မွန်နဲ့လားဟူးအဖွဲ့နှစ်ဖွဲ့ မတရားအသင်းက ပယ်ဖျက်

မွန်နဲ့လားဟူးအဖွဲ့နှစ်ဖွဲ့ မတရားအသင်းက ပယ်ဖျက် (Ministry of Home Affairs, Myanmar)

မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ကို မတရားအသင်းက ပယ်ဖျက်လိုက်သလို၊ ဒီအဖွဲ့တွေဟာ အကြမ်းဖက်အဖွဲ့အစည်းစာရင်းမှာလည်း မပါဝင်ဘူးလို့ မြန်မာအစိုးရက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီနှစ်ဖွဲ့စလုံးဟာNCA တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လာမယ့် ဖေဖေါ်ဝါရီ ၁၃ ရက် နေ့ လက်မှတ်ရေးထိုးဖို့ ရှိနေပါတယ်။ လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပိုပြီး အဆင်ပြေချောမွေဖို့ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တွေကို မတရားအသင်းကြေညာတဲ့ မူရင်ဥပဒေမျိုးကိုပင် ဖျက်သိမ်းသင့်တယ်လို့ မွန်နိုင်ငံရေးလေ့လာသူတွေက ပြောပါတယ်။ ဗွီအိုအေထိုင်းအခြေစိုက်သတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

မွန်ပြည်သစ်ပါတီနှင့်လားဟူဒီမိုကရက်တစ်အစည်းအရုံးကို အစိုးရကနေ မတရားအသင်းကနေပယ်ဖျက်ကြောင်းထုတ်ပြန်တဲ့ အပေါ် ကြိုဆိုကြောင်း မွန်နိုင်ငံရေးအနီးကပ်စောင့်ကြည့်လေ့လာသူ နိုင်မင်းမင်းနွယ်ကပြောပါတယ်။

"ဒါကကောင်းတဲ့အစီအစဉ်တခုဘဲလို့မြင်ပါတယ်။ ၁၇/၁ဆိုတဲ့ဥပဒေက ဖိနှိပ်တဲ့အစိုးရကတော်လှန်တဲ့ပြည်သူတွေကို ပြဌာန်းထားတဲ့ ဥပဒေလေ။ ဒီမိုကရေစီအစိုးရဖြစ်လာတော့ ဒီကိစ္စမလိုအပ်တော့ဘူး။ လက်မှတ်မထိုးရင် မပယ်ဖျက်ပေးဘူးတရားမဝင်ဘူးဆိုတဲ့ စည်းကအဲဒီလိုကန့်ထားတဲ့အခါကျတော့ နိုင်ငံရေးလုပ်တဲ့အခါကျတော့ အဲတာတွေအတားဆီးဖြစ်နေတာ။ ကျွန်တော်တို့ကကြာလှပြီး မကြိုက်နေတာ။ အခုတော့ ဒီလိုမျိုးလက်မှတ်ထိုးပွဲအတွက်ကို မတရားအသင်းကနေပယ်ဖျက်ပေးလိုက်တာ ကြိုဆိုရမဲ့အနေအထား ပါခင်ဗျ။"

ပုဒ်မ၁၇/၁လို့ခေါ်တဲ့မတရားအသင်းဆက်သွယ်မှုဥပဒေဟာ ငြိမ်းချမ်းရေးခရီးအတွက်အဟန့်အတားဖြစ်စေတယ်လို့ နိုင်မင်းမင်း နွယ် ကပြောပါတယ်။

"သက်ရောက်မှူကတော်တော်ကြီးမားပါတယ်။ အမှန်မှာဆို ၁၇/၁က သူပုန်တွေရှိရင် ဆက်ရှိနေမဲ့သဘောမျိုး သူတို့ကဆက်ယူဆထား တာပေါ့။ အမှန်မှာဆို ဒါတွေက ဖျက်သိမ်းလိုက်ပြီးတော့ရင် ကျွန်တော်တို့က တွေ့ကြဆုံကြတဲ့အခါကျတော့ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်း လင်းပြောတဲ့ဆိုတဲ့အခါကျတော့ ပိုပြီးတော့အနှစ်သာရကောင်းတွေထွက်လာမှာပေါ့။ ဆက်သွယ်လိုက်တဖက်ကအပြစ်ယူနေမယ် ကန့်သတ်နေမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးခရီးလမ်းကြောင်းက ဖြောင့်ဖြောင့်ဖြူးဖြူးနဲ့မြန်မြန်ဆန်ဆန်သွားဖို့တော့မလွယ်ဘူးပေါ့။ ၁၇/၁ကြောင့်။"

ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ မွန်ပြည်သစ်ပါတီနှင့်လားဟူဒီမိုကရက်တစ်အစည်းအရုံးကို အကြမ်းဖက်သူများမဟုတ်ကြောင်း လည်း ဖေါ်ပြထားပါတယ်။ မွန်ပြည်သစ်ပါတီကိုအကြမ်းဖက်အဖွဲ့အစည်းအဖြစ် မွန်ပြည်နယ်လွှတ်တော်ကနေ မသတ်မှတ်ထား ဘူးလို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်မင်းအောင်မွန်ကပြောပါတယ်။

"ကျွန်တော်တို့ကမမြင်ပါဘူးခင်ဗျ။ အကြမ်းဖက်အဖွဲ့အစည်းဆိုတာဆိုလိုလို့မရဘူး။ အကြမ်းဖက်အဖွဲ့အစည်းဆိုတာက တရားဥပဒေ နဲ့ငြိစွန်းတဲ့လုပ်ရပ်တွေ နိုင်ငံရဲ့ကာကွယ်ရေး ဥပဒေပုဒ်မဘာညာ အဲဒီလိုငြိစွန်းမှသာလျှင် အကြမ်းဖက်အဖွဲ့အစည်းလို့ ကျွန်တော်တို့ သတ်မှတ်လို့ရမယ်လေ။ မွန်ပြည်သစ်ဆိုတာက NCAလက်မှတ်ထိုးတော့မဲ့ဖြစ်တဲ့အတွက်ကြောင့်မို့ တရားမဝင်အဖွဲ့အစည်းတော့ မဟုတ်ပါဘူး။ လက်ရှိမှာသူတို့ JICM-NCAမှာလက်မှတ်မထိုးရသေးလို့ စစ်တပ်ကနေပြီးတော့ သူတို့ကသတ်မှတ်ရင်သတ်မှတ်မှာ ပေါ့။ ကျွန်တော်တို့လွှတ်တော်ကမသတ်မှတ်ပါဘူး။"

နိုင်ငံတော်သမ္မတရဲ့အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်အဖွဲ့အစည်းများမဟုတ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ကနေဒီကနေ့ရက်စွဲနဲ့ထုတ်ပြန်ထားတာပါ။

ဖေဖေါ်ဝါရီလ(၁၃)ရက်နေ့မှာ NCAလက်မှတ်ရေးထိုးတော့မဲ့ မွန်ပြည်သစ်ပါတီနှင့်လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ဟာ UNFCခေါ် ညီညွတ်သောတိုင်းရင်းသားများဖက်ဒရယ်ကောင်စီအဖွဲ့ဝင်တွေဖြစ်ကြပါတယ်။

UNFCအနေနဲ့ NCAလက်မှတ်ထိုးရေးမှ အစိုးရငြိမ်းချမ်းရေးကော်မရှင်တွေနဲ့တွေ့ဆုံညှိနှိုင်းရာမှာ အဆိုပြုချက်အချက်(၈)ချက်နဲ့ စပ်လျှင်းပြီး သဘောထားကွဲလွှဲမှုတွေရှိနေလို့ လက်မှတ်မရေးထိုးနိုင်တဲ့အခြေအနေမှာရှိနေပါတယ်။

ဒါပေမဲ့မွန်ပြည်သစ်ပါတီနဲ့ လားဟူအဖွဲ့တို့နှစ်ဖွဲ့အနေနဲ့ မြန်မာအစိုးရအကြီးအကဲတွေနဲ့တွေ့ဆုံမှုအပြီး ပြောင်းလဲမှု အနည်းငယ် ရှိလာတဲ့ သဘောတူညီချက်(၈)ချက်ကိုလက်ခံပြီးNCAလက်မှတ်ရေးထိုးတာဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီပြည်တွင်းရေးရာ တာ ဝန်ခံနိုင်ဝင်းလှက ပြောပါတယ်။

"ကျွန်တော်တို့ လက်ခံလိုက်တယ်ဆိုတာက ဒီNCAမူလစာချုပ်ထဲ ပါတဲ့အထဲမှာ ပါတဲ့ဟာတွေကျတော့ အချုပ်သဘောတရားကတော့ ဒီ နိုင်ငံရေးဆွေးနွေးပွဲရလဒ်နဲ့အညီ အနာဂတ်ပြည်ထောင်စုကျုအကောင်အထည်ဖေါ်မယ်ဆိုတဲ့ဟာကျတော့ ဆွေးနွေးပွဲနဲ့ပေါင်းမှာ ဘဲဆိုတော့ တချို့ဟာတွေကျတော့လဲ အခက်ခဲဖြစ်နေတဲ့ဟာတွေကျတော့လဲဘဲ နိုင်ငဲရေးဆွေးနွေးပွဲဝိုင်းရောက်မှဘဲ ပြောတော့မယ် ဆိုပြီးတော့ ကျွန်တော်တို့လက်ခံလိုက်တဲ့သဘောရှိပါတယ်။"

NCAလက်မှတ်ထိုးပွဲကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တက်ရောက်မှာဖြစ်ပါတယ်။

NLDအစိုးရသစ်လက်ထက်မှာ မွန်ပြည်သစ်ပါတီနှင့်လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ဟာ ပထမဆုံးNCAအပစ်ရပ် လက်မှတ် ရေး ထိုးမဲ့အဖွဲ့ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၅ခုနှစ်မှာ KNUကရင်အမျိုးသားအစည်းအရုံး RCSS/SSAတောင်ပိုင်းရှမ်းပြည်တပ်မတော် အစရှိတဲ့အဖွဲ့(၈)ဖွဲ့ဟာ NCAအပစ်ရပ်လက်မှတ်ရေးထိုးခဲ့ပါတယ်။

UWSAဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ဦးဆောင်တဲ့ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၇)ဟာ NCAလမ်းကြောင်းကို လက်မခံဘဲ ငြိမ်းချမ်းရေးလမ်းကြောင်းပုံစံအသစ်နဲ့ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

Your browser doesn’t support HTML5

မွန်နဲ့လားဟူးအဖွဲ့နှစ်ဖွဲ့ မတရားအသင်းက ပယ်ဖျက်