မြန်မာနိုင်ငံ အထွေထွေ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အနိုင်ရရှိသွားတဲ့အပေါ် အမေရိကန် ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် အများစုခေါင်းဆောင် Mitch McConnell က NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ချီးကျူးဂုဏ်ပြုကြောင်း ပြောကြားလိုက်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ မရှားဖောင် က တင်ပြထားပါတယ်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ - NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိခဲ့တဲ့အပေါ် အမေရိကန် အထက်လွှတ်တော်အမတ် အများစုခေါင်းဆောင် Mitch McConnell က နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ချီးကျူးပြောဆိုလိုက်ပါ။
“ကျနော့်ရဲ့ မိတ်ဆွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ရဲ့ ကြီးမားတဲ့ အောင်ပွဲရရှိတဲ့အပေါ် ချီးကျူးဂုဏ်ပြုလိုပါတယ်။ ဒါဟာ တကယ့်ကို မှတ်သားလောက်တဲ့ အောင်မြင်မှု ဖြစ်ပါတယ်။”
ဒါ့အပြင် ရွေးကောက်ပွဲရလဒ်ကို ပြောထားတဲ့အတိုင်း လက်ခံခဲ့တဲ့ သမ္မတဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကိုလည်း Mitch McConnell က ချီးကျူးလိုက်ပါတယ်။
“တချိန်တည်းမှာပဲ NLD အောင်ပွဲကို ပျူငှာစွာ ကြိုဆိုတဲ့ ပြောဆိုမှတ်ချက်ချမှုနဲ့ ရွေးကောက်ပွဲ ရလဒ်အပေါ် ပြောထားတဲ့အတိုင်း သူ့ရဲ့ သန္ဓိဌာန်ခိုင်မာမှုအပေါ် မြန်မာသမ္မတ ဦးသိန်းစိန်ကို ချီးကျုးလိုပါတယ်။ အလားတူပဲ ကာကွယ်ရေးဦးစီးချုပ်ကိုလည်း ချီးကျူးလိုပါတယ်။ ရွေးကောက်ပွဲရလဒ်ကို လက်ခံပုံရပြီး အသွင်ကူးပြောင်းရေးကာလမှာ NLD ကို ထောက်ပံ့သွားမယ်လို့လည်း သူက ကတိပေးပြောဆိုခဲ့တယ်။”
ပထမအကြိမ် ကျင်းပပြုလုပ်တဲ့ ရွေးကောက်ပွဲဟာ သက်တမ်းနုနယ်တဲ့ ဒီမိုကရေစီအတွက် အဓိကကျတဲ့ အချက်မဟုတ်ဘဲ လက်ရှိ အာဏာရပါတီကနေ အတိုက်အခံပါတီဆီကို အာဏာလွှဲပြောင်းပေးဖို့က အဓိကကျတာ ဖြစ်တယ်လို့လည်း အမေရိကန် အထက်လွှတ်တော်အမတ် အများစုခေါင်းဆောင် Mitch McConnell က ပြောပါတယ်။
“ပြောရမယ်ဆိုရင်တော့ ပထမကြိမ်ပြုလုပ်တဲ့ ရွေးကောက်ပွဲဟာ သက်တမ်းနုသေးတဲ့ ဒီမိုကရေစီအတွက် အဓိက စမ်းသပ်ချက်မဟုတ်ဘဲ ပထမအကြိမ် ရွေးကောက်ပွဲကနေ အာဏာရပါတီက အတိုက်အခံဆီ အာဏာလွှဲပြောင်းပေးဖို့က အဓိက အကဲစမ်းမှု ဖြစ်ပါတယ်။ ဒါမှပဲ မြန်မာနိုင်ငံအတွင်း အာဏာလွှဲပြောင်းရေးဟာ အရေးပါမှာ ဖြစ်ပါတယ်။ သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ် နှစ်ယောက်စလုံးအနေနဲ့ ရွေးကောက်ပွဲကနေစပြီး သူတို့ရဲ့ အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေကို ဆက်လက် လုပ်ဆောင်သွားကြဖို့နဲ့ သင့်တော်တဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေ ချမှတ်ဖို့အတွက် လာမယ့်ရက်တွေအတွင်း ဒေါ်စုနဲ့ တွေ့ဆုံဆွေးနွေးကြဖို့ကိုလည်း တိုက်တွန်းလိုပါတယ်။”
မကြာသေးခင်ကပဲ သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ လွှတ်တော် ဥက္ကဌတို့နဲ့ တွေ့ဆုံဖို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တောင်းဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီလိုအခြေအနေ ရောက်ဖို့အတွက် အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးကြားမှာ အများကြီး ကြိုးပမ်းလုပ်ဆောင်ခဲ့ရတယ်လို့လည်း Mitch McConnell က ပြောပါတယ်။
“ဒီကနေ့ အခြေအနေအထိရောက်အောင် နှစ်နိုင်ငံကြား ဆက်ဆံရေးမှာ တော်တော်လေး ခရီးကြာရည်ခဲ့ရပါတယ်။ ဒီအာဏကာလွှဲပြောင်းရေးဟာ မြန်မာသမိုင်းမှာ မှတ်ကျောက်တင်ရမယ့် အရေးပါတဲ့ အရာတခု ဖြစ်ချင်ပါတယ်။ နိုင်ငံအသွင်ကူးပြောင်းရေးအတွက် ပြန်လည်အားကောင်းစေမယ့် အခွင့်အရေးတရပ် ဖန်တီးသလိုလည်း ဖြစ်လာပါတယ်။”
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကနေ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ထုတ်ပြန်တဲ့ ရွေးကောက်ပွဲရလဒ်တွေအရ NLD ပါတီက ပြည်သူ့လွှတ်တော်အမတ် ၂၅၅ ဦးနဲ့ လွှတ်တော်အမတ်နေရာ ၇၉ ရာခိုင်နှုန်း အနိုင်ရရှိခဲ့သလို၊ အမျိုးသားလွှတ်တော်အမတ် ၁၃၅ ဦးနဲ့ ၈၀ ရာခိုင်နှုန်း အနိုင်ရခဲ့တဲ့အတွက် ပြည်ထောင်စုလွှတ်တော်မှာ အမတ်နေရာ ၃၉၀ ရရှိထားပြီ ဖြစ်ပါတယ်။ ဒါ့အပြင် NLD ပါတီက တိုင်းဒေသကြီး ပြည်နယ် လွှတ်တော်အမတ်နေရာ ၄၉၁ ဦးနဲ့ ၇၅ ရာခိုင်နှုန်း အနိုင်ရရှိသွားပြီ ဖြစ်ပါတယ်။ လက်ရှိ ရွေးကောက်ပွဲ ရလဒ်အရ NLD ပါတီအနေနဲ့ ဒုသမ္မတ ၂ ဦး တင်မြှောက်ခွင့် ရရှိသွားပြီဖြစ်သလို အစိုးရဖွဲ့ခွင့်လည်း ရရှိသွားပြီဖြစ်ပါတယ်။
NLD အနေနဲ့ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိတဲ့အတွက်ကြောင့် သမ္မတ ၁ ဦးနဲ့ ဒုသမ္မတ ၂ ဦးအနက် ၁ ဦး ဖြစ်လာနိုင်ဖို့ရှိပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကန့်သတ်ချက်ကြောင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကတော့ ဒီရာထူးတွေမှာ ထမ်းဆောင်ခွင့် မရှိတဲ့အတွက် ဒီတားမြစ်ချက်ဟာ ရှေ့မှာ ရင်ဆိုင်ရမယ့် အကဲစမ်းမှုတွေအနက် ၁ ခုဖြစ်တယ်လို့ Mitch McConnell က ပြောခဲ့ပါတယ်။
တခြား အကဲစမ်းမှုတွေကတော့ လွှတ်တော်မှာ စစ်တပ်ကိုယ်စားလှယ် ၂၅% ခန့်အပ်မှု တိုင်းရင်းသားအုပ်စုတွေကြား အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဖော်ဆောင်မှုနဲ့ မတူကွဲပြားတဲ့ ဘာသာတွေကြား စိတ်ဝမ်းကွဲပြားမှုကို ကုစားနိုင်ရေးပင် ဖြစ်တယ်လို့လည်း အထက်လွှတ်တော်အမတ် Mitch McConnell က ပြောကြားသွားခဲ့ပါတယ်။
Mitch McConnell က ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တဲ့အပေါ် ကျေနပ်အားရကြောင်း ပြောပေမဲ့လည်း မူဆလင် ရိုဟင်ဂျာတွေ မဲပေးခွင့် ရုပ်သိမ်းခံရတာတွေ အပါအဝင် တခြား စိတ်ပျက်စရာ ကိစ္စတချို့ ရှိခဲ့တယ်ဆိုတာကိုလည်း မှတ်ချက်ပေး ပြောဆိုခဲ့ပါတယ်။ အမေရိကန် ရီပတ်ဘလစ်ကန် အထက်လွှတ်တော် အမတ်အများစုခေါင်းဆောင် Mitch McConnell ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် စွမ်းစွမ်းတမံ အားပေးထောက်ခံ ဆောင်ရွက်ခဲ့တဲ့သူ ဖြစ်သလို၊ ၂၀၁၂ ဇန်နဝါရီလတုန်းကလည်း မြန်မာနိုင်ငံကိုသွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့သူ ဖြစ်ပါတယ်။