မြန်မာအစိုးရတပ်တွေ SSA ဝမ့်ဟိုင်းဌာနချုပ်ကို ဝိုင်းရံပိတ်ဆို့

မြန်မာအစိုးရတပ်တွေ SSA ဝမ့်ဟိုင်းဌာနချုပ်ကို ဝိုင်းရံပိတ်ဆို့

တိုက်ပွဲဖြစ်နေတာ သီတင်း ၂ ပတ်နီးပါး ရှိပြီဖြစ်တဲ့ ရှမ်းပြည်နယ် တောင်ပိုင်းဒေသက နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ရဲ့ ဝမ့်ဟိုင်းဌာနချုပ် စခန်းကို မြန်မာအစိုးရတပ်က အင်အားအလုံးအရင်းနဲ့ ဝိုင်းရံပိတ်ဆို့ထားတယ်လို့ သိရပါတယ်။ မြန်မာစစ်တပ်ဟာ ဝမ့်ဟိုင်းဌာနချုပ်နဲ့ တဖာလုံကွာမှာ ရောက်နေပြီ ဖြစ်ပေမဲ့ SSPP အနေနဲ့ကတော့ ဘယ်သူ့ဆီကမှ အကူအညီတွေ မရလည်း ဆက်ပြီး ခုခံ တိုက်ခိုက်သွားမယ်လို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ် အတွင်းမှာရှိတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ ဝမ့်ဟိုင်းဌာနချုပ်ကို သိမ်းပိုက်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ မြန်မာစစ်တပ်ဟာ နောက်ဆုံးဝင်လာတဲ့ သတင်းအရ ဌာနချုပ်နဲ့ တဖာလုံနေရာမှာ ရှေ့မတိုးနိုင်ဘဲ ရပ်တန့်နေတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ခေါင်းဆောင်တဦးက ပြောပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်တွေဟာ အင်အားအလုံးအရင်းနဲ့ ဝမ့်ဟိုင်းဌာနချုပ်ကို ဝိုင်းရံပိတ်ဆို့ထားတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက အခုလို ပြောပါတယ်။

“နောက်ဆုံးအခြေအနေတော့ ဒီအတိုင်းပဲ ရပ်နေတယ်ခင်ဗျ။ လမ်းကြောင်းမှန်သမျှ သူတို့က ပိတ်ဆို့ထားတယ်။ အလုံးအရင်းနဲ့လည်း ဝိုင်းထားတယ်။ မိုင်းနောင်၊ မိုင်းရှူး ကားလမ်းပေါ်လေ၊ အဲဒီလမ်းတလျှောက် သူတို့ အားလုံးရှိတယ်ခင်ဗျ။ ကျေးသီး မိုင်းနောင် ကားလမ်းတို့၊ အဲဒီ မူဆယ် နမ့်ခမ်းဘက် လမ်းကြောင်းရော၊ လားရှိုး သီပေါ ကျောက်မဲ အဲဒီလမ်းကြောင်းတွေပါ သူတို့ အားလုံးချထားတယ်ခင်ဗျ။”

မြန်မာစစ်တပ်အနေနဲ့ ဝမ့်ဟိုင်းဌာနချုပ်ကို သိမ်းဖို့အတွက် လေးဘက်လေးတန် ဝိုင်းဝန်းပိတ်ဆို့ထားတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်ဘက်ကနေ စစ်လေယာဉ် အကူအညီတွေပါ ရောက်ရှိနေတယ်လို့ ဗိုလ်မှူး စိုင်းလက အခုလို ပြောပါတယ်။

“နေပြည်တော်က စေလွှတ်ခဲ့တဲ့ လေယာဉ် ၇ စီးလေ၊ နမ့်ဆန်မှာ ရှိနေဆဲပဲခင်ဗျ။ ရာသီဥတုမကောင်းဘူး ကျနော်တို့ ဝမ့်ဟိုင်းဘက်မှာ။ အဲဒါ မသွားဖြစ်သေးဘူး ထင်တယ်။ ဟိုဘက်မှာ မိုးရွာနေတယ်လေ။”

အခုလို ဝမ့်ဟိုင်း စခန်းသိမ်းတိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်ကနေ စစ်လေယာဉ်သုံးပြီး တိုက်ခိုက်လိမ့်မယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီကနေ ယူဆထားပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ကတော့ သီးခြား အတည်ပြုချက် မရရှိသေးပါဘူး။ အခုဆိုရင် မြန်မာစစ်တပ်ဟာ ဝမ့်ဟိုင်းဌာနချုပ်ကို သိမ်းဖို့ အနီးကပ်ဆုံး ရောက်ရှိနေပြီး အရေးကြီးတဲ့ အခြေအနေမှာ SSA တောင်ပိုင်းတပ်ဖွဲ့ အနေနဲ့ စစ်ရေးအကူအညီ ပေးပို့တာ မရှိပေမဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ အနေနဲ့ တဖွဲ့တည်း ခံတိုက်သွားမယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက ဆက်ပြောပါတယ်။

“ကျနော်တို့ ဘယ်လိုမှ မဆုံးဖြတ်ပါဘူး။ ဘယ်သူမှ မကူလည်း ကျနော်တို့ ဒီအတိုင်း တိုက်သွားမှာပဲ။ အရင်ကလည်း တိုက်နေကျပဲ။ ကျနော်တို့အတွက်တော့ သိပ်မဆန်းတော့ဘူးခင်ဗျ။ ကျနော်တို့ ဝမ့်ဟိုင်းဌာနချုပ် ကျသွားလည်း ကိစ္စမရှိဘူးလေ။ ကျနော်တို့အတွက်တော့ ဘာမှမဆန်းပါဘူး။ ကျနော်တို့ ငြိမ်းချမ်းရေး မယူခင်တုန်းကလည်း အဲဒီလိုပဲ ကျောပိုးအိတ်ဌာနချုပ်နဲ့ လှည့်လည်နေတာပဲ။”

ဗိုလ်ချုပ် ရွက်ဆစ် ဦးဆောင်တဲ့ တောင်ပိုင်း SSA တပ်ဖွဲ့နဲ့ ဗိုလ်ချုပ် ပန်ဖ ဦးဆောင်တဲ့ မြောက်ပိုင်း SSA တပ်ဖွဲ့တို့ဟာ တဖွဲ့တည်း ပေါင်းစည်းသွားခဲ့ပြီလို့ ဗိုလ်ချုပ် ရွက်ဆစ်ကနေ တရားဝင် ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့ အနေအထား အရတော့ လုပ်ငန်းစဉ်ပိုင်းဆိုင်ရာ နောက်ထပ် ဆွေးနွေးစရာ ရှိနေသေးတယ်လို့လည်း တောင်ပိုင်း SSA တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင် ပြောပါတယ်။

မြောက်ပိုင်း SSA တပ်ဖွဲ့ဟာ ၁၉၈၉ ခုနှစ်မှာ မြန်မာအစိုးရကနေ ထိန်းသိမ်းထားတဲ့ ဗိုလ်ချုပ် ဆေထင် ခေါင်းဆောင်ပြီး မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာတော့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စနဲ့ ပတ်သက်ပြီး မြောက်ပိုင်း SSA တပ်ဖွဲ့ နှစ်ခြမ်းကွဲခဲ့ပါတယ်။ ဥက္ကဋ္ဌ ဦးလွယ်မောင်း ဦးစီးတဲ့ တပ်မဟာ ၄၊ တပ်မဟာ ၇ နဲ့ ဌာနချုပ် တပ်ဖွဲ့တို့ဟာ စစ်အစိုးရ တိုက်တွန်းထားတဲ့ ဌာနေ ပြည်သူ့စစ်တပ်အသွင်ကို ပြောင်းလဲသွားပါတယ်။ တပ်အသွင်ပြောင်းရေးကို လက်မခံတဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ကိုင်ဖဟာ တပ်မဟာ ၁ ကို ဆက်လက်ဦးဆောင်ပြီး SSA/SSPP ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ အမည် ပြောင်းလဲခဲ့ပါတယ်။

၂၀၁၁ ခုနှစ် မတ်လမှာ မြန်မာစစ်တပ်ကနေ တပ်အသွင် ပြောင်းရေးကို လက်မခံတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီကို စတင်တိုက်ခိုက်လာရာကနေ နှစ်ဘက် တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။