Your browser doesn’t support HTML5
စက္ကူခေါက်တဲ့ နည်းပညာကို ဘယ်အချိန်က စတင်တယ် ဆိုတာ သေသေချာချာ မသိ ကြပေမယ့် လက်ရှိ မြင်နေရတဲ့ Origami စက္ကူခေါက်ပုံကိုတော့ ဂျပန်နိုင်ငံမှာ အီဒို မင်းဆက် (၁၆၀၀ - ၁၈၆၈) လောက်မှာ စတင် တွေ့မြင်ရတာ ဖြစ်ပါတယ်။ Ori က ခေါက်တာ ချိုးတာ gami က စက္ကူဖြစ်ပါတယ်။
ပိုပြီး အသေးစိတ်လုပ်ဆောင်တဲ့ စက္ကူခေါက်နည်း မှာတော့ စက္ကူတချပ်လုံးကို လုံးဝ ဖြတ်တောက်မှု မရှိပဲ လိပ်ပြာတို့၊ ငှက်တို့ကအစ ဂေါဇီလာရုပ်အထိ စက္ကူကို ပုံစံအမျိုးမျိုး ချိုးပြီး ပုံဖေါ်လို့ ရပါတယ်။
ဒီ origami နည်းကို အနုပညာ တရပ်အနေနဲ့ ပုံဖေါ်ရုံတင် မကပါဘူး။ ကမ္ဘာ့ တက္ကသိုလ် အတော်များများမှာ သင်္ချာနည်းအရ လေ့လာနေကြပါပြီ။ ဒါ့အပြင် လူသုံးကုန်ပစ္စည်းက အစ အာကာသ စူးစမ်းလေ့လာရေး နယ်ပယ် အထိ အသုံးချ နေကြပါတယ်။
အိုရီဂါမိ စက္ကူခေါက်တဲ့ နည်းရဲ့ အခြေခံကစပြီး ကြည့်ရအောင်ပါ။
အိုရီဂါမီနည်းအတွက် အလွယ်ဆုံးဥပမာက စက္ကူကပ်ပုံး လုပ်ဖို့ ဆိုင်က သွားဝယ်တဲ့အခါ ပုံးကို ခေါက်ရက် စက္ကူ အချပ် ကလေးနဲ့ ရောင်းလို့ တွေ့ရတာမျိုးပါ။ ဆိုင်က ခေါက်ထားတဲ့ စက္ကူကို ပုံးဖြစ်အောင် ပြန်ပြီး ဖြန့်ယူရ ပါတယ်။ ဒါဟာ အိုရီဂါမိရဲ့ အခြေခံ အကျဆုံး ဖြစ် ပါတယ်။ ငယ်ငယ်က စက္ကူ သင်္ဘော ကလေးတွေဖြစ်အောင် ချိုးကြခေါက်ကြ တာတွေပါ။ ဒီ အိုရီဂါမီနည်းရဲ့ နောက်အလွယ်ဆုံး ဥပမာ တခုကတော့ ခေါက်ထီး ဖြစ်ပါတယ်။ သူ့ကို အိုရီဂါမီနည်းနဲ့ ခေါက်ထားတာ ဖြစ်ပါတယ်။
အခုလို လူသုံးကုန်ပစ္စည်းတွေထဲမှာ တီထွင်မှု နောက်တခုကတော့ အခု နောက်ပိုင်း ကားတွေမှာ ကားတိုက်မှု ဖြစ်တာနဲ့ ထိုင်ခုံနဲ့ ကားလက်ကိုင်ကြား မှာ ပူပေါင်းတခုပေါ် လာပြီး မောင်းသူ ဒဏ်ရာမရအောင် လုပ်ထားတာပါ။ air bag လို့ ခေါ်ပါတယ်။ အဲဒီ စံနစ်မှာ အိုရီဂါမီ နည်းနဲ့ လေအိတ်ကို ခေါက်ထားတာ ဖြစ်ပါတယ်။
နောက်တခုကတော့ ကားအပူချိန်ကို လျော့ကျအောင် လုပ်တဲ့ ရေအုံရှေ့က ပန်ကာနဲ့ အပူမှုတ်ထုတ်ပြီး အေးအောင် လုပ်ပေးတဲ့ အချပ်တွေကို အိုရီဂါမီနည်းနဲ့ လုပ်ထားပြီး ဖွင့်ချင်တဲ့ အချိန်ဖွင့်၊ ချဲ့ချင်တဲ့ အချိန်ချဲ့၊ ပိတ်ချင်တဲ့ အချိန် ပိတ်ပြီး ရေလည်လို့ ရအောင် လုပ်တဲ့ နည်းပညာသစ် ကိုလည်း စပြီး သုံးဖို့ ကြိုးစားနေကြပါပြီ။
Origami နည်းပညာကို အမေရိကန် အာကာသ လေ့လာစူးစမ်းရေးဌာန နာဆာက ဘယ်နေရာမှာ အသုံးပြုနေပါသလဲ
အာကာသသုတေသန လေ့လာရေးတွေ၊ သဘာဝ ဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ ရာသီ ဥတု လေ့လာရေးတွေနဲ့ ဆက်သွယ်ရေးတွေအတွက် ဂြိုဟ်တုတွေကို အာကာသ ထဲမှာ လွှတ်တင်ထားတာပါ။ အဲဒီ ဂြိုဟ်တုတွေ သုံးမယ့်စွမ်းအင်အတွက် လျှပ်စစ်ဓါတ် ရအောင် သူတို့ဆီမှာ ဘက်ထရီတွေ တပ်ထားတာပါ။ အဲဒီ ဘက်ထရီတွေကို အားသွင်း တဲ့ အခါ နည်း ၂ မျိုး သုံးကြပါတယ်။ thermo generator တွေ နျူကလီယား လောင်စာ fuel အသေးစားလေးတွေ ဖြစ်တဲ့ နျူကလီယား ဓါတ်ပေါင်းဖို အသေးစားလေးတွေထည့်ပြီး သုံးတာနဲ့ နေရောင်ခြည်ကနေ စွမ်းအင်ဖြည့်ပြီး သုံးတာပါ။ နေက ရတဲ့ ပြန်ပြည့်မြဲစွမ်းအင် ကို ဆိုလာပြားတွေမှာ သိုလှောင်ပြီး အဲဒီကနေ စွမ်းအင်ကို ယူသုံးတာဖြစ်ပါတယ်။
ဆိုလာ အချပ်တွေကို ဒုံးပျံနဲ့ ပစ်တင်တဲ့ေ နရာမှာ အချပ်အကြီးကြီး မဟုတ် ပဲ သေးသေးလေးဖြစ်အောင် ခေါက်ထားပါတယ်။ အာကာသထဲ မိုင် ၂၀၀ - ၃၀၀ လောက် ရောက် မှ ဖြန့်ချပြီး အချပ်အကြီးပြန်ရအောင် လုပ်တဲ့ နည်းပညာဟာ အိုရီဂါမိ နည်းကို သုံးထားတာပါ။ ဆိုလာ အချပ်က ကြီးလေလေ လျှပ်စစ်ဓါတ်ကို ပိုရလေလေ ဖြစ်ပါတယ်။ ဒါကြောင့် အာကာသထဲ လေ့လာမှု အချိန်ကြာကြာ လုပ်နိုင်အောင် လျှပ်စစ်ဓါတ်များများ ရအောင် လုပ်ရတာမို့ ဆိုလာအချပ်ကို အတော် ကြီးကြီး ဆောက် ရပါတယ်။ လွှတ်တင်မယ့် ဒုံးပျံပေါ်မှာ သိပ်ကြီးတဲ့ အချပ်ကို မထည့်နိုင် တဲ့အတွက် အသေးဆုံး ဖြစ်အောင် ခေါက်ပြီး အာကာသထဲ ရောက်မှ ပြန်ဖြန့်ဖို့ နည်းပညာကို Utah ပြည်နယ် က Brigham Young တက္ကသိုလ်နဲ့ ကယ်လီဖိုးနီးယားပြည် နယ် Los Angeles မှာ ရှိတဲ့ နာဆာက JPL - Jet Propultion Lab တို့ပူးပေါင်းပြီး အိုရီဂါမီ နည်းနဲ့ ဆိုလာပြားကို ချိုးခေါက်ပြီး အာကာသထဲရောက်မှ ဖြန့်ချဖို့ လုပ်တာဟာ အဆ ၂၀ လောက် ပိုကြီးတဲ့ ဆိုလာပြားကို ထုတ်ပေးနိုင်ပါတယ်။
သိပ္ပံပညာရှင်တွေဟာ သဘာဝမှာ ရှိတဲ့ Origami နည်းကနေ စပြီး လေ့လာနေကြ တာ ပါ။
အိုရီဂါမိနည်းကို အရင်တုန်းကလိုပဲ စက္ကူခေါက်နည်းကိုပဲ လေ့လာတာ သက်သက် မဟုတ်တော့ပဲ သင်္ချာနည်းပညာနဲ့ စက္ကူခေါက်ချိုးပုံကို သေသေချာချာ လေ့လာပြီး စူးစမ်းနေတဲ့ တက္ကသိုလ် အများအပြား ရှိလာနေပါပြီ။ ဒီလိုလေ့လာရာမှာ အခြေခံတာက သဘာဝမှာ အိုရီဂါမီနည်းနဲ့ သစ်ပင်တွေ၊ အပွင့်တွေ၊ အညွန့်တွေ၊ ဘယ်လိုထွက်လာတယ် ဆိုတာကို လေ့လာတာ ဖြစ်ပါတယ်။ ဥပမာ ပန်းတွေဟာ နေဝင်ချိန်မှာ ပြန်ငုံ သွားပြီး နေ ထွက်ချိန်မှာ ပြန်ပွင့်လာတာ မျိုးဟာ သဘာဝရဲ့ အိုရီဂါမီနည်းနဲ့ အပွင့်တွေကို ခေါက်ထား တာ ဖြစ်ပါတယ်။ နောက်ဥပမာ တခုက ထိကရုန်းပင်ပါ။ သူ့အရွက်ကလေးတွေ သေး သွား၊ ပိတ်သွားပြီး အချပ်လိုက် ကလေး ခေါက်ချိုးကျသွားတာဟာ သဘာဝရဲ့ အိုရီဂါမီနည်း တခု ဖြစ်ပါတယ်။
ဒီ origami နည်းပညာသုံး microbot စက်ရုပ်ကလေးတွေကို ဆေးလောကမှာ စပြီး သုံးနေကြပါပြီ။
ဆေးပညာမှာ အိုရီဂါမိနည်းနဲ့ စုပြီး သေးအောင်လုပ်ထားတဲ့ သံခွေလေးကို သွေးကြော ထဲထည့်၊ နှလုံး သွေးကြောတွေ ပိတ်နေတဲ့ နေရာကို ရောက်အောင်ပို့၊ ချုံ့ထားတာကို ပြန် ချဲ့ပြီး သွေးကြောပွင့်အောင် လုပ်တာမျိုး ဖြစ်ပါတယ်။ စက်ရုပ် robot ကလေးတွေဟာ ဇာကနာ ထိပ်ဖျားကလေးလောက်ပဲရှိပြီး သိပ်ကို သေးငယ်ပါတယ်။ ကြည့်လိုက်ရင် ဆဲလူလာဖုံးထဲထည့်တဲ့ GSM အချပ်ကလေးရဲ့ လေးပုံပုံ တပုံလောက်ပဲ ရှိပါတယ်။ အဲဒီ အချပ်ကလေး တွေမှာ အိုရီဂါမိနည်းနဲ့ ခေါက်ချိုးချိုရမယ့် နေရာအတွက် အရာ ကလေးတွေ ပေးထားတာဖြစ်ပြီး နဲနဲ အပူပေးလိုက်တာနဲ့ သူ့အလိုလိုခေါက်သွားပြီး စက်ရုပ်ကလေးတွေ ဖြစ်သွားတာပါ။ ဒီစက်ရုပ်ကလေးတွေဟာ သူ့အလိုအလျှောက် သွားနိုင်ပါတယ်။ သူလိုချင်တဲ့နေရာကို ပစ္စည်းကလေးတွေ သယ်သွားတာ၊ မ-သွားတာ၊ တွန်းသွားတာတွေ လုပ်လို့ ရပါတယ်။ နှလုံးတို့ အူတို့ မှာ ကုသဖို့ လိုနေတဲ့ နေရာဆီပို့ပြီး ကုသနိုင်အောင် MIT မက်ဆာချုးဆက် စက်မှုတက္ကသိုလ်က ဒီနည်းကို တီထွင်ပြီး စတင်သုံးစွဲနေပါပြီ။