ရခိုင်အရေးကိစ္စနဲ့ နိုင်ငံတကာဖိအားတွေ ရင်ဆိုင်နေရချိန်မှာပဲ မြန်မာအစိုးရအနေနဲ့ ဝန်ကြီးဌာန အသစ်နှစ်ခုကို တိုးချဲ့ဖွဲ့စည်းပြီး၊ ဝါရင့်သံတမန်တွေကို ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်လိုက်ပါတယ်။ တချိန်တည်းမှာပဲ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကိုလည်း အသစ် ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ အစိုးရ အဖွဲ့အစည်းတွေ အခုလို တိုးချဲ့ပြင်ဆင်ဖွဲ့စည်းတာနဲ့ပတ်သက်လို့ မမေခက စုံစမ်းမေးမြန်းထားပါတယ်။
အခုလို တိုးချဲ့ပြင်ဆင်ဖွဲ့စည်းမှုတွေကို ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ နိုင်ငံတော်သမ္မတ က လွှတ်တော်ဘက်ကိုတင်ပြလာတာဖြစ်ပါတယ်။ တိုးချဲ့မယ့် ဝန်ကြီးဌာနတွေက အစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာနနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနတို့ဖြစ်ပြီး ဝါရင့်သံတမန်ဟောင်းတွေဖြစ်ကြတဲ့ ဦးသောင်းထွန်းနှင့် ဦးကျော်တင်တို့က ပြည်ထောင်စုဝန်ကြီးတွေအဖြစ် ခန့်ထားပါတယ်။
နိုင်ငံတော်သမ္မတကိုယ်စား ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက လွှတ်တော်မှာတင်ပြခဲ့တာပါ။
အသစ်ဖွဲ့စည်းလိုက်တဲ့ ဝန်ကြီးဌာန ၂ခုရဲ့လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေနဲ့ပတ်သတ်ပြီး ဦးထွန်းထွန်းဦးက အခုလို တင်ပြခဲ့ပါသေးတယ်။
"နိုင်ငံတော် သမ္မတအား တာဝန်ခံမည့် ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီးတဦးကို ခန့်အပ်၍ တာဝန်ယူ ဆောင်ရွက်စေမည်ဆိုပါက ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည် ဖြစ်သဖြင့် ဝန်ကြီးဌာနကို ထပ်မံဖွဲ့စည်းလိုခြင်းဖြစ်ပါတယ်။ နောက်ထပ် ဖြည့်စွက်ဖွဲ့စည်းလိုသည့် ဝန်ကြီးဌာန တခုမှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန တခုဖြစ်ပါတယ်။ နိုင်ငံတကာ အရေးကိစ္စများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတကာ ဆက်ဆံရေးတွင် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန်နှင့် နိုင်ငံတကာ ရေးရာကိစ္စရပ်များကို နိုင်ငံရေးရှုထောင့်အပြင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ရှုထောင့်မှလည်း ခြုံငုံသုံးသပ်ပြီး နိုင်ငံတော် သမ္မတအား တာဝန်ခံဆောင်ရွက်မည့် ဝန်ကြီးဌာနတခု လိုအပ်လာသည့်အတွက် ၎င်း ဝန်ကြီးဌာန အသစ်ကို ဖွဲ့စည်းရခြင်းဖြစ်ပါတယ်။"
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ကိုဖွဲ့စည်းရာမှာ အရင် ပြန်ကြားရေးဝန်ကြီးဟောင်းလည်းဖြစ် အငြိမ်းစားတပ်မတော်အရာရှိဟောင်းဖြစ်သူ ဦးအောင်ကြည်ကို ဥက္ကဌ တာဝန်ပေးထားပြီး ရှေ့နေချုပ်ရုံးမှ အရာရှိဟောင်းများ၊ ဥပဒေပညာရှင်များ၊ အထူး စုံးစမ်းစစ်ဆေးရေး ဦးစီးဌာနမှ အငြိမ်းစား အရာရှိများနဲ့ အဖွဲ့ဝင် ၁၀ဦးကျော်နဲ့ဖွဲ့စည်းထား တယ်လို့ ပြည်ထောင်စုလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်းက ပြောပါတယ်။
"အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဌတာဝန်ကို ဦးအောင်ကြည် ပြည်ထောင်စု ဝန်ကြီးအငြိမ်းစားအား၎င်း၊ အတွင်းရေးမှူးတာဝန်ကို ဦးဆန်းဝင်း ညွှန်ကြားရေးမှူး အငြိမ်းသားအား၎င်း တာဝန်ပေးအပ်ရန် လျာထားပါသည်။"
ဒီလိုထပ်မံအသစ်ဖွဲ့တာနဲ့ပတ်သတ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကတော့ အမှန်တကယ်လုပ်နိုင်သူတွေနဲ့ အစိုးရယန္တယားကို အကောင်းဆုံးမောင်းနှင်နိုင်ဖို့ လက်ရှိအစိုးရအနေနဲ့ လိုအပ်နေတယ်လို့ ခုလို သုံးသပ်ပါတယ်။
"အသစ်ဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန နဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနဆိုတာက တကယ်တန်းအားဖြင့် ပြောမယ်ဆိုရင် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနကပဲ ဖြစ်ဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနကပဲ ဖြစ်ဖြစ်၊ ပူးတွဲပြီးတော့ စီမံခန့်ခွဲလို့ရတဲ့ ဝန်ကြီးဌာနတွေ ဖြစ်နေတာကိုလည်း တဖက်က တွေ့ရပါတယ်။ ဒီဝန်ကြီးဌာန ၂ ခုဟာ တကယ် လိုအပ်သလား မလိုအပ်သလားဆိုတာကို လွတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူလူထုကိုယ်စား မေးမြန်းပေးဖို့ လိုအပ်ပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ကြည့်မယ်ဆိုရင်လည်း ကျနော်တို့ ကော်မရှင်အဖွဲ့ဝင်သစ်တွေကို ဖွဲ့ပြီးတဲ့နောက်မှာ တတိုင်းပြည်လုံးအတိုင်းအတာနဲ့ ဘယ်လိုပုံစံမျိုးနဲ့ ဖော်ဆော်မလဲဆိုတာကို လွတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မေးမြန်းဖို့ လိုအပ်ပါတယ်။ လွှတ်တော်အနေနဲ့ အစိုးရနဲ့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေရဲ့ ဆောင်ရွက်ချက်တွေအပေါ်မှာ ဆောင်ရွက်နိုင်ခြင်းမရှိဘူးဆိုရင် ဒါဟာ ပြည်သူလူထုရဲ့ ယုံကြည်မှု ထောက်ခံမှုကို ထိခိုက်နိုင်တဲ့အနေအထားတွေရှိတယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်။'
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များအရ လာဘ်ပေးလာဘ်ယူမှုပပျောက်ရေးကော်မရှင်ကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်မှာ စစ်မှုထမ်း(အငြိမ်းစား) ဦးမြဝင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ဖူးပါတယ်။ဒါကို ဒီတခါမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖြစ် အမည်ပြောင်းလဲ ဖွဲ့စည်းတာဖြစ်ပါတယ်။
လက်ရှိ NLD အစိုးရလက်ထက်မှာအစိုးရ ဝန်ကြီးဌာန ၂၂ ခု ရှိရာ ဒီနေ့ ထပ်တိုးလိုက်တဲ့ ဝန်ကြီးဌာနများ ပေါင်းလျှင် အစိုးရ ဝန်ကြီးဌာန ၂၄ ခု ရှိလာမှာဖြစ်ပါ တယ်။
Your browser doesn’t support HTML5