ဧဝရက်တောင် နိမ့်သွားမသွား တိုင်းတာမည် 

နီပေါနိုင်ငံမှာရှိတဲ့ ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ကြီးရဲ့ အမြင့်ကို ထပ်တိုင်းနိုင်ဖို့ အစိုးရရွေးချယ်ထားတဲ့ တောင်တက်အဖွဲ့တစ်ခုကို စေလွှတ်တော့မယ်လို့ နိပေါ အစိုးရအရာရှိတွေက တနင်္လာနေ့က ပြောပါတယ်။

ဒီကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ကြီး နိမ့်ကျသွားတယ်လို့ ခန့်မှန်းချက်တွေ ဆက်တိုက် ထွက်လာခဲ့အပြီးမှာ တောင်ကြီး နိမ့်ကျသွားမသွား အသေချာသိနိုင်ဖို့ တိုင်းတာရေးအဖွဲ့ကို စေလွှတ်ရတာလို့ နီပေါအရာရှိတွေက ဆိုပါတယ်။

အစိုးရတိုင်းတာရေး တောင်တက်အဖွဲ့အနေနဲ့ ဗုဒ္ဓဟူးနေ့ကျရင် နီပေါနဲ့ တရုတ်နိုင်ငံနယ်စပ်အကြား ဟိမဝန္တာတောင်တန်းမှာရှိတဲ့ ဧဝရက်တောင်ကြီးပေါ်ကို စတက်မှာဖြစ်ပါတယ်။

ဧဝရက်တောင်ရဲ့ တရားဝင် အမြင့်ပေက ၂၉၀၂၉ ပေ ရှိပြီး ၁၉၅၄ ခုနှစ်မှာ ပထမဆုံးအကြိမ်အဖြစ် ခုလို မှတ်တမ်းတင်ခဲ့တာပါ။ တခြားအဖွဲ့ပေါင်းများစွာ နောက်ပိုင်းတိုင်းတာခဲ့ကြပေမဲ့ ဒီ ၁၉၅၄ တုန်းက အမြင့်ကိုပဲ အများလက်ခံလာခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၁၅ ခုနှစ် နီပေါ ငလျှင်ကြီး လှုပ်ခပ်မှုကြောင့် ဒီတောင်ထိပ်ရဲ့ အမြင့်ဆုံးအပိုင်း ပြိုကျခဲ့တယ်လို့ ပြောဆိုချက်တွေဖြစ်လာခဲ့ပြီး အခုလို အငြင်းပွားမူတွေ ဖြစ်လာခဲ့တာပါ။

အခု အဖွဲ့ဝင် ၄ ဦးပါတဲ့ တိုင်းတာရေးအဖွဲ့အနေနဲ့ ကမ္ဘာ့အမြင့်ဆုံးနေရာရောက်ရင် ကြုံလာရနိုင်တဲ့ အန္တရာယ်တွေကို ရင်ဆိုင်နိုင်ဖို့ လေ့ကျင့်မှုတွေနဲ့အတူ အောက်ခြေကနေတိုင်းတာမှုတွေလုပ်ပြီး တောင်ထိပ် အမြင့်အမှန်ရအောင် တိုင်းတာနိုင်မယ့် နည်းလမ်းရှာဖွေမှုတွေကို (၂) နှစ်လောက် အချိန်ယူပြင်ဆင်ခဲ့ကြ တာဖြစ်ပါတယ်။ သူတို့ဟာ ကျန်တဲ့ အချက်အလက်တွေကို ကောက်ယူနိုင်မယ့် နောက်ဆုံးပေါ် ခေတ်မီ ကရိယာတွေနဲ့အတူ တောင်ထိပ်ရောက်အောင် တက်ကြမှာလည်း ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဧဝရက်တောင် နိမ့်သွားမသွား တိုင်းတာတော့မည်