မုံးကိုး ဖောင်းဆိုင်ဒေသ တိုက်ပွဲပြင်းထန်ခဲ့

Kokang တပ်ဖွဲ့ဝင်များ (ယခင်ပုံဟောင်း)

[[Zawgyi/Unicode]]

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကိုးမြို့အရှေ့ဘက် ဖောင်းဆိုင်ဒေသ မှာ စစ်ကောင်စီနဲ့ ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင် MNDAA အဖွဲ့တို့ စနေနေ့ညကစတင် တိုက်ပွဲပြင်းထန်ခဲ့ပေမယ့် ဒီကနေ့ တနင်္လာနေ့မှာတော့ တိုက်ပွဲ အနည်းငယ်ငြိမ်သက်ခဲ့ပါတယ်။ ဒါပေမဲ့ လက်နက်ကြီးပစ်ခတ်သံတွေ ကြို့ကြား ကြားနေရကြောင်း ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်ကလာတဲ့ မုံးကိုး၊ ဖောင်းဆိုင်ဘက်က တိုက်ပွဲသတင်းကို ကိုအောင်မြတ်သူက တင်ပြပေးထားပါတယ်။

စစ်ကောင်စီနဲ့ တရုတ်နယ်စပ်အခြေစိုက်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့ ဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့မှာ ငြိမ်းချမ်းရေး၊ ကျန်းမာရေးနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေ ဆွေးနွေးခဲ့ပေမယ့် မုံးကိုး၊ ဖောင်းဆိုင် ဒေသဘက်မှာတော့ စစ်ကောင်စီနဲ့ MNDAA ကိုးကန့်တပ်ဖွဲ့အကြားမှာ တိုက်ပွဲတွေ လျော့ကျမသွားဘဲ ဆက်လက် ပြင်းထန်နေတာပါ။

မုံးကိုး ဒေသခံဦးက ပြီးခဲ့တဲ့ စနေ၊တနင်္ဂနွေမှာ ဖောင်းဆိုင်ဘက်မှာ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေခဲ့ကြောင်း VOA ကို အခုလို ပြောပါတယ်။

“ဖောင်းဆိုင်ဘက်မှာတော့ စနေနေ့ည ၁၀ နာရီ၊ ၁၁ နာရီလောက်ပေါ့။ အဲဒီအချိန် မှာ စဖြစ်တာပဲ။ တညလုံးပေါ့။ တညလုံးပြီးရင် မနေ့က တနေ့လုံးပေါ့။ အဲဒီဘက် မှာ။ လက်နက်ကြီး ပိုများတာပေါ့။ လေကြောင်းတော့ မတွေ့ဘူးဗျ။ ဒီနေ့ကတော့ လက်နက်ကြီး တခါတလေပဲ ကြားတာပေါ့နော။”

စနေနေ့က မုံးကိုးမြို့နယ် ဘန်မော်ရွာက အမျိုးသမီးတဦး လက်နက်ကြီးထိမှန်ကြောင်း သတင်းတချို့ ထွက်ပေါ် ခဲ့ပေမယ့် မုံးကိုးဒေသခံက သူ မကြားသိကြောင်း ပြောပါတယ်။

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ တနင်္ဂနွေနေ့က အနည်းဆုံးတိုက်ပွဲ ၂ ကြိမ်ဖြစ်ကြောင်းနဲ့ သူတို့ဘက်က ထိခိုက်ဒဏ်ရာရတာရှိကြောင်း အခုလို ပြောပါတယ်။

“မုံးကိုးဘက်မှာ ဒီနေ့ သတင်းတော့ မသိသေးဘူး။ မနေ့ကလည်း ရှိတယ်။ မုံးကိုး၊ ဖောင်းဆိုင်ဘက်မှာတော့ မနေ့ကလည်း မနက်ပိုင်းမှာတကြိမ်၊ ညပိုင်းမှာတကြိမ်နဲ့ဒီမုံးကိုး၊ ဖောင်းဆိုင်ဘက်မှာ မန်ရန်ကျေးရွာဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာရှိတယ်။ နောက်ပြီးကျ အဲဒီ မုံးကိုး၊ ဖောင်းဆိုင်ဘက်ပဲ ဖောင်းဆိုင်ရွာမှာရှိတဲ့ တပ်မတော် တပ်စခန်းကို နှောက်ယှက်ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်တခုတော့ မနက် ၇ နာရီလောက်မှာ ရှိတယ်။ အဲဒီ ၂ ခုတော့ ရှိတယ်ဗျ။ ကျနော်တို့ဆီက ထိခိုက်ဒဏ်ရာရမှုတွေ ရှိပါတယ်ဗျ။”

၁၉ ရက်နေ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၇၀ လောက် ကျဆုံးနိုင်ကြောင်းနဲ့ စစ်သည်အင်အားတွေ ထပ်မံဖြည့်တင်းနေတာကြောင့် တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနိုင်ကြောင်းလည်း ကိုးကန့်တပ်ဖွဲ့က ခန့်မှန်းထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ MNDAA ကိုးကန့်၊ UWSA ဝ၊ NDAA မိုင်း လား၊ SSA ရှမ်းပြည်တပ်မတော် မြောက်ပိုင်း၊ TNLA တအန်း(ပလောင်ဝ်) ၊ AA ရခိုင်စတဲ့အဖွဲ့ ၆ ဖွဲ့နဲ့ စစ်ကောင်စီတို့ ဒီဇင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်နေ့က မိုင်းလားမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးနေတဲ့ နေ့ရက်တွေမှာလည်း ကိုးကန့်တပ်ဖွဲ့ရဲ့ ချင်ချိန်ထန်စခန်းကို စစ်ရဟတ်ယာဉ်နဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့သလို မန်ရန်စခန်းကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ကြောင်း ကိုးကန့်အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ ၁၉ရက်နေ့မှာတော့ ကိုးကန့်အဖွဲ့ရဲ့ မန်ရန်စခန်းကို စစ်ကောင်စီတပ်က လက်နက်ကြီးကျည် ထောင်နဲ့ချီ ပစ်ခတ်ပြီး ၉ ကြိမ်တိုင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်းနဲ့ တိုက်လေယာဉ်နဲ့လည်း ၂ ကြိမ် လာရောက် ပစ်ခတ်ခဲ့ကြောင်း ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ကိုးကန့်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ပန်ဆိုင်း(ကြူကုတ်)၊ မုံးကိုး၊ ဖောင်းဆိုင်ဒေသဘက်မှာ ဇူလိုင်လဆန်းပိုင်းတည်းက တိုက်ပွဲတွေ စတင်ပြီး ဖြစ်ပွားခဲ့ပြီးဒေသခံပြည်သူ ၂ ထောင်ကျော်ဟာ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသလို လက်နက်ကြီးထိမှန်တာနဲ့ မိုင်းနင်းမိတာကြောင့် အရပ်သား ၁၀ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

Your browser doesn’t support HTML5

မုံးကိုး ဖောင်းဆိုင်ဒေသ တိုက်ပွဲပြင်းထန်ခဲ့

================

[[Unicode]]














#MyanmarViolence #MyanmarMilitary #ShanFighting #VOABurmese


================