မိုးသည်းထန်စွာရွာသွန်းလို့ မြေပြိုမယ့်အန္တရာယ်ကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဒုက္ခသည်စခန်းတွေက သိန်းချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဘေးကင်းရာ အမြန်ဆုံးရွှေ့ပြောင်းကြဖို့ HRW လူ့အခွင့်အရေးအဖွဲ့က အရေးပေါ်ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ အခုဆိုရင်တော့ ဒုက္ခသည်တွေဟာ သူတို့ရဲ့ယာယီတဲအိမ်လေးတွေကို ပိုခိုင်ခန့်အောင် တည်ဆောက်နေကြသလို မြေပြိုကျနိုင်တဲ့ အန္တရာယ်ရှိတဲ့နရာတွေမှာ နေထိုင်သူတွေကတော့ အမြန်ဆုံးရွှေ့ပြောင်းနေကြတယ်လို့ ဒုက္ခသည်တွေကပြောပါတယ်။ လတ်တလောမှာတော့ စားနပ်ရိက္ခာနဲ့ အခြေခံဆေးဝါးပစ္စည်းတွေ ဒုက္ခသည်တွေအတွက် မပြတ်လပ်စေရေး ကုလအဖွဲ့တွေဘက်ကတော့ ကြိုးပမ်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အခုဆိုရင် မိုးများရေကြီးပြီးတော့ မုန်တိုင်းဒဏ်ခံရနိုင်တဲ့ မုတ်သုံမိုးရာသီ အချိန်ရောက်လာပြီဖြစ်တဲ့အတွက် ဒုက္ခသည်စခန်းတွေမှာ မြေပြိုနိုင်တဲ့အန္တရာယ်တွေ ရှိလာနေလို့ ကုလသမဂ္ဂနဲ့ အခြားလူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့ပေးရေး နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အကူအညီယူပြီးတော့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေနဲ့ ဒုက္ခသည်စခန်း တာဝန်ရှိသူတွေအနေနဲ့ ဒုက္ခသည်တွေကို ဘေးကင်းရာနေရာတွေကို အမြန်ဆုံး အရေးပေါ်ရွှေ့ပြောင်းပေးဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က မေလ ၂၃ရက်နေ့ရက်စွဲ နဲ့ အရေးပေါ် တိုက်တွန်းကြေညာချက် ထုတ်ပြန်လိုက်တာပါ။
လတ်တလောမှာတော့ ဒုက္ခသည်စခန်းနေ သိန်းချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ ကူညီကယ်ဆယ်ရေးစခန်းတွေမှာ တာပေါ်လင် ရွက်ဖျင်တဲလေးတွေ ဝါး ၊ ပလက်စတစ် အမိုးအကာလေးတွေနဲ့ တည်ဆောက်ထားတဲ့ ယာယီတဲလေးတွေထဲမှာ ခိုလှုံနေထိုင်နေကြရတာပါ။ အခုဆိုရင်တော့ ဒုက္ခသည်စခန်းတာဝန်ရှိသူတွေက ဒုက္ခသည်တွေအတွက် ပို ခိုင်ခန့်တဲ့ တဲအိမ်တွေ ဆောက်လုပ်နိုင်အောင် ဝါး၊ ရွက်ဖျင်စတွေ ပေးပြီး အမြန်ဆောက်လုပ်နေကြသလို ဘေးကင်းရာနေရာတွေကိုလည်း မိသားစုလိုက် အရေးပေါ် ရွှေ့ပြောင်းနေကြတယ်လို့ ကုလုပလောင်ဒုက္ခသည်စခန်း ဦးမောင်မောင်က ဗွီအိုအေမြန်မာပိုင်းကိုပြောပြပါတယ်။
"အခုလောလောဆယ်ကျေနာ်တို့ဒီမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒီမှာ မြေပြိုမှုတွေက လောလောဆည်ရှိတယ်။ ဒီမှာ မြေပြိုဖို့ စိုးရိမ်နေရတဲ့အနေအထား စခန်းထဲမှာ မြေပြိုဖို့ နေရာတော်တော်များများရှိတယ်။ အဲဒီနေရာမှာ UN, IOM နဲ့ တခြား UNHCR တို့ပူးပေါင်းပြီးတော့ တခြားနေရာကို ရွှေ့ပြောင်းခိုင်းတာတို့ ရှိတယ်။ အခုက ဒီမှာ အိမ်တွေဘာတွေ ဆောက်ပြီးသွားတာလည်း ရှိပြီးပြီ။ အခုကျနော်တို့ဆိုရင် ဝါးတွေဘာတွေလည်းဆောက်ပြီးသွားတာလည်းရှိပြီ။ အခုကျတော် ကုတုပလောင်စခန်းထဲမှာပဲနေတယ်။ ဒီမှာရှိတဲ့အဖွဲ့အစည်းတွေက လောလောဆည်သူတို့ တအားကြိုးစားနေတယ်။ ဒီမှာမိုးရာသီရောက်နေလို့ တအားကြိုးစားနေတယ်။ ကျနော်တို့ camp ထဲမှာဆိုရင် အိမ်က ၄၀-၅၀ လောက်တခါတည်းပျက်စီးသွားတယ် ၊ မိုးနဲလေနဲ့မှာ ပါသွားတယ်။"
ပြီးခဲ့တဲ့သီတင်းပတ်က မြေပြိုကျမှုအတွင်း ကုတုပလောင်ဒုက္ခသည်စခန်းကရော ဘာလူခါလီ ဒုက္ခသည်စခန်းတွင်းကပါ တဲအိမ်ငယ်လေးတွေတချို့ မြေပြိုကျတဲ့ဒဏ်ကို ခံလိုက်ရတဲ့အတွက် ဘေးလွတ်ရာကို အမြန်ဆုံးရွှေ့ပြောင်းနေကြရတယ်လို့လည်း ဘုလုခါလီဒုက္ခသည်စခန်း ကိုမျိုးသန့်ကလည်း လက်ရှိနေရာရွှေ့ပြောင်းနေရတဲ့ အခြေအနေကို ပြောပြပါတယ်။
"အခုက ရာသီဥတု မိုးသည်းထန်မှုကြောင့် တချို့တဲတွေ ပျက်စီးခဲ့တာလည်းရှိပါတယ်။ ဘုလုခါလီနဲ့ တခြားစခန်းမှာလည်း အဲလိုမျိုးဖြစ်ခဲ့တာရှိတယ်။ ဆိုတော့ အရေးပေါ်တည်းဖို့ တဲအိမ်လေးတွေဆောက်နေတာလည်းရှိပါတယ်။"
အခုလတ်တလောမှာတော့ ကုန်းမြင့်နေရာတွေမှာ ဆောက်ထားတဲ့ ဒုက္ခသည်စခန်းတွေအတွက် လူသားချင်းစာနာမှုအကူညီတွေ ပေးပို့နိုင်အောင် အဝင်လမ်းတွေ မချော်သွားရအောင် မြေပြိုကျမှုကြောင့် လမ်းပမ်းဆက်သွယ်ရေးမထိခိုက်ရအောင် အရေးပေါ် ဆောင်ရွက်နေကြသလို အခုအချိန်အထိကတော့ စားနပ်ရိက္ခာနဲ့ ဆေးဝါးကူညီကယ်ဆယ်ရေးပစ္စည်းတွေ မပြတ်မလပ်ဒုက္ခသည်တွေဆီ အမြန်ရောက်နိုင်အောင် သက်ဆိုင်ရာတာဝန်ရှိသူတွေက အရေးပေါ်ဆောင်ရွက်နေကြတယ်လို့ ဦးမောင်မောင်က ပြောပြပါတယ်။
"တချို့ခက်တဲ့နေရာမှာတွေလည်းရှိတယ်၊ ဒီမှာတော့ လောလောဆည်အဆင်ပြေပါတယ်။ နောက်ထပ် NGO , IOM တွေလည်း ကူတယ်။ ဒီမှာရှိတဲ့လူတွေက များတယ် ၊ များတော့ တခြားလုပ်ပြီးတဲ့နေရာမှာ သူတို့ အခြေအနေကြည့်ပြီးတော့ လုပ်ပေးနေတာပါ။"
Human Rights Watch အဖွဲ့ ဒုက္ခသည်အခွင့်ရေးဆိုင်ရာ ဒါရိုက်တာ Bill Frelick ကတော့ တချို့ ဒုက္ခသည်တွေရဲ့ နေအိမ်လေးတွေဟာ မိုးကျလာတာနဲ့ ပျက်စီးကုန်သလို သူတို့နေထိုင်ရာ နေရာက လမ်းတွေကလည်း သိပ်ချော်တဲ့အတွက် အန္တရာယ် ကြီးတာမို့ ရိုဟင်ဂျာတွေဟာ ကပ်ဘေးတခု ကျလာမှာကို စောင့်နေတဲ့ အနေထားဖြစ်နေတယ်လို့ သတင်းထုတ်ပြန်ချက်ထဲ ထည့်သွင်းပြောဆိုထားပါတယ်။ ရခိုင်မြောက်ပိုင်းအကြမ်းဖက်မှုတွေရဲ့နောက်ပိုင်း မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကကို တိမ်းရှောင်သွားပြီး ဒုက္ခသည် စခန်းတွေမှာ ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် ဒုက္ခသည်ပေါင်း ၇ သိန်းကျော် ခိုလှုံနေထိုင်နေကြပါတယ်။
Your browser doesn’t support HTML5