မြောက်ဦးပဋိပက္ခဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် စစ်တွေ ဆေးရုံမှာ ဆေးကုသနေသူ ၈ ဦးကို အများပြည်သူပိုင် ဖျက်ဆီးမှုပုဒ်မ ၆၁ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက် ထားပါတယ်။ လက်ရှိမှာတော့ စစ်တွေဆေးရုံ အချုပ်မှာ ဖမ်းဆီးထားပြီး မိသားစုတွေနဲ့လည်း ထမင်းပို့ချိန်လောက် သာတွေ့ခွင့်ရတယ်လို့ ကာယကံရှင်တွေကပြောပါတယ်။ ဒီအကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။
ဇန်နဝါရီ ၆ ရက်ညပိုင်းက မြောက်ဦးမြို့နန်းတော်ရာကုန်းပေါ်မှာကျင်းပတဲ့ ရခိုင်နိုင်ငံတော်ကျဆုံးခြင်းအောက်မေ့ဖွယ်အခမ်းအနားကို အာဏာပိုင်တွေဘက်က တားမြစ်ရာကနေ စတင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ ဆန္ဒပြသူ ၇ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၂ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒဏ်ရာရရှိတဲ့သူတွေကို စစ်တွေဆေးရုံ မှာဆေးကုသနေစဉ်မှာပဲ ဇန်နဝါရီ ၂၃ ရက်နေ့မှာ အာဏာပိုင်တွေ စစ်တွေဆေးရုံ အချုပ်မှာ ဖမ်းဆီးထားပါတယ်။
ဖမ်းဆီးထားတဲ့သူတွေကို အများပြည်သူပိုင်ဖျက်ဆီးမှုပုဒ်မ ၆၁ နဲ့ မြောက်ဦးရဲစခန်းမှာအမှုဖွင့်အရေးယူထားပြီး စစ်ဆေးမေးမြန်းဖို့အတွက် ချုပ်နှောင်ထားတာဖြစ်တယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက VOA ကိုအခုလိုပြောပါတယ်။
"ဒီ ၁ အချက်က အခင်းဖြစ်နေရာမှာရှိခဲ့တယ်။ နောက် ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံး ဆိုတာ ဒါပြည်သူပိုင်ပစ္စည်းပေါ့နော်။ အဲ့ဒါကိုဖျက်ဆီးတဲ့အတွက် အမှုဖွင့်ထား တာဖြစ်ပါတယ်ခင်ဗျမြောက်ဦးရဲစခန်းမှာအဲ့ဒါနဲ့ပတ်သက်လို့စစ်ဆေးဖို့ရှိလို့အတွက် ဆေးရုံအချုပ်မှာပဲ လောလောဆယ်ရှိပါတယ်ခင်ဗျ။ ပုဒ်မ ၆၁ ခင်ဗျ မြောက်ဦးရဲစခန်းမှာပါ။"
ဒဏ်ရာရရှိသူ ၈ ဦးကို ဆေးရုံအချုပ်မှာ လက်ထိပ်ခတ်ထားပြီးတော့ မိသားစုနဲ့ ထမင်းပို့ချိန်သာတွေ့ခွင့်ရပါတယ်။ မိသားစုတွေကိုလည်း စကားပြောခွင့်မပေးဘူးလို့လည်း ထိန်းသိမ်းခံထားရသူ ကိုသန်းဇော်ရဲ့ဖခင်ဖြစ်သူ ဦးအေးသိန်းမောင်က အခုလိုပြောပါတယ်။
"သူတို့ကိုထားတဲ့ပုံစံကတကယ့်ကိုဗျာ၊ ဘယ်လိုခေါ်မလည်းဆိုတော့ ပြောရရင်တော့ ဒီလူနာကုတင်မှာထားတယ်လေ။ လူနာကုတင်မှာထားပြီးလို့ရှိရင် အဲ့လူနာတွေကို လက်ထိပ်ခတ်ထားတယ်ဗျာ။ လက်ထိပ်ခတ်ပြီးလို့ရှိရင် လက်ထိပ်မှာ သံကြိုး အရှည်ကြီးပါတယ်လေ။ အဲ့သံကြိုးကိုမှ ဟိုဘက်အစွန်းကနေတခါ ကုတင်မှာ အဲ့သံကြိုးနဲ့ချည်ပြီး ဟိုဘက်က သော့ခတ်ထားတယ်ဗျာ။ ကုတင်မှာသော့ခတ်ထားတယ်။ ဆေးရုံအချုပ်မှာ အဲ့လိုထားတယ်ဗျာ။ အဲ့လူနာတွေက သွားလို့လည်းမရဘူး သူတို့နဲ့စကားပြော လို့လည်းမရ ဘူး။ သွားပြီးတော့ထမင်းသွားကျွေးလိုက် ထမင်းသွားကျွေး ခိုင်းတယ်။ ထမင်းသွားကျွေးပြီးရင် ပြန်ထွက်ခိုင်းတယ်။ သူတို့ကို ဘာပုဒ်မနဲ့ ဖမ်း တယ်ဆိုတာလည်း မသိရသေးဘူး။ ဘာမှလည်းမပြောဘူး။ ဒီအတိုင်းပဲ ခေါ်ပြီးတော့ အတင်းဝင်ပြီးတော့ လက်ထိပ်ခတ်တယ် ပြီးရင်အတင်းဝင်တယ် ပြီးလို့ရှိရင် အချုပ်ခန်းထဲကို အတင်းအဓမ္မပြောင်းတယ်။"
မြောက်ဦးနန်းရာတော်ကုန်းဟာ ရှေးဟောင်းအမွေအနှစ်နေရာဖြစ်တဲ့အတွက် ရှေးဟောင်းဌာနနဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးတို့က အဲ့နေရာမှာကျင်းပခွင့်ကို တားမြစ်ခဲ့ပြီး ကျင်းပရေးကျော်မတီကလည်း အခမ်းအနားကိုဖျက်သိမ်းဖို့ ဆုံးခဲ့ရာမှာတော့ မကျေနပ်တဲ့မြို့ခံတွေက ခရိုင်ရဲတပ်မှူးရုံးကို ချီတက်ဆန္ဒပြခဲ့ကြရာမှာ ခဲတွေနဲ့လှမ်းပစ်ခဲ့တာကြောင့် သေနတ်နဲ့ပစ်ခတ်ပြီး လူစုခွဲခဲ့တာဖြစ်ပါတယ်။
အစိုးရဘက်က ပဋိပက္ခကို ရဲတပ်ဖွဲ့ဝင်တွေက ရဲလုပ်ငန်းအဆင့်ဆင့်နဲ့တားမြစ်ခဲ့ပေမယ့် ပိုဆိုးလာလို့ သေနတ်နဲ့ပစ်ခတ်ရတာဖြစ်ပြီးတော့ ပဋိပက္ခကြောင့် ရဲတပ်ဖွဲ့ဝင် ၂၀ ဒဏ်ရာရရှိခဲ့ပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာလည်း ပျက်စီးမှုတွေရှိခဲ့တယ်လို့ သတင်းထုတ် ပြန်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်ရသေ့တောင်မြို့မှာ ဒီလ ၁၅ ရက်က ဟောပြောတာနဲ့ပတ်သက်ပြီး အမ်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ကို နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု နိုင်ငံတော်အကြည်ညိုပျက်စေမှုစတဲ့ ပုဒ်မတွေနဲ့အမှုဖွင့်ထားပါတယ်။
Your browser doesn’t support HTML5