ရခိုင်လက်နက်ကိုင်တပ်ဖဲ့ွ (AA) နဲ့ တိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်က စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Amnesty International ရဲ့ အစီရင်ခံစာသစ်က ဖော်ပြလိုက်ပါတယ်။
ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့မှာ ရခိုင်တပ်မတော် AA က ရခိုင်ပြည်နယ်မှာရှိတဲ့ ရဲကင်းစခန်းတချို့ကို စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် မြန်မာအစိုးရရဲ့ ခွင့်ပြုချက်အရ စစ်တပ်က လိုက်လံချေမှုန်းတဲ့ စစ်ဆင်ရေးတွေအတွင်း ဥပဒေမဲ့ သတ်ဖြတ်မှု၊ ဖမ်းဆီးမှု၊ ညှင်းပမ်းနှိပ်စက်မှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တာ ဖြစ်ကြောင်းလည်း ဖော်ပြထားတာပါ။
ရခိုင်ပြည်နယ်က တကျော့ပြန် စစ်ဆင်ရေးတွေမှာ မြန်မာစစ်တပ်ဟာ အရပ်သားတွေအပေါ် ခြိမ်းခြောက်တဲ့ လုပ်ရပ်တွေကို တမင်သက်သက် ကျုးလွန်နေကြောင်းလည်း Amnesty International အဖွဲ့ရဲ့ အရှေ့နဲ့ အရှေ့တောင်အာရှဆိုင်ရာ ဒါရိုက်တာ Nicholas Bequelin က ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောဆိုထားပါတယ်။
AA လက်နက်ကိုင် တပ်ဖွဲ့ဘက်ကလည်း အရပ်သားတွေကို ဖမ်းဆီးတာ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတချို့ ရှိခဲ့ကြောင်းလည်း ဖော်ပြထားတာပါ။ ရိုဟင်ဂျာ မူဆလင်တွေ အပေါ် ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေ ကျုးလွန်ခဲ့တာ ၂ နှစ် မပြည့်ခင်မှာပဲ ရခိုင်ပြည်နယ်မှာ နောက်တကြိမ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်နေတာ ဖြစ်ကြောင်းလည်း ပြောဆိုထားပါတယ်။
၂၀၁၇ သြဂုတ်လတုန်းက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အစွန်းရောက် အဖွဲ့ကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ လိုက်လံရှင်းလင်းတဲ့ စစ်ဆင်ရေးတွေမှာတုန်းကလည်း ရိုဟင်ဂျာ မူဆလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ကျုးလွန်ခဲ့ကြောင်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက စွပ်စွဲထားကြတာပါ။
ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံမထားတဲ့ မြန်မာစစ်တပ်နဲ့ အစိုးရကတော့ နိုင်ငံတကာက စွပ်စွဲနေသလောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တာမရှိကြောင်း ငြင်းဆန်ထားပြီး ကျုးလွန်သူတချို့ကို ဖော်ထုတ်အရေးယူခဲ့တာတွေ ရှိခဲ့ကြောင်းလည်း ပြောဆိုထားပါတယ်။
Your browser doesn’t support HTML5