ပြီးခဲ့တဲ့ ဇွန်လထဲ ဒိုက်ဦးအကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသား ၃၇ ဦး ခေါ်ထုတ်ခံရပြီး ပျောက်ဆုံးနေတာမှာ ဒီအထဲက ၈ ဦး သေဆုံးကြောင်း အတည်ပြုနိုင်တယ်လို့ နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။ မတရား ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးရသူတွေ ခုရက်ပိုင်း ပိုများလာနေတဲ့အကြောင်း နဲ့ အရေးပေါ် စုံစမ်းစစ်ဆေးမှုတွေ အမြန်ဆုံး လုပ်ဆောင် လိုအပ်နေတယ်လို့လည်း ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတာကို မဆုမွန် က တင်ပြပေးပါမယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့က ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင်ကနေ ခေါ်ထုတ်ခံရပြီး ပျောက်ဆုံးနေတဲ့ နိုင်ငံရေး အကျဉ်းသား ၃၇ ဦး ရှိခဲ့ပြီး ဒီအထဲက ၂ ဦး သေဆုံးကြောင်းကို ဒိုက်ဦးအကျဉ်းထောင် ဦးစီးအရာရှိက ဒီလ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ သက်ဆိုင်ရာမိသားစုတွေကို အကြောင်းကြားခဲ့တယ်လို့ နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောပါတယ်။ ဒီနှစ်ဦးအပြင် အခုနောက်ဆုံး ဇူလိုင်လ ၁၉ ရက်နေ့အထိ AAPP က စုံစမ်းသိရသလောက်မှာ ဒိုက်ဦးထောင်က ပျောက်ဆုံးနေတဲ့ နိုင်ငံရေးအကျဥ်းသား ၃၇ ယောက်ထဲမှာ သေဆုံးသူ ၈ ဦးအထိ အတည်ပြုနိုင်တယ်လို့ AAPP က ပြောပါတယ်။
ဒိုက်ဦးထောင်၊ သာယာဝတီထောင်နဲ့ မြင်းခြံ ထောင်တွေမှာ နိုင်ငံရေး အကျဉ်းသားတွေကို အကျဉ်းထောင်ထဲကနေ ခေါ်ထုတ်ရိုက်နှက် စစ်ဆေးတာတွေ စစ်ကောင်စီဘက်က ခုနောက်ပိုင်း ခပ်စိပ်စိပ် လုပ်လာနေပြီး ဒီအထဲမှာ သေဆုံးသူတွေနဲ့ အသက်အန္တရာယ် စိုးရိမ်ရသူတွေ ရှိတဲ့အကြောင်း AAPP က တာဝန်ရှိသူတဦးက ဗွီအိုအေကို ခုလိုပြောပါတယ်။
"နိုင်ငံရေး အကျဉ်းသားတွေကို အကျဉ်းထောင်အာဏာပိုင်တွေ ဘက်ကနေပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့ နိုင်ငံရေး အကျဉ်းသား ဖြစ်တဲ့အတွက်ကြောင့် ရည်ရွယ်ချက်ရှိရှိနဲ့ ညှင်းပန်းနှိပ်စက်တာတွေ မတရားအနိုင်ကျင့် တာတွေက တောက်လျှောက် နေရာတိုင်း ထောင်တိုင်းမှာ ကြားနေရတယ်။ ဒီလိုကိစ္စမျိုးတွေမှာ ထောင်ဝန်ထမ်းတွေအပြင် ရာဇဝတ်အကျဉ်းသားတွေ ကိုပါ နိုင်ငံရေးအကျဉ်းသားတွေကို ညှင်းပန်းနှိပ်စက်ခိုင်းတဲ့ကိစ္စတွေနေရာအနှံ့ကြားနေရတယ်။ အဲလိုပဲ ထောင်တွေမှာ ထောင်တွေထဲကနေပြီးတော့ စစ်တပ်ကနေမှ နိုင်ငံရေး အကျဉ်းသားတွေကို အပြင်ကိုခေါ်ထုတ်တယ်။ အပြင်မှာ စစ်ကြောရေး လုပ်တယ်။ အဲ့လိုစစ်ကြောရေးလုပ်ရင်းနဲ့ အသက်ပါပေးလိုက်ရတဲ့သူတွေ၊ တကယ့်ဒဏ်ရာဒဏ်ချက်တွေနဲ့ ညှင်းပန်းနှိပ်စက်မှုဒဏ်တွေနဲ့ အကျဉ်းထောင်ထဲပြန်ပို့ခံရတဲ့သူတွေ အဲလိုတွေကြားနေရတယ်။ ဒီကာလတွေ ကတော့ အကျဉ်းထောင်တွေမှာ အင်မတန်ဆိုးဝါးတဲ့ အခြေအနေမျိုးဖြစ်တာပေါ့နော်။ အခုဆို အကျဉ်းထောင်ထဲမှာ ငါတို့အလှည့်ဘယ်တော့များလာမလဲ ဆိုပြီးတော့ စိုးရိမ်ပူပန်တာမျိုးတွေ ဖြစ်နေတယ်။"
AAPP က အတည်ပြုနိုင်တဲ့ သေဆုံးသူ ၈ ဦးကတော့ ခန့်လင်းနိုင်၊ ကိုပြည့်ဖြိုးဟိန်း၊ ကိုဇင်မြင့်ထွန်း၊ ကိုဝေယံလွင်၊ ကိုဇင်ဝင်းထွဋ်၊ ကိုအောင်မျိုးသူ၊ ကိုဘိုဘိုဝင်းနဲ့ ကိုနေအေးတို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ မတရားဖမ်းဆီးခံပြီး စစ်ကြောရေးမှာညှင်းပမ်း နှိပ်စက်မှုကြောင့် သေဆုံးသွားရတဲ့သူတွေ၊ စစ်ကောင်စီက မြို့ရွာတွေထဲ စစ်ကြောင်းထိုးပြီး လူသတ်မီးရှို့မှုတွေအတွင်း သေဆုံးရသူတွေနဲ့ အကျဉ်းထောင်တွင်းသေဆုံးမှုတွေ အခုရက်ပိုင်းအတွင်း ပိုပြီး များလာတယ်လို့လည်း AAPP က ပြောပါတယ်။
ဒိုက်ဦးထောင်မှာတင်မဟုတ်ဘဲ တခြားသော အကျဉ်းထောင် တချို့မှာလည်း နိုင်ငံရေးအကျဥ်းသားတွေ ခေါ်ထုတ်ခံရပြီး သေဆုံးတာ၊ ပျောက်ဆုံးတာ၊ လွတ်ရက်စေ့ပြီးမှ ပြန်လည် ခေါ်ဆောင်ခံရပြီး ပျောက်ဆုံးနေတာတွေလည်း ရှိတယ်လို့ AAPP က ထောက်ပြထားပါတယ်။
အလုပ်သမားရေး တက်ကြွလှုပ်ရှားသူ ကိုသက်နှင်းအောင် ဆိုရင် ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က သထုံထောင်ကနေ လွတ်ရက်စေ့လို့ ပြန်လွတ်လာပေမဲ့ ပြန်လည် ခေါ်ဆောင်ခံခဲ့ရပြီး ခုထိ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ မိသားစုက သွားကြိုချိန်မှာ ခဏသာ တွေ့လိုက်ရပြီး ထောင်အထွက်နားမှာပဲ စစ်ကောင်စီ စုံစမ်းရေးအဖွဲ့က လူတွေက ပြန်လည် ခေါ်ဆောင် သွားတာ ခံခဲ့ရသလို၊ ဘယ်နေရာကို ခေါ်သွားသလဲ ဆိုတာ ခုထိ မသိရဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတဦးက ဗွီအိုအေကို ပြောပါတယ်။
"ဘယ်မှာမှလဲ စုံစမ်းလို့မရဘူး။ ဘာမှလဲ စုံစမ်းလို့မရဘူးလေ ဒီလိုဘာမှမသိရဘူးဘဲပေါ့။ ကျနော် တို့ကတော့ သူတို့အမှု ထပ်တင်မယ်ဆိုလဲ ထပ်တင်တယ်။ စစ်ဆေးနေတယ်ဆိုလဲ စစ်ဆေးနေတယ်ပေါ့။ ဘယ်မှာရှိတယ် ဆိုတာလေးကို သိသင့်တယ်ထင်တယ်။ ဘယ်မှာရှိနေတယ်ဆိုတာ မသိတော့ ဘယ်ကို လိုက်ရမှန်းမသိဘူးပေါ့။"
မိသားစုက ထောင်အာဏာပိုင်တွေဆီ အဆင့်ဆင့် မေးပေမဲ့ ခုချိန်ထိ ဘာမှမသိရသေးဘဲ အဆက်အသွယ်မရ ပျောက်ဆုံးနေတာလို့လည်း ပြောပါတယ်။ ဒါ့အပြင် အဲဒီနေ့က ကိုသက်နှင်းအောင် အပါအဝင် ၃ ဦး ပျောက်ဆုံးခဲ့တာ ဖြစ်ပြီး ၃ ဦးစလုံးက နိုင်ငံရေး အကျဉ်းသားတွေ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
ကိုသက်နှင်းအောင်ကို ၂၀၂၁ ခုနှစ် ဇွန်လမှာ စစ်ကောင်စီက ကရင်ပြည်နယ် မြဝတီမှာ ဖမ်းဆီးခဲ့ပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)နဲ့ တရားစွဲပြီး ၂၀၂၂ ဒီဇင်ဘာလ ၅ ရက်နေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် အပြင် ငွေဒဏ် ကျပ် ၂၀,၀၀၀ ချမှတ်ခဲ့တာဖြစ်ပါတယ်။
ကိုသက်နှင်းအောင်လိုပဲ လွတ်ရက်စေ့ပေမဲ့ တကယ်မလွတ်မြောက်ဘဲ ပြန်လည် ခေါ်ဆောင် ခံရပြီး ပျောက်ဆုံးနေသူတွေ အမြောက်အများ ရှိနေပြီး အာဏာသိမ်းပြီး ချိန်ကနေ ခုကာလအထိ အယောက် ၁၀၀ နီးပါး ရှိနေတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည် ကလည်း ပြောပါတယ်။
"ထောင်တွေရဲ့အခြေအနေက အဆိုးရွားဆုံးနဲ့ အပြင်းထန်ဆုံးဖြစ်နေတယ်။ နိုင်ငံတကာအနေနဲ့ကော အိုင်စီအာစီအနေနဲ့ကောက အဲဒါနဲ့ပတ်သတ်လို့ ဖိအားမပြောနဲ့တွန်းအားတောင်ပေးတာတွေက မတွေ့ရသလို အန်ယူဂျီ လူ့အခွင့်အရေးဝန်ကြီး ဌာနအနေနဲ့ကလည်း နိုင်ကျဉ်းတွေ ဒီလိုဖြစ်နေတဲ့ကိစ္စနဲ့ပတ်သတ်လို့ ဘာပဲပြောပြော စတိတ်မန့်တစောင်ပေါ့နော်၊ သူတို့ အင်တာဗျူးပေါ့နော်၊ အဲဒါတွေကလည်း နှုတ်ဆိတ်နှုတ်ပိတ်နေတာတွေတွေ့ရတဲ့အခါကျတော့ အခုသူတို့က အပြစ်ပေး အရေးယူခြင်းမှ ကင်းလွတ်နေတာ။ ဒီအစိုးရအကြမ်းဖက် စကစက၊ ပိုသထပ်ပို တိုးပြီးတော့ လက်ရဲဇတ်ရဲလုပ်လာတာကတော့ လက်တွေ့ကျကျ ဒို့နိုင်ကျဉ်းတွေအပေါ်မှာလည်း အကြမ်းဖက် သတ်ဖြတ်တာ ရှိလာပြီ လူမသိသူမသိကော လူသိတာတွေကော သူတို့လုပ်လာတဲ့အခါကျတော့ အဲဒါတွေကို ဒီတိုင်းပဲဆက်ပြီးတော့ နိုင်ငံတကာကနှုတ်ပိတ်နေမယ် နှုတ်ဆိတ် နေမယ်၊ ထိရောက်သော လက်တွေ့ကျသော အရေးယူမှုတွေမရှိဘူးဆိုရင်တော့ သူတို့ဘက်က ပိုသထက်ပိုတိုးပြီးတော့ အကြမ်းဖက် ဖိနှိပ်မှုတွေ အကြမ်းဖက်သတ်ဖြတ်မှုတွေဆက်ပြီးတော့ ကျူးလွန်နေမယ်လို့ ရှုမြင်သုံးသပ်တယ်ပေါ့နော်"
ခုလို တရားလက်လွတ် အနိုင်ကျင့် သတ်ဖြတ်နေတာတွေနဲ့ပတ်သက်လို့ အရေးပေါ်စုံစမ်းစစ်ဆေးမှုတွေ အမြန်ဆုံးလုပ်ပြီး ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ ချက်ချင်း ဆောင်ရွက်ကြဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အစိုးရတွေ၊နိုင်ငံတကာ တရားရေးမဏ္ဍိုင် အဖွဲ့အစည်းတွေကို AAPP ကလည်း တိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေအတွင်း သတ်ဖြတ်ခံရသူ ၃၈၀၀ ကျော် ရှိပြီး ဖမ်းဆီး ထိန်းသိမ်းခံရသူ ၁၉,၀၀၀ ကျော်ရှိတဲ့အကြောင်းနဲ့ ဒီအထဲက အများစုက ဆက်လက် ထိန်းသိမ်းခံနေရဆဲ ဖြစ်တဲ့အကြောင်း AAPP က ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီကတော့ AAPP က ထုတ်ပြန်တဲ့ စာရင်းတွေဟာ ချဲ့ကား ဖော်ပြထားတာ ဖြစ်တယ်လို့ စွပ်စွဲ ပြောဆိုလေ့ရှိပါတယ်။
Your browser doesn’t support HTML5