တရားမဝင်လာရောက်သူ မြန်မာ ၁၉ ဦး ရနောင်းမြို့အနီးမှာ ဖမ်းခံရ

တရားမဝင်လာရောက်သူ မြန်မာ ၁၉ ဦး ရနောင်းမြို့အနီးမှာ ထိုင်းစစ်တပ်ကဖမ်းဆီး (အောက်တိုဘာ ၃၊ ၂၀၂၃)

ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်၊ ကရဘူရီမြို့နယ်၊ အမှတ် ၆၊ ကျောလောပေါကျေး ရွာအနီးမှာ အောက်တိုဘာလ ၂ ရက် နံနက် ၁ နာရီဝန်းကျင်ခန့်က မြန်မာနိုင်ငံကော့သောင်းမြို့ဘက်ကနေ ခိုးဝင်လာသူ မြန်မာ ၁၉ ဦးဟာ ထိုင်းစစ်တပ် အမှတ်၂၅ တပ်ရင်းက တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာ ခံခဲ့ရပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ကနေတဆင့် မလေးရှားနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်ဖို့ တရားမဝင် လာရောက်သူတွေ ရနောင်းခရိုင်၊ ကရဘူရီမြို့နယ်ထဲမှာ ရာက်ရှိနေတယ်လို့ သတင်းရတာကြောင့် ထိုင်းစစ်တပ်အမှတ် (၂၅) ခြေမြန်တပ်ရင်းက တပ်ဖွဲ့ဝင်တွေ ကင်းလှည့်စစ်ဆေး နေရာကနေ မသင်္ကာဖွယ် ပစ်ကပ်ကား ၂ စီးကို တွေ့ခဲ့တာ ဖြစ်ပါတယ်။ စစ်ဆေးဖို့ရပ်တန့်ခိုင်းရာမှာ ကား၂စီးလုံးက အစစ်ဆေးမခံပဲ မောင်းပြေးတာကြောင့် လိုက်လံဖမ်းဆီးခဲ့တာ ဖြစ်ပြီး ဖမ်းမိခဲ့သူတွေထဲမှာ မြန်မာနိုင်ငံသား ၁၉ ဦး ပါဝင်တယ်လို့ အလုပ်သမားရေး လှုပ်ရှားသူ ဦးမိုးကြိုးက VOA ကို ပြောပါတယ်။

"အောက်တိုဘာလ ၂ရက်နေ့မနက်အစောပိုင်းမှာ ထိုင်းနိုင်ငံတောင်ပိုင်းရနောင်းခရိုင် ကရဘူရီမြို့နယ် နယ်မိတ်ထဲမှာ တရားမဝင်မြန်မာ ၁၉ဦးကို သူတို့စီးလာတဲ့ ပစ်ကားကားနဲ့အတူဖမ်းမိပါတယ် ။ ဖမ်းမိသူတွေထဲမှာတော့ အမျိုးသားက ၁၃ယောက် အမျိုးသမီးက ၆ယောက် ထိုင်နိုင်ငံသားကားမောင်းသမား ၂ဦးနဲ့အတူဖမ်းမိပါတယ်"

ထိုင်းတောင်းပိုင်းအခြေစိုက် ပညာရေးနဲ့ဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက အလုပ်သမားရေးရာ တာဝန်ခံဦးမင်းဦးကလည်း ဒီထဲကတချို့ကတော့ ထိုင်းနိုင်ငံတွင်းမှာအလုပ်အကိုင် ကောင်းတွေရမယ်ဆိုပြီး ဆွေမျိုးသားချင်းတွေ ပွဲစားတွေကပြောလို့လာကြသူတွေဖြစ်ကြောင်း ပြောပါတယ်။

"အများစုကတော့ တချို့ကတော့ဖူးခက် စူရတ်ဌာနီ ရနောင်းနဲ့ဖန်င ခရိုင်တွေမှာ ပွဲစားတွေ နဲ့ ဆွေမျိုးသားချင်းတွေက အလုပ်ခွင်နဲ့ချိတ်ထားလို့လာကြတာ"

မြန်မာနိုင်ငံမှာ စီးပွါးရေးကြပ်တည်းတာကြောင့် ထိုင်းနိုင်ငံထဲကို အလုပ်အကိုင်လုပ်ကိုင်ဖို့ လာကြသူတွေ များလာတာ ဖြစ်ပြီး တချို့ကလည်း ထိုင်းတောင်ပိုင်းလမ်းတွေကနေ တဆင့် မလေးရှားနိုင်ငံထိ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် သွားရောက်ပြီး အလုပ်လုပ်ဖို့ လာကြတယ်လို့ ဦးမင်းဦးက ပြောပါတယ်။

"မလေးရှားကိုသွားကြတဲ့အုပ်စုတွေရှိတယ် အဲဒီအုပ်စုတွေကတော့ ပရာကျွတ် ဘက်ကလာကြပြီးတိုက်ရိုက်သွားတာများတယ်၊ အဲဒီကနေ့တဆင့် ထိုင်းမလေးနယ်စပ်ကို စူရတ်ဌာနီကိုဖြတ်ပြီးသွားကြတာများတယ် အဲဒီလမ်းကတော့ပိုရှင်းတာများတယ်"

ဖမ်းမိတဲ့မြန်မာတွေကို ထိုင်းစစ်တပ်က စစ်ဆေးရာမှာ ထိုင်းနိုင်ငံကတဆင့် မလေးရှားနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်ဖို့အတွက် မန္တလေးမြို့ကနေ လေယာဉ်နဲ့ ကော့သောင်းမြို့ကို ထွက်လာကြပြီး ပွဲစားအိမ်မှာ ၂ရက်နေထိုင်ပြိး ကော့သောင်းက နေ ရနောင်းဘက်ကို လှေနဲ့ခိုးဝင်လာကြတာဖြစ်ကြောင်း မလေးရှားနယ်စပ်ထိ သွားဖို့ ပွဲစားခ ဘတ်လေးသောင်းကျော် ပေးချေရတယ်လို့ ထွက်ဆိုကြတယ်လို့လည်း ဆိုပါတယ်။အခုလိုမျိုးဖမ်းဆီးခံရမူတွေ ၊ အစုလိုက်အပြုံလိုက် အဖမ်းခံရမူတွေ အပြင် တောတောင်တွေထဲ မှာပဲ ပွဲစားတွေကစွန့်ပစ်ထားမူတွေရှိပေမယ့် ထိုင်းနိုင်ငံထဲတရားမဝင် ဝင်ရောက်လာသူတွေကတော့ ရှိနေဆဲဖြစ်ပါတယ်။

ထိုင်းနိုင်ငံထဲမှာ ထိုင်းအလုပ်သမားဝန်ကြီးဌာန လက်အောက်ခံ (Department of employment)ရဲ့ ၂၀၂၃ ခုနှစ်ဇူလိုင်လကုန်ထိ ကောက်ခံထားတဲ့ စာရင်းအရ မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတွေက လာရောက်အလုပ်လုပ်ကိုင်နေတဲ့ တရားဝင်ရွှေ့ပြောင်းအလုပ်သမားက စုစုပေါင်း ၂၇၆၆၉၉၇ ဦးရှိပြီး ဒီထဲမှာမြန်မာက ၁၅၄၃၃၅၅ ရှိပါတယ် ။ ဒါပေမဲ့ အထောက်အထားမဲ့ မြန်မာတွေကတော့ တရားဝင်စာရင်းထက် ၂ ဆလောက်ပိုများနေတယ်လို့ အလုပ်သမားရေး ဆောင်ရွက်နေသူတွေက ပြောဆိုကြပါတယ်။

Your browser doesn’t support HTML5

တရားမဝင်လာရောက်သူ မြန်မာ ၁၉ ဦး ရနောင်းမြို့အနီးမှာ ဖမ်းခံရ