မင်းတပ်မှာ အပစ်ရပ်သက်တမ်း ထပ်တိုးဖို့ သဘောတူထား

ချင်းပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် တောတောင်တွေထဲ ပုန်းအောင်းနေရတဲ့ ဒေသခံအချို့။ (မေ ၂၀၊ ၂၀၂၁)

(Zawgyi / Unicode)

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်မှာ CDF-Mindat အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား အပစ်အခတ်ရပ်စဲမှု သက်တမ်း ထပ်မံတိုးမြှင့်သွားမယ်လို့ CDF ဒေသခံကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ဆိုပါတယ်။ CDF အဖွဲ့နဲ့ စစ်ကောင်စီတို့ကြား အပစ်အခတ် ရပ်စဲရေးအတွက် မြို့မိမြို့ဖတွေက ကြားခံဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ အပစ်ရပ်ကာလအတွင်း စစ်ဘေးရှောင်ရွာသားတချို့ နေရပ်ပြန်ကြပေမယ့် အများစုက မပြန်နိုင်သေးပါဘူး။ မင်းတပ်ဘက်က စစ်ရေးအခြေအနေအကြောင်း နိုင်ကွန်းအိန် တင်ပြပေးထားပါတယ်။

ဇွန်လ ၂၀ ရက်နေ့ကစလို့ မင်းတပ် CDF အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား ၁၄ ရက်အကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ ဇူလိုင်လ ၄ ရက်နေ့မှာ သက်တမ်းကုန်ဆုံးပြီး ဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲရေး ရက်ကာလ ထပ်မံသက်တမ်းတိုးမြှင့် ဆောင်ရွက်သွားဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ မင်းတပ် ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဒေါက်တာယောမာန်က ဗွီအိုအေကို ပြောပါတယ်။

“တိုးမြှင့်ဖို့တော့ အကြမ်းဖျင်း သဘောတူထားတယ်။ ဘယ်နှစ်ရက် ဘယ်လောက်တိုးမြှင့်တယ် ဆိုတာတော့ ကျနော်တို့ ပြန်ဆွေးနွေးရဦးမယ်ခင်ဗျ။ ကျနော်တို့က ၄ ရက်နေ့မှာ ပြီးသွားတယ်။ ၄ ရက်နေ့ပြီးတော့လည်း အပစ်အခတ်ရပ်စဲရေး ဆက်တိုးမြှင့်ကြမယ်လို့တော့ အကြမ်းဖျင်း သဘောတူတယ်။”

ဒါပေမယ့် ဒီအပစ်ရပ်သက်တမ်းတိုးဖို့ဟာ မင်းတပ် CDF အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား မြို့မိမြို့ဖတို့ကနေ ကြားခံဆောင်ရွက်ပေးရမှာဖြစ်လို့ နှစ်ဖက်အဖွဲ့ တွေ့ဆုံမယ့်ရက် မသိသေးဘူးလို့ ဒေါက်တာယောမာန်က ပြောပါတယ်။

“ကျနော်တို့ CDF နဲ့ စကစနဲ့ တိုက်ရိုက်တွေ့တာ မဟုတ်ဘူးဗျ။ ဒီစကစက မြို့မိမြို့ဖတွေကို ပြောမယ်၊ မြို့မိမြို့ဖတွေက ကျေနာ်တို့ကို ပြန်ပြောမယ်။ ကျနော်တို့က မြို့မိမြို့ဖတွေကို ပြန်ပြောမယ်။ မြို့မိမြို့ဖက စကစကို ပြန်ပြောမယ်ပေါ့နော်။ အဲဒီလိုမျိုး အဆင့်ဆင့် ချိတ်ဆက်ရတယ်ဆိုတော့ ဘာတွေညာတွေ ညှိရတဲ့အတွက်ကြောင့် ကျနော်တို့ မကြာမီရက်ပိုင်းအတွင်းပဲ ပြန်တွေ့ဖို့ရှိမှာပါ။ ကျနော်တို့ ဆွေးနွေးပြီးမှပဲ ဘယ်နှစ်ရက်အထိ ဘယ်အတိုင်းအတာထိ ဘယ်လိုအပစ်အခတ်ရပ်စဲ သက်တမ်းတိုးကြမလဲဆိုတာ ပေါ်လာမှာပါခင်ဗျ။”

SEE ALSO: မင်းတပ် မြို့တွင်းသွားလာရေးနဲ့အကူအညီကိစ္စ မြို့မိမြို့ဖနဲ့ စစ်တပ်ဆွေးနွေးညှိုနှိုင်း

မင်းတပ် CDF အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား အပစ်အခတ်ရပ်စဲရေး အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစုံတရာ တုံ့ပြန်ပြောဆိုတာ မရှိပါဘူး။

ဇွန်လ ၂၀ ရက်နေ့က မင်းတပ်မြို့မိမြို့ဖတွေကနေ ကြားဝင်စေ့စပ်လို့ တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေတဲ့ မင်းတပ် CDF အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ယာယီအပစ်အခတ် ရပ်စဲခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲနိုင်ဖို့ နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုအတွင်း အချက် ၅ ချက်ပါတဲ့ သဘောတူညီချက်တွေလည်း ရရှိခဲ့တာပါ။

မင်းတပ်မြို့နယ်အတွင်း ဆက်သွယ်ရေးလမ်းကြောင်းနဲ့ မြို့ပေါ်မှာ လက်နက်ကိုင်ဆောင် စောင့်ကြပ်စစ်ဆေး ပစ်ခတ်ခြင်း မပြုလုပ်ဖို့ အစိုးရဌာနဆိုင်ရာလုပ်ငန်း ဆောင်ရွက်ရာမှာ နှောင့်ယှက်ခြင်း၊ ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ တားဆီးခြင်း မပြုလုပ်ဖို့၊ CDM ဝန်ထမ်းတွေကို အတင်းအကျပ် ဖိအားပေး လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်စေခြင်း မပြုလုပ်ဖို့၊ စစ်ဘေးရှောင်တွေအတွက် ရိက္ခာတင်တဲ့ကားတွေကို အနှောင့်အယှက်မပြုဖို့ စတဲ့အချက်တွေ သဘောတူခဲ့ပါတယ်။

ပထမအကြိမ် အပစ်အခတ်ရပ်စဲပြီး ရလဒ်အကောင်းအဆိုးကိုတော့ ဒေါက်တာယောမာန်က ဆက်ပြောပါတယ်။

“အပစ်အခတ်ရပ်စဲရေး ကာလမှာ နှစ်ဦးနှစ်ဖက် ပစ်ခတ်မှုမရှိ၊ တိုက်ပွဲတွေမရှိဘူးဆိုတော့ အဲဒါကို တိုးတက်မှုလို့ပဲ ယူဆရမှာပေါ့။ ဆုတ်ယုတ်မှုကတော့ တခါတလေ အဲဒီလို တဦးစနှစ်ဦးစ စစ်ဆေးတာတွေ ခနတာ ဖမ်းဆီးထားတာမျိုးတွေ ရှိတယ်။ ကျနော်တို့ဘက်ကနဲ့ ပြန်ထောက်ပြတဲ့အခါ အဲဒီလိုမျိုး လွှတ်လိုက်တာပေါ့နော်။ ဆိုတော့ လောလောဆယ်အထိပေါ့နော် ဒီအပစ်အခတ်ရပ်စဲရေး ကာလမှာ ကြီးကြီးမားမားတော့ ကျနော်တို့ ထောက်ပြစရာ ဝေဖန်စရာမျိုးတော့ မရှိဘူးခင်ဗျ။ တောက်လျှောက် အဆင်ပြေပါတယ်လို့ပဲ ပြောရမှာပါ။”

လက်ရှိ မင်းတပ်မြို့ စစ်ဘေးရှောင်ပြည်သူ တချို့ကတော့ နေရပ်ရင်းကို ပြန်လာတာရှိပေမယ့် အများစုကတော့ နေရပ်မပြန်နိုင်ကြသေးပါဘူး။

“ပြန်တဲ့သူတချို့ ရှိတယ်။ ဒါပေမယ့် မြို့ပေါ်ပြန်တဲ့သူ အကုန်လုံးကလည်း ဘာတွေဖြစ်လာမလဲ မသိဘူးဆိုတဲ့ ပုံစံတော့ ရှိကြတာပေါ့။ ပြန်တဲ့သူလည်း ရှိပါတယ်။ နည်းနည်းလေးပဲ ရှိပါတယ်။”

မင်းတပ်မြို့မှာ ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့လောက်ကစပြီး ချင်းကာကွယ်ရေးအဖွဲ့ (CDF) နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် မြို့ပေါ်နဲ့ ကျေးရွာတွေက လူပေါင်း ၃၀,၀၀၀ ကျော်ဟာ တောတောင်တွေထဲကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြရတာပါ။

မေလ ၁၃ ရက်နေ့ ညပိုင်းကစလို့ မင်းတပ်မြို့မှာ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေနဲ့ အပြင်းအထန် ထိုးစစ်ဆင် ပစ်ခတ်မှုတွေကြောင့် စစ်ဘေးဒုက္ခသည်တွေဟာ စခန်းနေရာ အတည်တကျမရှိဘဲ ဘေးလွတ်ရာမှာ ပြောင်းရွှေ့ တိမ်းရှောင်နေရပါတယ်။

စစ်ကောင်စီဘက်ကတော့ မင်းတပ်မြို့ပေါ်ရှိ ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင်တွေကို အကန့်အသတ်နဲ့ လက်ခံမယ်လို့ မေလ ၂၉ ရက်နေ့က ထုတ်ပြန်ကြေညာထားပေမယ့် ဒေသခံတွေ အများစုကတော့ စိုးရိမ်စိတ်နဲ့ နေရပ်ရင်းကို မပြန်နိုင်ကြသေးပါဘူး။

လက်ရှိ မင်းတပ်မြို့နယ်က ဒုက္ခသည် သောင်းကျော်ဟာ အနည်းဆုံး နေရာ ၁၈ ခုမှာ ခိုလှုံနေကြပါတယ်။

Your browser doesn’t support HTML5

မင်းတပ်မှာ အပစ်ရပ်သက်တမ်း ထပ်တိုးဖို့ သဘောတူထား

--------------------

(Unicode)













SEE ALSO: မင်းတပ်စစ်ဒုက္ခသည်တွေ ကိုဗစ်ကူးစက်မယ့်အန္တရာယ်စိုးရိမ်





