အဂတိလိုက်စားမှုတိုက်ဖျက်ရေး လွှတ်တော်လုပ်နိုင်ချေ

အမျိုးသားလွှတ်တော် အစိုးရ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ ဥက္ကဌ လွှတ်တော် အမတ် ဦးသိမ်းဆွေ

သမ္မတ ဦးဝင်းမြင့် တက်လာပြီး လပိုင်းကာလ အတွင်း အစိုးရ အဖွဲ့သစ်ရဲ့ ထူးခြားတဲ့ ဆောင်ရွက်မှု တခုကတော့ အာဏာရှိသူတွေကြား အဂတိလိုက်စားမှုတွေကို စိစစ်ဆောင်ရွက်လာတဲ့ ကိစ္စပါ။ သမ္မတ တာဝန်ယူပြီး မကြာခင်မှာဘဲ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့နဲ့ သမ္မတ အိမ်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တာပါ။ မြန်မာ အစိုးရ အရာရှိကြီးတွေကြား အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းတွေကို ထဲထဲဝင်ဝင် ဖိဖိစီးစီး လုပ်ရဖို့ အခြေစိုက်နေပြီလားဆိုတာကို အမျိုးသားလွှတ်တော် အစိုးရ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ ဥက္ကဌ လွှတ်တော် အမတ် ဦးသိမ်းဆွေ ကို မသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်းတာမှာ သူက အခုလို စပြီး ဖြေကြားပါတယ်။

လွှတ်တော် အမတ် ဦးသိမ်းဆွေ။ ။ အဲဒါကတော့ မေးစရာတောင်မလိုပါဘူး။ အဂတိလိုက်စားမှုတွေက ကျနော်တို့တိုင်းပြည်မှာ ကာလရှည်ကြာစွာ ဒီပြဿနာတွေက ဖြစ်ပေါ်ခဲ့တယ်။ ဒီပြဿနာတွေကို ကျနော်တို့ တာဝန်ရှိတဲ့ ဝန်ကြီးဌာနတွေအနေနဲ့ ပြည်သူ့အစိုးရအနေနဲ့ ဒါတွေကို ကိုင်တွယ်ရမှာ ဖြစ်ပါတယ် အဲဒီလိုကိုင်တွယ်ဖို့ အချိန်က နှောင်းတောင်နှောင်းနေပါပြီ။ ကျနော်တို့ အစိုးရသစ်အနေနဲ့လည်း ဒါတွေကို သိရှိလာပြီဆိုရင် စနစ်တကျကိုင်တွယ်ရမယ် အဓိကတော့ ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှု ကျနော်တို့ ဌာနအတွင်းမှာရှိတဲ့ မှန်မှန်ကန်ကန်ဆောင်ရွက်နေကြတဲ့ ဝန်ထမ်းတွေ နောက်တခါ ကျနော်တို့နဲ့အတူ ဒီအရပ်ဖက်အဖွဲ့အစည်းတွေ ကိုယ်စားလှယ်တွေ ဒါတွေအားလုံးက လက်ရှိကျနော်တို့ လမ်းကြောင်းမှန်ပေါ်ကိုရောက်ဖို့ အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။

မသိင်္ဂ ီထိုက်။ ။ အခုလောလောဆည်မှာ လူထုကြားမှာလည်း တွင်တွင်ကျယ်ကျယ်ပြောနေပါတယ်။ FDA က ဒေါက်တာသန်းထွဋ် ကိစ္စနဲ့ပတ်သက်ပြီးတော့ အခုနောက်ပိုင်း စီးပွားရေးဝန်ကြီးကိုလည်း စစ်ဆေးတယ်ဆိုတဲ့ သတင်းတွေလည်း ကြားရတယ်။ မနေ့ကဆိုရင်လည်း အကောက်ခွန်ကနေပြီးတော့ တောင်းစားရတဲ့ခေတ်မဟုတ်တော့ဘူး ဖမ်းစားရတဲ့ခေတ် ဒါမျိုးတွေ ၊လူထုဘက်က ဖော်ထုတ်လာတာတွေရှိပါတယ်။ ဒီမမှန်မကန်ဘူးဆိုပြီးတော့ ဆရာတို့အနေနဲ့ရော လွှတ်တော်အနေနဲ့ရော လူမှုကွန်ယက်တွေမှာဖြစ်ဖြစ် ၊ လူထုကြားမှာဖြစ်ဖြစ် ဖော်ထုတ်လာတဲ့အခါမှာ စိစစ်တာမျိုးတွေလုပ်ဖို့ စဉ်းစားလုပ်ဖို့အစီအစဉ်ရှိပါသလား။

လွှတ်တော် အမတ် ဦးသိမ်းဆွေ။ ။ တခုရှိပါတယ် ကျနော်တို့အနေနဲ့ကတော့ ကော်မတီအနေနဲ့ကတော့ လွှတ်တော်မှာ ကျနော်ခုနကပြောသလို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ လာရောက်ဖြေကြားတဲ့အပေါ်မှာ ဖြစ်ပေါ်မှုတွေကို ကျနော်တို့အနေနဲ့ အဓိက ကျနော်တို့ လုပ်ဆောင်ရတာဖြစ်ပါတယ်။ ခုနက သတင်းကြားနေတဲ့ FDA က ညွှန်ချုပ် ဆောင်ရွက်တဲ့ ကိစ္စတွေ ၊ နောက်တခါ လူမှုကွန်ယက်စာမျက်နှာတွေမှာ အခုလို တာဝန်ရှိတဲ့ လူတွေကနေ ပြောဆိုနေတာတွေ ဒီကိစ္စတွေကတော့ ကျနော်တို့နဲ့ မဆိုင်ပါဘူး။ သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရအဖွဲ့ကနေပြီးတော့ ဆောင်ရွက်ရမယ့်အပိုင်းတွေဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ကော်မတီအနေနဲ့တော့ ဒါတွေကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်အတွင်းမှာ မေးမြန်းလာမယ် ၊နောက် အဆိုတွေ ဒါတွေကိုတင်ပြဆွေးနွေးလာလို့ ဒါတွေကို တာဝန်ရှိဝန်ကြီးဌာနတွေကနေပြီးတော့ ဘယ်လိုဆောင်ရွက်နေသလဲ ဒါတွေနဲ့ ပတ်သက်တဲ့ ထိရောက်တဲ့ဆောင်ရွက်တာတွေက ဘာတွေပါ။ ဒီလိုမျိုး ဖြေတယ်ဆိုရင်တော့ ကျနော်တို့ ကတိကဝတ်ကော်မတီနဲ့ သက်ဆိုင်ပါတယ်။ အဲဒါဆိုရင် ကျနော်တို့ ကတိကဝတ်ကော်မတီအနေနဲ့ ထိရောက်တဲ့ဆောင်ရွက်မှုတွေ အစီရင်ခံစာတွေ သုံးသပ်ချက်တွေ အကြံပြုချက်တွေကို ကျနော်တို့အလေးထားပြီးတော့လွှတ်တော်ကို တင်ပြမှာဖြစ်ပါတယ်။

မသိင်္ဂ ီထိုက်။ ။ အဲဒီတော့ အစိုးရဘက်ကရော လွှတ်တော်ဘက်ကရော ကော်မတီရဲ့ စိစစ်တွေ့ရှိတင်ပြချက်တွေကိုလုပ်ဆောင်တာမျိုး အကောင်အထည်ဖော်တာမျိုးများ ဥပမာပြစရာရှိပါသလား။

လွှတ်တော် အမတ် ဦးသိမ်းဆွေ။ ။ ရှိပါတယ် ကျနော်တို့ ကော်မတီရဲ့ စီစစ်တွေ့ရှိချက် တင်ပြချက်တွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက သူတို့ ဘယ်လိုတွေဆောင်ရွက်ထားတယ်။ ဒီစိစစ်တွေ့ရှိမှုတွေ လွှတ်တော်ဆိုင်ရာတွေ နောက်လွှတ်တော်မှာ ကတိကဝတ်ဖြစ်ပေါ်ခဲ့တဲ့ မေးခွန်းတွေ အဆိုတွေနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကနေပြီးတော့ ဘယ်လိုတွေဆောင်ရွက်ထားတယ်။ လက်ရှိအခြေအနေမှာလည်း ဆောင်ရွက်ပြီးစီးမှုအခြေအနေတွေကို ကျနော်တို့ကော်မတီကို အမြဲတမ်းရေးပြီးတော့ အစီရင်ခံစာပို့ပါတယ်။ "

အမျိုးသားလွှတ်တော် အစိုးရ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ ဥက္ကဌ လွှတ်တော် အမတ် ဦးသိမ်းဆွေ ကို မသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်းထားတာပါ။

Your browser doesn’t support HTML5

အဂတိလိုက်စားမှုတိုက်ဖျက်ရေး လွှတ်တော်လုပ်နိုင်ချေ