ဆီးရီးယား Aleppo အနီး တိုက်ပွဲ လူ ၇၀ ကျော် သေဆုံး

ဆီးရီးယား Aleppo မြို့။

ဆီးရီးယားနိုင်ငံ Aleppo မြို့နားက ကျေးရွာတခုမှာ အယ်လ်-ကိုင်းဒါးအဖွဲ့နဲ့ အချိတ်အဆက်ရှိတဲ့ လက်နက်ကိုင်တွေနဲ့ ဆီးရီးယား အစိုးရတပ်တွေအကြား တိုက်ပွဲတွေအတွင်း လူ ၇၃ ယောက် သေဆုံးသွားတယ်လို့ ဆီးရီးယား လူ့အခွင့်အရေးအခြေအနေ စောင့်ကြည့်လေ့လာရေးအဖွဲ့က ဒီကနေ့ပြောပါတယ်။

အစိုးရစစ်တပ်နဲ့ တရက်နီးပါးကြာ တိုက်ခိုက်ကြပြီးတဲ့နောက် Khan Touman ရွာနဲ့ ပတ်ဝန်းကျင်က တခြားရွာတွေကို အစွန်း ရောက် ဂျီဟဒ်ဝါဒီတွေက ဒီကနေ့ အစောပိုင်းမှာ ပြန်သိမ်းသွားပါတယ်။

Aleppo နားက Khan Touman ရွာ

အဲဒီ့ရွာဟာ Aleppo မြို့ အနောက်တောင်ဘက် ၁၅ ကီလိုမီတာ အကွာလောက်မှာ ရှိပါတယ်။ ရွာဟာ Damascus-Aleppo အဝေး ပြေးလမ်းမနဲ့ နီးတာကြောင့် သူပုန်တွေအတွက် မဟာဗျူဟာမြောက် အရေးပါတဲ့နေရာတခုပါ။ အဲဒီအဝေးပြေးလမ်းဟာ ဒမတ်စ်ကပ်စ်မြို့တော်နဲ့ ဆီးရီးယားအနောက်ဘက် နယ်စပ်တလျှောက်က အဓိကမြို့ကြီးတွေကို ဆက်သွယ်တဲ့လမ်းပါ။

Jaish al-Fatah လို့သိကြတဲ့ အစ္စလာမ်အစွန်းရောက် လက်နက်ကိုင်တစုက တိုက်ခိုက်တာဖြစ်ပြီး Aleppo မြို့မှာ တိုက်ခိုက်တာ တွေ အရှိန်လျော့သွားဖို့ အမေရိကန်နဲ့ ရုရှားတို့ မကြာသေးခင်က ကြိုးစားတာကို ဒီအဖွဲ့က ပယ်ချထားပါတယ်။