမ်းဟာ လမ်းဆုံးလမ်းသေဖြစ်တယ်လို့ သူက ပြောခဲ့တာပါ။ နိုင်ငံခြားရေး ဝန်ကြီး က မြန်မာ့ သမိုင်းကိုလည်း ပြန်လည် ညွှန်းဆို ပြောသွားခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ် ကတည်းက မြန်မာ နိုင်ငံ ဟာ ပါဝင်နေတဲ့ အစိတ်အပိုင်း အသီးသီးကို အတူတကွဖြစ်အောင် လုပ်ဆောင်ပြီး National Idendity ခေါ် နိုင်ငံရဲ့ အမှတ်လက္ခဏာ သတ်မှတ်ရာမှာ သဘောတစ်ခုတည်းဖြစ်အောင် မဆောင်ရွက်နိုင်ခဲ့တဲ့အချက်ကိုလည်း မစ္စတာ Vivian Balakrishnan က ထောက်ပြသွားပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ကြေကွဲဝမ်းစရာ အခြေအနေ ဖြစ်ပေမယ့် ပြည်တွင်းရေးကိစ္စကို ပြည်ပကဝင်ရောက်စွက်ဖက် ဖြေရှင်းပေးနိုင်မယ်လို့ စင်္ကာပူက မယုံကြည်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ မြန်မာ လူ့အဖွဲ့အစည်းအတွင်း ပါဝင်နေကြတဲ့ အဓိက ပါဝင်ပတ်သက်သူတွေ ကိုယ်တိုင်က မြန်မာပြည်သူတွေ ရဲ့ အနာဂတ်အတွက် စာပွဲဝိုင်းမှာ ထိုင်၊ စစ်မှန် ပွင့်လင်းစွာ စကားပြောဆိုဖို့ ပြင်ပြင်ဆင်ဆင် မရှိသေးဘူးဆိုရင် ပြဿနာကို ကျွန်တော်တို့ ဘာမှ မ‌ဖြေရှင်းနိုင်ပါဘူး လို့ နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

ဒီဇင်ဘာလအတွင်း ထိုင်းနိုင်ငံက လုပ်ခဲ့တဲ့ အစည်းအဝေးမှာ စင်္ကာပူက ဘာလို့ မတက်ခဲ့သလဲ ဆိုတဲ့ မေးခွန်းကို ဖြေကြားရင်း ခုလို သူ့အမြင်ကို ပြောကြားသွားတာ ဖြစ်ပါတယ်။ ထိုင်းအစည်းအဝေးဟာ အာဆီယံအစည်းအဝေး မဟုတ်ဘဲ စင်္ကာပူနဲ့ ချဉ်းကပ်ပုံ မတူတာကြောင့် မတက်ခဲ့တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

[Unicode]




