စစ်ကိုင်းတိုင်း မင်းကင်းမြို့အနီး ချင်းတွင်းမြစ်ဘေးမှာရှိတဲ့ ပုထိုးလုံးကျေးရွာမှာ တပ်စွဲတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားပြီးနောက် အရပ်သား ၅၀ နီးပါးကို စစ်ကောင်စီကခေါ်ဆောင်သွားပြီး ပြန်လွှတ်မပေးသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ရေးတင်းမာနေတယ်လို့ ကာကွယ်ရေးအဖွဲ့တွေဘက်က ပြောပါတယ်။ မင်းကင်းမြို့အခြေအနေ သတင်းပေးပို့ချက်ကို မမြသဇင်အောင်က ပြောပြပါမယ်။
စစ်ကိုင်းတိုင်း မင်းကင်းမြို့နဲ့ ၃ မိုင်သာသာဝေးပြီး ချင်းတွင်းမြစ်ဘေးမှာရှိတဲ့ ပုထိုးလုံးကျေးရွာကို ဖေဖော်ဝါရီ ၁၈ ရက်က စစ်ကောင်စီတပ်ဖွဲ့တွေ ရောက်ရှိလာပြီး တပ်စွဲတဲ့အတွက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။ တိုက်ပွဲဖြစ်ပွားပြီးနောက် ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်းမှာ ကျေးရွာထဲမှာရှိတဲ့ အရပ်သား ၅၀ ကျော်ကို စစ်ကောင်စီက ခေါ်ဆောင်သွားပြီး ပြန်လွှတ်မပေးသေးဘူးလို့ ပုထိုးလုံးကျေးရွာအနီးကျေးရွာက ဒေသခံတဦးက ပြောပါတယ်။
“ဒေသခံအခြေအနေက ရွာသူရွာသားတွေက တောတောင်တွေထဲ ပြေးလွှားနေကြရတာပေါ့ဗျာ။ အဲ့ဒါပြီးတော့ တချို့လည်း ပိတ်မိပြီးမှ မိသွားလို့ ဖမ်းခံရတဲ့သူတွေကိုလည်း ခေါ်သွားတယ်တဲ့ စစ်တပ်ရှိတဲ့ဆီပေါ့ဗျာ။ ၅၇ ယောက် အသက်ကြီးဖိုးဖွားတွေကော ကလေးငယ်တွေကော ခေါ်သွားတယ်။ လွှတ်မပေးသေးဘူး။ ပိတ်မိနေတဲ့သူတွေ အဲ့ဒါတွေကို သူတို့က ခေါ်သွားတာ။”
စစ်ကောင်စီတပ်က အရပ်သားအများအပြားကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာကို ဒေသခံကာကွယ်ရေး အဖွဲ့ဘက်ကလည်း အတည်ပြုပါတယ်။ ဖမ်းဆီးခံရတဲ့ လူဦးရေအရေအတွက်ကိုတော့ ဗွီအိုအေက သီးခြားအတည်မပြုနိုင်သေးသလို ဘာကြောင့် ခေါ်ဆောင်သွားတယ်ဆိုတာကိုလည်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ဖေဖော်ဝါရီ ၁၈ ရက်ကနေ ၂၀ ရက် ညနေပိုင်းအထိ တိုက်ပွဲ ၃ ရက်ဆက်တိုက်ဖြစ်ခဲ့ပြီး လက်ရှိမှာ စစ်ရေးတင်းမာတဲ့အနေအထားရှိနေပါတယ်။ တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ မင်းကင်းဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။
“မင်းကင်းကနေမှ မော်တော်တွေ ဖလက်တွေကို ချောဆွဲပြီးမှ ပုထိုးလုံးရွာထဲကို လာပြီး တပ်စွဲတာခင်ဗျ။ သူတို့ရွာထဲမှာ တပ်စွဲပြီဆိုတာနဲ့ ကျွန်တော်တို့အနေနဲ့ သတင်းရတယ်။ သတင်းရတာနဲ့ တပ်ရင်းကနေ စစ်ကြောင်းတွေ ပြင်ဆင်ပြီး ကျွန်တော်တို့ဘက်ကပဲ သူတို့တပ်စွဲတဲ့နေရာကိုသွားပြီး ဝင်ရောက်ပစ်ခတ်မှု လုပ်တာပါ။ ၁၈ ရက်ကနေ ၂၀ ရက်နေ့အထိ ထိတွေ့မှုဖြစ်တယ်။ ဒီနေ့မှာလည်း ဒီကောင်တွေ စစ်ကြောင်း ပြန်တက်လာတာရှိတယ် ရှိတဲ့အတွက် လောလောဆယ် ၂ ဖက် ရင်ဆိုင်ထားစဲပဲရှိတယ် ပစ်ခတ်မှုတော့ မရှိသေးဘူး။”
ဒ့ါအပြင် မင်းကင်းမြို့နယ်ထဲက စစ်ကောင်စီ အားပေးထောက်ခံတဲ့ ပျူစောထီး အားကောင်းတဲ့ နေရာတွေမှာလည်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေရှိနေပါတယ်။ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ နယ်မြေစိုးမိုးမှု အားကောင်းလာတဲ့အတွက် စစ်တပ်ဘက်က မင်းကင်းမြို့နယ်ကို နယ်မြေရှင်းလင်း စစ်ကြောင်းထိုးဖို့ ပြင်ဆင်လာတာ ဖြစ်တယ်လို့ ဒေသခံကာကွယ်ရေး အဖွဲ့တွေက သုံးသပ်နေပါတယ်။
Your browser doesn’t support HTML5
[Unicode]