၂၀၁၆ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ရုရှားရဲ့ ကြားဝင်နှောက်ယှက်မှု ရှိမရှိဆိုတာ အပြင် တရားရေးမှာ သမ္မတ Donald Trump ဝင်ရောက်စွက်ဖက်မှု ရှိမရှိ စုံစမ်းစစ်ဆေးဖို့ ၂၀၁၇ မှာ တာဝန်အပေးခံခဲ့ရတဲ့ အထူးစုံစမ်းရေးမှုး Robert Mueller က သူ့ရဲ့ စုံစမ်းစစ်ဆေးမှုမှာ သမ္မတကို အရေးယူဖို့ ကြိုးစားခဲ့ခြင်း မရှိတာဟာ အမေရိကန် တရားဥပဒေအရ လုပ်ပိုင်ခွင် မရှိတဲ့အတွက် ဖြစ်ကြောင်းနဲ့ ဒီလို အရေးမယူနိုင် ပေမယ့်လည်း သမ္မတ အနေနဲ့ ရာဇဝတ်မှု မကျူးလွန်ဘူးလို့ ယူဆလို့ မရကြောင်း ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကို Jeff Custer ရဲ့ သတင်းလွှာကို အခြေခံပြီး ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
ဝါရှင်တန်ဒီစီမှာရှိတဲ့ တရားရေးဝန်ကြီးဌာန မှာ Robert Mueller က သူ့ကို ပေးအပ်ခဲ့တဲ့ တာဝန်ကို ဘယ်လို ထမ်းဆောင်ခဲ့တယ် ဆိုတာကို တင်ပြရင်း အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ၂၀၁၆ သမ္မတရွေးကောက်ပွဲမှာ ရုရှားက ကြားဝင်နှောက်ယှက် ဖို့ ကြိုးစားမှု ရှိမရှိ သူ ဘယ်လို အလေးနက်ထားပြီး စုံစမ်းစစ်ဆေးခဲ့တယ် ဆိုတာနဲ့ သူ့ရဲ့ တာဝန်ဝတ္တရား လုပ်ဆောင်မှုတွေကို ခုလိုရှင်းပြခဲ့တာပါ။
“ ဂျူရီလူကြီးတွေရဲ့ တရားစွဲဆိုချက် အရဆိုရင် ရုရှားစစ်တပ်ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ရုရှား ထောက်လှမ်းရေးအရာရှိတွေဟာ ကျနော်တို့ရဲ့ နိုင်ငံရေးစနစ်ကို အပြင်းအထန် တိုက်ခိုက်ဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲထားပါတယ်။ ဒါ့အပြင် သူတို့ဟာ ရှုပ်ထွေးလှတဲ့ ကွန်ပြူတာ ဆိုင်ဘာနည်းစနစ်တွေကို သုံးပြီး Clinton မဲဆွယ်အဖွဲ့ရဲ့ ကွန်ပြူတာနဲ့ ကွန်ယက်တွေကို ဖေါက်ထွင်းဖို့ ကြိုးစားခဲ့တယ် လို့လည်း စွဲဆိုချက်မှာ ဖေါ်ပြထားပါတယ်။ သူတို့ဟာ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ခိုးယူခဲ့ပြီး WikiLeaks နဲ့ အွန်လိုင်းက အကောင့်အတုတွေ ကနေ တဆင့် အချက်လက် အမှားတွေကို ဖြန့်ဝေခဲ့ပါတယ်။ သူတို့ရဲ့ အခုလို ဖြန့်ဝေမှုဟာ ကျနော်တို့ရဲ့ ရွေးကောက်ပွဲမှာ ဝင်နှောက်ယှက်ဖို့နဲ့ သမ္မတလောင်းအဖြစ်ပါဝင်ယှဉ်ပြိုင်သူကို ထိခိုက်စေဖို့ အတွက် အချိန်ကိုက် လုပ်ဆောင်တာ ဖြစ်ပါတယ်။”
သူ့ရဲ့ အစီရင်ခံစာမှာ အပိုင်း ၂ ပိုင်း ပါဝင်ပြီး ပထမပိုင်းက ရွေးကောက်ပွဲမှာ ရုရှားရဲ့ ကြားဝင်နှောက်ယှက်ဖို့ ကြိုးစားမှုတွေနဲ့ ပတ်သက်ပြီး သေသေချာချာ ဖေါ်ပြထားတာ ဖြစ်ကြောင်းလည်း Mueller ကပြောပါတယ်။ ဒုတိယပိုင်းမှာတော့ အမေရိကန်သမ္မတ Donald Trump ရဲ့ လုပ်ရပ်တွေ အပါအဝင် စုံစမ်းစစ်ဆေးမှုတွေမှာ သမ္မတက နှောက်ယှက်ဖို့ ကြိုးစားမှု ရှိမရှိ တွေ့ရှိချက်တွေကို ဖေါ်ပြထားတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။
တရားရေးဌာနရဲ့ မူဝါဒအရ သမ္မတ တဦးကို သမ္မတတာဝန် ထမ်းဆောင်နေချိန်အတွင်း ဗဟိုအစိုးရ အဆင့်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ တရားစွဲဆိုခွင့် မရှိကြောင်းနဲ့ ဒီအချက်ကြောင့် သူနဲ့ သူ့စုံစမ်းရေးအဖွဲ့က သမ္မတကို တရားစွဲဆိုဖို့ ကြိုးစားခြင်း မရှိခဲ့တာ ဖြစ်ကြောင်းလည်း Mueller ကပြောပါတယ်။
သမ္မတ Trump ကတော့ သူ့အနေနဲ့ အမှားတစုံတရာ လုပ်ခဲ့တာမရှိကြောင်း Mueller က ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့မှာ သူ့တွစ်တာကနေ ရေးပါတယ်။ Mueller ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဘာမှ အပြောင်းအလဲ မရှိကြောင်းနဲ့ အမေရိကန်ပြည်ထောင်စုမှာ အမှားကျူးလွန်ခဲ့ကြောင်း လုံလောက်တဲ့ သက်သေမရှိရင် ဒီလူဟာ အပြစ်ကင်းတယ်လို့ ပြောဆိုခဲ့တဲ့အပြင် ဒီအမှုဟာ ပိတ်လိုက်ပြီဖြစ်ပြီး ကျေးဇူးတင်ကြောင်းပါ ရေးသားခဲ့တာပါ။ ဒါပေမယ့် Mueller ကတော့ သူ့ရဲ့ စုံစမ်းစစ်ဆေးမှုကနေ သမ္မတမှာ ဘာအပြစ်မှ မရှိဘူးလို့ ပြောခဲ့တာ မဟုတ်ကြောင်းလည်း ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။
"စုံစမ်းစစ်ဆေးမှု လုပ်ခဲ့ပြီးတဲ့နောက် ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာ တကယ်လို့ သမ္မတက ဘာရာဇဝတ်မှုမှ မကျူးလွန်ခဲ့ဘူးလို့ ရှင်းရှင်းလင်းလင်း ယုံကြည်ခဲ့ရင် ဒါကို ကျနော်တို့ ထည့်ရေးခဲ့မှာပါ။”
ရာဇဝတ်မှုခင်းဆိုင်ရာမှာ လက်ရှိ တရားရေးစနစ်ထက် တာဝန်ထမ်းဆောင်ဆဲ သမ္မတကို တရားဝင် တရားစွဲဆိုနိုင်မယ့် လုပ်ငန်းစဉ်တွေ အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ လိုအပ်နေတယ်လို့လည်း Mueller ကပြောပါတယ်။ အောက်လွှတ်တော် တရားရေးကော်မတီ ဥက္ကဌ Jerry Nadler ကလည်း တကယ်လို့ သမ္မတတဦးက အမှားအယွင်းလုပ်လာ နိုင်ခြေရှိရင် တုန့်ပြန်ဆောင်ရွက်ဖို့ ကွန်ဂရက်လွှတ်တော်ရဲ့ တာဝန် ဖြစ်လာပြီလို့ ဗုဒ္ဓဟူးနေ့မှာပဲ ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။
ဒါ့အပြင် နယူးယောက် ပြည်နယ် ဒီမိုကရက် အမတ်ဖြစ်တဲ့ အောက်လွှတ်တော် တရားရေးကော်မတီဥက္ကဌ Nadler က သမ္မတကို တရားစွဲဆိုရေးနဲ့ ပတ်သက်ပြီး နည်းလမ်းအားလုံးကို လမ်းဖွင့်ထားတယ်လို့ နယူးယောက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို သတိပေးခဲ့ပါတယ်။
“သမ္မတကို တရားစွဲဆိုရေးဆိုင်ရာ မေးခွန်းတွေနဲ့ ပတ်သက်ပြီး ပြောရရင် ကျနော်တို့ဟာ ရွေးချယ်စရာ နည်းလမ်းအားလုံးကို လမ်းဖွင့်ထားပြီး ဘာကိုမှ ချန်ထားမှာ မဟုတ်ပါဘူး။ သမ္မတ Trump ကကြားဝင်နှောက်ယှက်မှု မရှိဘူး။ တရားရေးမှာ သူဝင်စွက်မှုမရှိဘူး၊ သူ့မှာ အပြစ်လုံးဝ မရှိဘူးလို့ ပြောနေတာဟာ လိမ်ညာနေတာ ဖြစ်ကြောင်း အမေရိကန် ပြည်သူတွေကို အထူးစုံစမ်းရေးမှု Mueller က ဒီကနေ့ ပြတ်ပြတ်သားသားနဲ့ ရှင်းရှင်းလင်းလင်း ချပြလိုက်တာ ဖြစ်ပါတယ်။”
ကွန်ဂရက်လွှတ်တော်ရှေ့မှောက် Mueller လာရောက် ထွက်ဆိုဖို့ ကြိုးစာမှုတွေနဲ့ ပတ်သက်ပြီး သူထုတ်ပြန်ထားတဲ့ အစီရင်ခံစာ ထက်ပိုပြီး သူ့မှာ ထွက်ဆိုစရာ ဘာမှ မရှိဘူးလို့ Mueller က ပြောကြားခဲ့သလို သူ့ရဲ့ အစီရင်ခံစာဟာ သူ့ရဲ့ ထွက်ဆိုချက်ပဲ ဖြစ်ကြောင်းလည်း ပြောပါတယ်။
ဒါ့အပြင် သူ့ရဲ့ စုံစမ်းစစ်ဆေးမှု လုပ်ငန်းစဉ်တွေ ပြီးဆုံးပြီဖြစ်ပြီး သူဟာ ဒီသီတင်းပတ်ထဲမှာပဲ အစိုးရအမှုထမ်း ရာထူးကနေ အနားယူတော့မှာ ဖြစ်ကြောင်းလည်း Mueller က ပြောပါတယ်။
Your browser doesn’t support HTML5