MNDAA အပစ်ရပ်ကာလ ဇူလိုင်လကုန်အထိ သက်တမ်းတိုး

ဂုတ်ထိပ်တံတားအနီးတွေ့ရတဲ့ TNlA တပ်ဖွဲ့ဝင်များ (ဇူလိုင် ၅၊ ၂၀၂၄)

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အနေနဲ့ တရုတ်နိုင်ငံရဲ့ တောင်းဆိုမှုကြောင့် ဇူလိုင်လကုန်အထိ အပစ်အခတ် ရပ်စဲထားမယ့်အကြောင်း ထုတ်ပြန်လိုက်ပါတယ်။

ရှမ်းမြောက်ဒေသမှာ ဒီလ ၁၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ၄ ရက်ကြာ အပစ်အခတ် ရပ်စဲကြောင်း MNDAA က ကြေညာခဲ့ပြီးတဲ့နောက် အခုတကြိမ် ၁၉ ရက်နေ့ကနေ လကုန်တဲ့ ၃၁ ရက်နေ့အထိ ထပ်မံ သက်တမ်းတိုးလိုက်တာလည်း ဖြစ်ပါတယ်။ ဒီလို အပစ်ရပ် သက်တမ်းတိုးလိုက်ပေမဲ့ ဒီကာလမှာ စစ်ကောင်စီတပ်တွေက တိုက်ခိုက်လာရင်တော့ MNDAA တပ်ဖွဲ့တွေအနေနဲ့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ဖို့ သင့်တော်တဲ့ တန်ပြန်တိုက်ခိုက်မှုတွေ လုပ်သွားမယ်လို့တော့ ဖော်ပြထားပါတယ်။

အပစ်ရပ်ထားတဲ့ ကာလအတွင်းမှာ ဒေသဆိုင်ရာ အုပ်ချုပ်သူတွေနဲ့ ပူးပေါင်းပြီး စစ်ဘေးဒုက္ခသည် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်သွားမယ့်အကြောင်းနဲ့ လက်ရှိ ထိန်းချုပ်နယ်မြေတွေမှာ ဆက်လက် ခံစစ် ဆင်နိုင်ဖို့နဲ့ လေကြောင်းရန် ကာကွယ်နိုင်ဖို့အတွက် အစီအမံတွေ လုပ်သွားမယ့်အကြောင်းလည်း ဇူလိုင်လ ၁၉ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ MNDAA ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

MNDAA ဘက်က အခုလို တဘက်သတ် အပစ်ရပ်ကြောင်း ထုတ်ပြန်ထားတဲ့ကာလမှာ စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်လို့ ထိခိုက်သေဆုံမှုတွေ ရှိသလို ရှမ်းမြောက်ဒေသမှာ တိုက်ပွဲတွေ ဆက် ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလ ၁၈ ရက်နေ့ကပဲ MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့ကို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်လို့ လူ ၁၀ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူ ၂၀ ကျော် ရှိတဲ့အကြောင်း ဒေသတွင်းသတင်းတွေက ဖော်ပြကြပါတယ်။ ထိခိုက်ဒဏ်ရာ ရမှုတွေနဲ့ ပတ်သက်လို့ ဗွီအိုအေအနေနဲ့တော့ သီးခြား အတည်မပြုနိုင်သေးပါဘူး။