စစ်အာဏာသိမ်းပြီး ၃ နှစ်အကြာ မြန်မာ့စိုက်ပျိုးရေးအလားအလာ

မြန်မာပြည်တွင်းက လယ်ယာလုပ်ငန်းခွင်တခု

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် စိုက်ပျိုးရေးလုပ်ငန်းတွေဟာ နှစ်စဉ်ကျဆင်းလာရာမှာ အခုဆိုရင် ၃ နှစ် ပြည့်ခါနီးပါပြီ။ ဒီလို အခြေအနေတွေကြောင့် အခုနှစ်မှာကော စိုက်ပျိုးရေးလုပ်ငန်းတွေ အပေါ်မှာ ဘယ်လိုခန့်မှန်းချက်တွေရှိကြသလဲ။ ပထမဆုံး မြေလတ်ဒေသက ကုန်သည်ကြီးတဦးက သူအမြင်ကို အခုလိုပြောပါတယ်။

" ၂၀၂၄ ကတော့ ဒီနှစ်မှာတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် မကောင်းနိုင်ဘူး။ အလားအလာကတော့ တည်ငြိမ်မူမရှိဘူးလို့ ပြောရမှာပေါ့။ ကောင်းတယ်လို့ ပြောလို့တော့မရဘူးပေါ့။ ဈေးကွက်တည်ငြိမ်မူမရှိဘူး ပြောရမှာပေါ့။ ဈေးကွက်က တခါခါကြ လိုအပ်ရင် လိုအပ်သလို၊ မလိုအပ်ရင် မလိုအပ်သလို ပုံမှန် စီးဆင်းမူအတိုင်း မသွားနိုင်ဘူးလို့ပဲ သုံးသပ်တယ်။ မတည်ငြိမ်ဘူးလို့ပဲ ပြောရမှာပေါ့။ ခါတိုင်းနှစ်တွေက လုပ်ရတာကတော့ အတက်အကျလေးက အနည်းအပါးလောက်ပဲ ရှိတာ။ ဈေးကွက်က အပြောင်းလည်း အများကြီးမဖြစ်ဘူး။ လောလောဆယ်တော့ ကောင်းမလာသေးဘူးလို့ပဲ သုံးသပ်ပေးရမှာ "

တကယ်တော့ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးထွက်ကုန်တွေဟာ အများအားဖြင့်တော့ နယ်စပ်ဒေသကနေ အိမ်နီးချင်းနိုင်ငံတွေ အထူးသဖြင့် တရုတ်နိုင်ငံကို တင်ပို့တာကသာ အများစုဖြစ်ကြပါတယ်။ ဒါပေမယ့်လည်း အခုအခါမှာ တရုတ်နယ်စပ်အပါအဝင် နယ်စပ်အားလုံး ရဲ့ အဓိကလမ်းမကြီးတွေဟာ ပြည်တွင်းစစ်ကြောင့် အသွားအလာလုပ်လို့မရတော့ပဲ ပိတ်ဆို့ကုန်ပါတယ်။ ဒီလို အခြေအနေတွေကြောင့် နယ်စပ်ကုန်သွယ်ရေးအားလုံးဟာ ဘယ်အချိန်မှာ ပြန်ပြီးတော့ ဖွင့်မယ်ဆိုတာ ခန့်မှန်းဖို့ မလွယ်တော့ပါဘူး။ အဲဒီအတွက် အခုနှစ်မှာ တောင်သူလယ်သမားတွေအနေနဲ့ ပြည်တွင်းဈေးကွက်ကိုသာ အားထားစရာရှိပါတော့တယ်။ ဒါနဲ့ ပတ်သက်ပြီး မြေလတ်ဒေသက စိုက်ပျိုးရေး အွန်လိုင်ဂျာနယ် ရဲ့ အယ်ဒီတာ တဦးက အခုလို သုံးသပ်ထားပါတယ်။

"ဒီနှစ်အနေအထားကတော့ တောင်သူတွေအတွက် စစ်ရိပ်စစ်ငွေ့တွေက သန်းနေတယ်။ စိုက်ရေး ပျိုးရေးမှာတော့ တောင်သူတွေအတွက် အခက်အခဲတွေမှာတော့ အမှန်ပဲဗျ။ ဒေသတွင်းမှာ စစ်ပွဲတွေဖြစ်နေတယ်။ စစ်မက်တွေဖြစ်နေမယ်ဆိုရင်တော့ စိုက်ပျိုးရေးလုပ်ရတာ အခက်အခဲတွေ့နိုင်တာပေါ့။ လက်နက်ကိုင် ပဋိပက္ခတွေ မရှိဘူးဆိုမှသာ စိုက်ရေးပျိုးရေး စီးပွားရေးက ကောင်းတာကို။ လက်နက်ကိုင် ပဋိပက္ခတွေဖြစ်နေမယ်ဆိုရင်တော့ အနည်းနဲ့ အများ ဆိုးကျိုးဖက်ကို များတယ်။ နယ်စပ်တွေမှာ စစ်ပွဲတွေဖြစ်နေတော့ ခရီးလမ်းပန်းက ခက်ခဲနေတယ်။ တောင်သူတွေကတော့ စိုက်တာ ပျိုးတာ စိုက်ရမှာပဲ။ ရလာတဲ့ သီးနှံအပေါ်မှာ ဈေးကောင်းကောင်းရဖို့ မျှော်လင့်ချက်ပေါ့နော်။ အများဆုံး အရင်ကဝယ်တာက တရုတ်ကဝယ်တယ်။ အိန္ဒိယဝယ်တယ်။ တရုတ်က ဝယ်ဖို့ဆိုတာ အခုဖြစ်နေတဲ့ လမ်းပန်းဆက်သွယ်ရေးတွေ အခြေအနေအရဆိုရင်တော့ တောင်သူတွေအတွက် မျှော်လင့်ချက်မရှိသေးဘူး။ နယ်စပ်ဂိတ်တွေ ၊ ကုန်စည်စီးဆင်းမူတွေ ကောင်းပြီဆိုမှ တောင်သူတွေအတွက် ဈေးကောင်းကောင်းရနိုင်မယ်လို့ ယူဆတယ်။ ပြည်တွင်းသုံးအနေနဲ့ကတော့ ဈေးကောင်းရဖို့ မလွယ်ဘူး။ ပုံမှန်ဈေးလောက်ပဲ ရနိုင်မယ်"

မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေကြောင့် ကုန်စည်စီးဆင်းမူဟာ ချောမွေ့တာမရှိတော့တဲ့အတွက်ကြောင့် အဓိက ကုန်စိမ်းသီးနှံတွေကို စိုက်ပျိုးကြတဲ့သူတွေဟာ အထိအနာဆုံးဖြစ်ပါတယ်။ ကုန်စိမ်းသီးနှံတွေအနေနဲ့ အမြန်ဆုံး ဈေးကွက်ရှိရာကို တင်ပို့ကြတာဖြစ်တဲ့အတွက် ဘယ်အတွက်ကြောင့်မှ နှောင့်နှေးကြံကြာလို့မရပါဘူး။ အဲဒီလိုမှ ပို့ဆောင်နိုင်ခြင်းမရှိရင် ဈေးကွက်တွင်းလည်း မရောက်၊ ဈေးကွက်အချိတ်အဆက်တွေနဲ့လည်း အလုပ်လုပ်ဖို့ ခက်ခဲကုန်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး တောင်သူလယ်သမားအရေး ဆောင်ရွက်နေသူလည်းဖြစ် ၊ စုပေါင်း ငရုတ်စိုက်ပျိုးရေး လုပ်ဆောင်နေသူတဦးက အခုလိုပြောပါတယ်။

"တောင်သူလယ်သမားတွေအနေနဲ့ စိုက်ပျိုးရေးကဏ္ဍလုပ်တဲ့အခါမှာ အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်ကြရတာပေါ့ဗျာ၊ ပြီးခဲ့တဲ့ အတိတ်ကာလမှာလည်း ရင်ဆိုင်ခဲ့ရတယ်။ ၂ဝ၂၄ အခုနှစ်မှာလည်း ရင်ဆိုင်ရဖို့ရှိတယ်လို သုံးသပ်လို့ရပါတယ်။ ဘာကြောင့်ဖြစ်ရသလဲဆိုရင် အဓိက ကျနော်တို့နိုင်ငံမှာ စစ်ဖြစ်နေတာ။ စစ်ဖြစ်နေတော့ ဒီပဋိပက္ခကြောင့် ဟိုဖက် ဒီဖက် ဂိတ်တွေရှိတယ်။ စစ်ကောင်စီဂိတ်တွေဖြတ်ရင် စစ်ကောင်စီတပ်တွေက စစ်ဆေးတယ်။ ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF ဂိတ်တွေဖြတ်ရင်လည်း စစ်ဆေးတယ်၊ တခါ စစ်တပ်ဂိတ်ကိုလည်း ထပ်ဖြတ်ရင် ထပ်စစ်တယ်။ ၂ ဖက်စလုံးက စစ်ဆေးတယ်ပေါ့ဗျာ။ ရိုးရိုးသာမန်ကုန်စည်တွေကို သယ်ဆောင်တာဖြစ်တဲ့အတွက် စစ်ဆေးတာတော့ အကြောင်းမဟုတ်ပါဘူး။ ဒါပေမယ့် ပြသာနာက လမ်းပေါ်မှာ အချိန်တွေ ကြာသွားတဲ့အတွက် အဓိက ကုန်စိမ်းတွေ စိုက်ပျိုးထုတ်လုပ်တဲ့အခါမှာ ရိတ်သိမ်းပြီး ၂၄ နာရီအတွင်းကို အအေးခန်းထဲရောက်ဖို့ရာအတွက် မရောက်နိုင်တော့ဘူး။ ကျနော်တို့ အခုဆိုရင် ဆက်မလုပ်နိုင်ပဲ ရပ်ထားရတယ်။ တောင်သူလယ်သမားတွေ အစုအဖွဲ့လိုက်လုပ်တဲ့ ကိစ္စ ကျနော်တို့ရပ်ထားရတယ်။ လမ်းမှာ ၂ည ၃ ည အိပ်ရတာက ဒီလိုမျိုး ကုန်စိမ်းလို ကုန်စည်တွေကို ဈေးကွက်တွေကို ထိုးဖောက်ဖို့ ရောက်ဖို့အတွက် မဖြစ်တော့ပါဘူး။ ဒါက မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ စစ်ရေး ပဋိပက္ခတွေကြောင့် စိုက်ပျိုးရေးကို သက်ရောက်နေတဲ့ ကိစ္စဖြစ်ပါတယ် "

မြန်မာပြည်တွင်းက လယ်ယာလုပ်ငန်းခွင်တခု

ဒါပေမယ့်လည်း ဒီနှစ်ထဲမှာ အဆိုးထဲက အကောင်းတွေလည်းရှိပါသေးတယ်။ မြန်မာနိုင်ငံ အထက်ပိုင်းနဲ့ ချင်းပြည်နယ်၊ ကရင်နီဒေသ တို့မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက နယ်မြေစိုးမိုးရေးတွေ ပြန်လည်လုပ်လာနိုင်တဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်းတွေ ပြန်လည် ဖြစ်ထွန်လာနိုင်တယ်ဆိုတဲ့ မျှော်လင့် ချက်တွေလည်း ရှိကြပါတယ်။ ဒါအပြင် စစ်ကောင်စီတပ်တွေဟာ အရင်ကလို စစ်ကြောင်းတွေ လှည့်လည်တာ သိပ်မရှိတော့ပဲ ခံစစ်ကိုပဲ အဓိကထားကြတဲ့အတွက် သူတို့ရဲ့ တပ်ရင်း၊ တပ်ဖွဲ့ တွေနဲ့ အထိုင်စခန်းတွေမှာပဲ နေကြတာ များလာပါတယ်။ ဒီအတွက် ကျေးရွာတွေကလည်း စိုက်ပျိုးရေးကို ပြန်လည်ပြီး လုပ်ကိုင်လာကြတယ်လို့ ကိုယ်တိုင်လည်း ဒေသ ကာကွယ်ရေး PDF ခေါင်းဆောင်တဦးလည်းဖြစ်၊ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

" ဒီနှစ်က စစ်ကောင်စီ က ခံစစ်ပြင်နေတာဖြစ်တဲ့အတွက် စစ်ကြောင်းတွေ ကင်းလှည့်တာတွေ မရှိတဲ့အခါကြတော့ စိုက်ပျိုးရေးကို ပိုပြီးတော့ လုပ်လာနိုင်တယ်။ သူတို့ ခံစစ်ပြင်နေတာဖြစ်တဲ့အတွက် ခံစစ်ကိုပဲ ဦးစားပေးနေရပြီး စစ်ထိုးနိုင်တဲ့ အခြေအနေမရှိတဲ့အတွက်ကြောင့် ပိုပြီးတော့ တောင်သူတွေဟာ စိုက်ပျိုးလာနိုင်တာပေါ့။ အခြေအနေကတော့ မနှစ်ကနဲ့ စာရင်တော့ စိုက်ပျိုးလို့ ရတဲ့ အနေအထားတွေ အများကြီးဖြစ်လာတယ်။ ဟိုအရင်ပြီးခဲ့တဲ့နှစ်တွေမှာတော့ စိုက်နေတဲ့အချိန်မှာ စစ်ကြောင်းဝင်လာလို့် တနှစ်လုံးလုံး မလုပ်လိုက်ရတဲ့ အခြေအနေတွေ ရှိတယ်။ အခု ဒီနှစ်ပိုင်းမှာတော့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေက နယ်မြေ စိုးမိုးမူတွေရှိလာတဲ့အခါကြတော့ အဲဒီလိုဖြစ်တာတွေ တော်တော်လျော့သွားတယ်။ အထူးသဖြစ်တော့ မုံရွာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် နမခ နဲ့ နီးတဲ့နေရာတွေမှာတော စစ်ဌာနချုပ်ကို ကာကွယ်တဲ့အနေနဲ့ စစ်ကောင်စီ က လှည့်ကင်းတွေရှိတာ၊ ပတ်ကင်းတွေရှိတွေရှိတယ်။ အဲဒီအခါမှာတော့ တောင်သူတွေ အခက်အခဲတွေရှိကြတယ်။ ကျန်တဲ့ စစ်ဌာနချုပ်နဲ့ မနီးတဲ့နေရာတွေမှာတော့ မနှစ်ကထက် ပိုပြီး စိုက်ပျိုးလာနိုင်တယ် "

မြန်မာနိုင်ငံမှာ စစ်ပွဲတွေကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ ထိခိုက်ကုန်ပြီး စာနပ်ရိက္ခာ အခက်အခဲနဲ့ ကြုံတွေ့ရလိမ့်မယ်လို့ ကုလသမဂ္ဂရဲ့ အဖွဲ့အစည်းတွေဖြစ်ကြတဲ့ ကမ္ဘာစားနပ်ရိက္ခာ အစီအစဉ် WFP နဲ့ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ က ပြောဆိုခဲ့ပါတယ်။ ဒါအပြင် ဒီနှစ် ၂ဝ၂၄ မှာ ကမ္ဘာ စီးပွားရေးဟာ စစ်ပွဲတွေကြောင့် ကျဆင်းမူတွေရှိလိမ့်မယ်လို့ ကုလသမဂ္ဂကနေ ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာခဲ့ပါတယ်။