မင်းတပ်မြို့ သောက်သုံးရေပြတ်လပ်

ချင်းပြည်နယ် မင်းတပ်မြို့။

[Zawgyi/Unicode]

ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်တပ်နဲ့ မင်းတပ် ဒေသခံကာကွယ်ရေး CDF အဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ချိန်ကစလို့ ရေပေးဝေရေး နေရာတွေမှာ တပ်တွေ နေရာယူထားတဲ့အတွက် ရေပေးဝေမှုပိုင်း ပြတ်တောက်နေပါတယ်။ လုံခြုံရေးအခြေအနေကြောင့် ရေပိုက်လိုင်းတွေကို အချိန်လိုက် ဖွင့်ပေးရတဲ့ စည်ပင်ဝန်ထမ်းတွေ ဖွင့်မပေးနိုင်တဲ့အတွက် မင်းတပ်မြို့ထဲ ရေပြတ်လတ်နေတာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တိုက်ပွဲဘေးလွတ်ရာ ထွက်ပြေးနေသူတွေမှာလည်း ဝမ်းပျက်ဝမ်းလေ ျှာရောဂါတွေ စဖြစ်နေပါတယ်။ ဒီအကြောင်း အပြည့်စုံ ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့ဒေသခံ ကာကွယ်ရေး CDF အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား မေ ၁၅ ရက်မှာ အပြန်အလှန် တိုက်ပွဲတွေဖြစ်ခဲ့တာမှာ စစ်တပ်က လေကြောင်းကနေပါ အင်အားသုံး တိုက်ခိုက်တာကြောင့် မင်းတပ် CDF အဖွဲ့ဘက်က နောက်ဆုတ်ပေးခဲ့ပါတယ်။ အဲဒီနောက် စစ်တပ်က မင်းတပ်မြို့ထဲက ရေပေးဝေတဲ့နေရာတွေမှာပါ တပ်စွဲလိုက်တဲ့အတွက် မင်းတပ်မြို့မှာ သောက်သုံးရေ ပြတ်တောက်သွားခဲ့ပါတယ်။ အဓိကက မင်းတပ်မြို့ထဲကို အချိန်လိုက် ရေပေးဝေရတဲ့ စည်ပင်ဝန်ထမ်းတွေအနေနဲ့ ရေပေးဝေရေး အဆောက်အဦးတွေဆီ လုံခြုံရေး အခြေအနေကြောင့် မသွားနိုင်ကြတော့တဲ့အတွက်ဖြစ်တယ်လို့ ဝန်ထမ်းတယောက်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“ကျနော်တို့က တိုက်ပွဲဖြစ်ကတည်းကလေ ကျနော်တို့ ရေပေးဝေရေးသမားတွေကို အပြင်ကို ထွက်မရတော့ဘူး။ အကုန်လုံး ပျက်စီးသွားတာ။ ကျနော်တို့ အကုန်လုံး စစ်ပြေးရှောင်ဖြစ်သွားတာပေါ့။ ရေပေးဝေတဲ့သူတွေ အကုန်ထွက်ပြေးနေကြတာ။ ရုံးပေါင်းစုံရယ်၊ ဘဏ်ရုံးရယ် အဓိက နေရာတွေပေါ့နော်။ ကျနော်တို့ သွားလာတဲ့ နေရာတွေအကုန်တပ်စွဲထားတာ သူတို့က အပြင်ထွက်တဲ့သူတိုင်းကို အကုန်ပစ်တာ။”

တချို့ရေပေးဝေရေးသမားတွေဟာ မြို့ခံတွေ ရေရရှိရေးအတွက် ကြိုးစားကြပေမယ့် စစ်တပ်က ပစ်ခတ်တာကြောင့် မြို့နဲ့ဝေးရာကို ထွက်ပြေးနေရတာပါ။ မင်းတပ်မြို့တမြို့လုံးကို ရေပေးဝေတဲ့ ရေကန် ၂၀ ရှိပါတယ်။ ရေပေးဝေရေး ကန်တွေဆီ သွားတဲ့လမ်းတွေမှာ စစ်တပ်က တပ်စွဲထားပြီး သွားလာတဲ့သူတွေကို ပစ်ခတ်နေတာကြောင့် ရေပေးဝေရေး ဝန်ထမ်းတွေဟာ တိုက်ပွဲစဖြစ်တဲ့နေ့ကတည်းက ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။

SEE ALSO: မြန်မာနိုင်ငံတဝန်း အပူချိန်မြင့်တက်

ခုလို ရေပေးဝေမှု ပြတ်တောက်နေတဲ့အတွက် ရက်ပိုင်းမှာကို ရေပြတ်လတ်တော့ မယ်လို့ မြို့ခံတွေကပြောပါတယ်။

“မြို့ထဲရေမလာတာက စစ်ပွဲစဖြစ်ကတည်းက ၆ ရက်၊ ၇ ရက်လောက်ကတည်းက ရေကမလာတော့ဘူး။ အခုမြို့ထဲမှာ ပိတ်မိနေတဲ့ အိမ်ထောင်စုတော်တော်များများလည်း ရှိတယ် သူတို့တွေဆီမှာလည်း လုံး၀ ရေမလာတော့ဘူး။ ပြီးရင် ကျမတို့နေတဲ့ ရပ်ကွက်ထဲမှာဆိုရင် ရေတွေကို စစ်တပ်တွေက အပေါ်တွေ ကုန်းမြေတွေမှာ အကုန်နေရာယူထားတယ်။ အဲ့ဒီမှာ သူတို့ လိုင်းကိုင်နေတဲ့ ဝန်ထမ်းတွေတောင်မှ ကုန်းပေါ်ကို လုံးဝမတက်ရဲဘူး။ တွေ့သမျှလူကို ပစ်နေတယ်ဆိုတော့ ကုန်းပေါ်တက်ပြီး ရေလည်း မပေးရဲဘူး။ အဲ့ဒီလိုဆိုတော့ မြို့ထဲ ရပ်ကွက်ထဲမှာရှိတဲ့ အိမ်တွေမှာ လုံးဝရေတွေက ပြတ်တောက်သွားတယ်။ ကျမတို့က ခပ်မယ်ဆိုရင် တွေ့သမျှဆိုင်ကယ်တွေရော အကုန်ပစ်နေတယ်ဆိုတော့ ရေထွက်ခပ်ဖို့ဆိုတာလည်း လုံးဝအဆင်မပြေဘူး။ ကျမတို့ရှိတဲ့ရေလေးကိုပဲ ညှာပြီး သုံးနေရတယ်။ အခုလောလောဆယ် ညှာပြီးသုံးနေရတယ်။ ဝယ်ဖို့ဆိုတာလည်း လုံးဝအဆင်မပြေဘူး။ ကျမတို့ အိမ်ဘေးနားက အိမ်ဆိုရင် ခုဏက ရေမရှိတော့လို့ တအိမ်ထဲမှာကို အိမ်ထောင်စုက အုတ်အိမ်လေးဖြစ်နေတာပေါ့နော်။ အကုန်လုံးက အဲ့ဒီ အုတ်အိမ်လေးကို အားကိုးနေရတာဆိုတော့ အိမ်ထောင်စု ၇ စုလောက်ရှိတယ်။ သုံးမယ့်ရေက လုံးမရှိတော့ဘူး။ မရှိတဲ့အချိန်ကျတော့ သူတို့ဘယ်လိုနည်းနဲ့ ရေရနိုင်မလဲပေါ့နော်။ ရေကော်မတီဆီမှာပဲ သော့ယူပြီးတော့ အသေခံပြီး သွားဖွင့်မလား။ အဲ့ဒီလိုမျိုးတွေ သူတို့ ဆွေးနွေးနေကြတယ်ပေါ့နော်။ အဲ့ဒီလိုမျိုးဆိုတော့ ရပ်ကွက်ထဲ လုံး၀ ပြတ်တောက်တော့မှာပေါ့။ လုံးဝပြတ်တောက်တော့မယ်အနေအထားဆိုရင် လုံး၀ မလှောင်ထားတဲ့အိမ်တွေရှိတယ်။ ရေကန်ရှိတဲ့အိမ်တွေဆိုရင် နောက်ထပ် ၁ ရက်၊ ၂ ရက်ဆိုရင် လုံး၀ ပြတ်တောက်သွားတော့မှာ။”

ခုလို မင်းတပ်မြို့ထဲမှာ ပြတ်လပ် ရှားပါးနေချိန်မှာပဲ နီးစပ်ရာ တောတောင်ထဲတွေကို ထွက်ပြေးနေရသူတွေမှာလည်း ဝမ်းပျက် ဝမ်းလျှောရောဂါတွေ စဖြစ်နေတယ်လို့ ဒုက္ခသည်တဦးကပြောပါတယ်။

“တယောက် ၂ ယောက်က ဖျားတာ နာတာရှိတာလာပြီး ဝမ်းလျှောတာ ရှိလာပြီ။ တအားဆိုးဆိုးရွားရွားကြီးတော့ မဖြစ်သေးဘူး။ ဒါပေမဲ့ ၁ ယောက်စ၊ ၂ ယောက်စ ဖြစ်လာပြီ။ နီးစပ်ရာဆေးတွေပေါ့။ ကျနော်တို့ ပေးတုန်းက ပါကြတဲ့ဆေးတွေ အဲ့ဒါတွေပဲ ကျနော်တို့ စားသောက်နေရတယ်။ ဒီထက်ဆိုးလာနိုင်တဲ့ အခြေအနေရှိပါတယ်။ အစားအသောက်မတည့်တာတွေ နေပူထဲ တောတောင်တွေထဲ သွားပြီး တွေ့ရာ ရေသောက်တဲ့အခါကျတော့ ရေစိမ်းတွေပဲ သောက်ရတဲ့အနေအထားဆိုတော့ ဝမ်းပျက်ဝမ်းလျှော ဖျားတာ၊ နာတာ ထပ်များလာမယ့် အနေအထားမျိုးမှာ ရှိနေတယ်။”

မေလ ၁၇ ရက်နေ့က မင်းတပ်မြို့ထဲက အိမ်တွေအပေါ် စစ်တပ်က ပစ်ခတ်လို့ လည်ပင်းမှာ ကျည်ထိမှန်ခဲ့တဲ့ အသက် ၁၀ နှစ်အရွယ် ကလေးငယ်ဟာ အခု မကွေးမြို့ဘက်ကို ဆေးကုသဖို့ သွားရောက်နေပါတယ်။ မင်းတပ်မြို့မှာ ဒီနေ့ အပြန်အလှန် တိုက်ပွဲတွေ မရှိပေမဲ့ စစ်တပ်ဘက်က ခြောက်လှန့်ပစ်ခတ်တာတွေပဲ ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။ တခြားနယ်တွေကနေ မင်းတပ်မြို့မှာ လာရောက် အလုပ်လုပ်ကိုင်နေသူတွေဟာ မြို့တွင်းမှာ ပိတ်မိနေတဲ့အတွက် မြို့တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး ကားမှာ အလံဖြူထောင်ကာ မင်းတပ်မြို့ထဲကနေ ထွက်သွားနေကြပါတယ်။

[Unicode Version]






SEE ALSO: ရခိုင်မြောက်ပိုင်း သောက်သုံးရေရှားပါးမှု ကြုံ




