တရုတ်-မြန်မာနယ်စပ်မှာ TNLA တအောင်းပလောင်တပ်ဖွဲ့တွေနဲ့ မြန်မာအစိုးရတပ်ဖွဲ့တွေအကြား အခုတလော ဖြစ်ပွါး နေတဲ့ တိုက်ပွဲတွေအတွင်း တရုတ်နိုင်ငံဘက်ခြမ်းကိုကျရောက်ခဲ့တဲ့ ဒုံးကျည်တွေနဲ့ သေနတ်ကျည်ဆံတွေကြောင့် သေဆုံးခဲ့ရတဲ့သူတွေထဲမှာ တရုတ်နိုင်ငံသား၂ဦးပါဝင်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။
မေလ ၁၂ရက် နေ့ကဖြစ်ပွါးခဲ့တဲ့ တရုတ်-မြန်မာနယ်စပ်ကတိုက်ပွဲတွေအပေါ် အထူးစိုးရိမ်ပူပန်တဲ့အကြောင်းနဲ့တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ကိုလည်း တရုတ်နိုင်ငံကတောင်းဆိုတယ်လို့ မနေ့ကကျင်းပတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရပုဂ္ဂိုလ် Lu Kang က သတင်းထောက်တွေကိုပြောပါတယ်။
တိုက်ခိုက်မှုတွေကြောင့် မြန်မာပြည်ဘက်ကနေ နယ်စပ်ကိုဖြတ်ပြီး တရုတ်နိုင်ငံဘက်ကိုထွက်ပြေးလာသူ သုံးရာကျော် ကိုလည်း ယာယီနေထိုင် ဖို့စီစဉ်ပေးထားတယ်လို့လည်းဆိုပါတယ်။ တရုတ်-မြန်မာနယ်စပ်ဒေသမှာ ငြိမ်းချမ်းမှုနဲ့တည်ငြိမ်မှုတွေကိုထိခိုက်စေမယ့် အဖြစ်အပျက်တွေကို ကာကွယ်တားဆီးဖို့နဲ့ တိုက်ခိုက်မှုတွေအရှိန်မမြင့်လာရအောင် အပစ်ရပ်ကြဖို့တရုတ်ဘက်က တောင်းဆိုနေတာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ပြင်မှာ ပြီးခဲ့တဲ့စနေနေ့က TNLA တအောင်းတပ်ဖွဲ့တွေနဲ့ မြန်မာ အစိုးရတပ်တွေ တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ရဲ၊ပြည်သူ့စစ်နဲ့အရပ်သား၂၀လောက်သေဆုံးခဲ့ရပြီး၂၇ဦး ဒဏ်ရာရခဲ့ပါတယ်။ မြန်မာအစိုးရကတော့ ဒီတိုက်ခိုက်မှုဟာ KIA ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ TNLA အဖွဲ့တို့ရဲ့လက်ချက်လို့ သတင်းထုတ် ပြန်ပါတယ်။ လောလောဆယ်မှာတော့ မူဆယ်မြို့မှာ အခြေအနေတွေတည်တည်ငြိမ်ငြိမ်ရှိနေပြီး နယ်စပ်ကုန်သွယ်ရေး လည်း ပြန်လည်ပတ်နေတယ်လို့ ဗွီအိုအေကစုံစမ်းသိရှိရပါတယ်။
Your browser doesn’t support HTML5