၄၉ နှစ်ပြည့်မွေးနေ့ရှင် မင်းကိုနိုင် အကျဉ်းကျဆဲ HRW ဝမ်းနည်း

၄၉ နှစ်ပြည့်မွေးနေ့ရှင် မင်းကိုနိုင် အကျဉ်းကျဆဲ HRW ဝမ်းနည်း

ဒီကနေ့ အောက်တိုဘာလ ၁၈ ရက်နေ့မှာ ၄၉ နှစ်ပြည့်မြောက်တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို အစိုးရက ပြန်လွှတ်ပေးခြင်းမရှိတဲ့အပေါ် သိပ်ကို စိတ်ပျက်မိကြောင်း အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ကြီးဖြစ်တဲ့ Human Rights Watch က ပြောဆိုလိုက်ပါတယ်။ လက်ရှိ ကျိုင်းတုံထောင်မှာ ထောင်ဒဏ် ၆၅ နှစ် ကျခံနေရတာဖြစ်ပြီး သူ့ဘဝရဲ့ အချိန်တော်တော်များများက အစိုးရရဲ့ အကျဉ်းထောင်တွေထဲမှာပဲ ဖြတ်သန်းခဲ့ရတာပါ။ မကြာသေးခင်က လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့ အကျဉ်းသား ၆ ထောင်ကျော်ထဲမှာ ကိုမင်းကိုနိုင် အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ တော်တော်များများ ပါလာကြလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ မျှော်လင့်သလို ဖြစ်မလာတဲ့အပေါ် Human Rights Watch ရဲ့ အာရှရေးရာ လက်ထောက် ညွှန်ကြားရေးမှူး အီလိန်း ပီယာဆန် (Elaine Pearson) က အခုလို ပြောဆိုခဲ့ပါတယ်။

“မင်းကိုနိုင်အနေနဲ့ သူ့ရဲ့မွေးနေ့ကို နောက်တစ်နှစ် အကျဉ်းထောင်ထဲမှာ ကုန်လွန်ရဦးမယ့်အပေါ် တကယ်ပဲ စိတ်မကောင်းဖြစ်ရသလို စိတ်လည်းပျက်မိပါတယ်။ ပြီးခဲ့တဲ့တပတ်က လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ မင်းကိုနိုင် အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ မပါဝင်တဲ့အပေါ် ကျမ စိတ်ပျက်ခဲ့ရတာပါ။ ဒါကိုကြည့်ရင် မြန်မာနိုင်ငံမှာ ဆိုးရွားတဲ့ အခြေအနေတွေ ဆက်ရှိနေဆဲဆိုတာ ရှင်းပါတယ်။

ဒါ့အပြင် အစိုးရအနေနဲ့ တကယ်ပဲ အကျဉ်းသား ၆ ထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုတယ်ဆိုရင် ဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော်ကို ဘာကြောင့် မထည့်ပေးနိုင်တာလဲလို့လည်း သူက မေးခွန်းထုတ်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားက ၂၀၀ လောက်ပဲ လွှတ်ပေးခဲ့တာကိုကြည့်ရင် နိုင်ငံတကာရဲ့ ထောက်ခံမှုရဖို့ တစ်ခုတည်းအတွက်ကိုသာ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့လည်း အီလိန်း ပီယဆန် က ပြောသွားခဲ့ပါတယ်။ တချိန်တည်းမှာပဲ အစိုးရအနေနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ် ဖော်ဆောင်နေတယ်၊ လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ အစိုးရဖြစ်တယ်ဆိုရင် ကိုမင်းကိုနိုင် အပါအဝင် ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ လိုအပ်တယ်လို့ လည်း Human Rights Watch ရဲ့ အာရှရေးရာ လက်ထောက် ညွှန်ကြားရေးမှူး အီလိန်း ပီယာဆန် (Elaine Pearson) က ပြောသွားခဲ့ပါတယ်။

ကိုမင်းကိုနိုင်ဟာ ၁၉၈၉ ခုနှစ်မှာလည်း နိုင်ငံရေးလှုပ်ရှားမှုနဲ့ ဖမ်းဆီးခံခဲ့ရပြီး ထောင်တွင်းမှာ ၁၆ နှစ်ကြာ ဖြတ်သန်းပြီးမှ သူ့ကို စစ်အစိုးရကနေ ၂၀၀၄ ခုနှစ်မှာ ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ အခုတစ်ကြိမ်ကတော့ ၂၀၀၇ ခုနှစ်က လောင်စာဆီဈေးနှုန်း ကျဆင်းရေး ချီတက်ဆန္ဒပြရာမှာ ဦးဆောင်မှုနဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ထောင်ဒဏ် ၆၅ နှစ် ကျခံခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် သူ့ဘဝရဲ့ နှစ်ပေါင်း ၂၀ လောက်မှာ ထောင်တွင်းမှာပဲ ကုန်လွန်ခဲ့ရတာဖြစ်ပါတယ်။ ကိုမင်းကိုနိုင်နဲ့အတူ ၈၈ အရေးအခင်း မတိုင်ခင်ကတည်းက အတူ လက်တွဲခဲ့ဖူးတဲ့ လုပ်ဖော်ကိုင်ဖက် ရောင်းရင်းတစ်ဦးဖြစ်သူ ကိုအောင်ဒင် ကတော့ မင်းကိုနိုင် ဆိုတဲ့ ကျောင်းသားခေါင်းဆောင် တစ်ယောက် ဖြစ်လာပုံလေးကို အခုလို ပြန်ပြောင်းပြောပြခဲ့ပါတယ်။

“မင်းကိုနိုင်ဟာ ကျနော် သိသလောက်ကတော့ ကျနော်တို့ လက်တွဲခဲ့တဲ့ကာလမှာ ၁၉၈၈ မတိုင်ခင်ပေါ့ဗျာ။ အဲဒီကာလတွေမှာတော့ သူက အနုပညာသမား တစ်ယောက်ပဲ။ သူ ကဗျာတွေရေးတယ်။ သီချင်းတွေ စပ်တယ်။ ဂီတာ တီးတယ်။ အနုပညာအပေါ်မှာ ခံစားချက် စိတ်ဝင်စားချက်နဲ့ ဖန်တီးနိုင်စွမ်းတွေ ရှိတယ်။ နိုးကြားတက်ကြွတဲ့ ကျောင်းသားတစ်ယောက်ပါပဲ။ ဒါပေမဲ့လည်း မတရားမှုတွေအပေါ်မှာ တုံ့ပြန်ချင်တဲ့ စိတ်က သူ့မှာ အမြဲရှိတယ်။ အဲဒါကြောင့်မို့လဲ ဒီ မတ်လ ၁၃ ရက်နေ့ အရေးအခင်း ဖြစ်ပြီးတဲ့နောက်မှာ အစိုးရရဲ့ မတရားမှုတွေကို ဆန့်ကျင်ဖို့အတွက် သူဟာ ကျောင်းသားလှုပ်ရှားမှုထဲကို ခြေစုံပစ် ဝင်ခဲ့တာပါ။ အဲဒီအချိန်ကစပြီးတော့ ပေါ်ဦးထွန်း ဆိုတဲ့ တတိယနှစ် တက္ကသိုလ် ကျောင်းသားလေးတစ်ယောက်က ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ဆိုပြီး ဖြစ်လာတာပါပဲ။”

ဒါ့အပြင် ကိုမင်းကိုနိုင်နဲ့ သူတို့အဖမ်းမခံရခင် ထွက်ပြေး ပုန်းအောင်းနေကြရချိန် မှတ်မှတ်ရရ အဖြစ်ဆုံး အချက်ကလေးတစ်ခုနဲ့ ပတ်သက်ပြီးတော့လည်း -

“အမှတ်တရ ဖြစ်စရာတွေကတော့ အများကြီးပေါ့ဗျာ။ အဲဒီမှာ ကျနော် လွမ်းလွမ်းဆွေးနွေးလေး သတိရတာ တစ်ခုရှိတယ်။ အဲဒါက ဘာလဲဆိုတော့ ၁၉၈၉ အစောပိုင်းပေ့ါဗျာ။ အဲဒီအချိန် ကျနော်တို့ နေရာအနှံ့ ပုန်းအောင်းနေတဲ့အခါကျတော့ ကျနော်တို့ ပုန်းတဲ့အိမ်တစ်အိမ်က အဲဒီမှာ စပယ် ဦးတင်စိုးတို့ အိမ်ဗျ။ အဲဒီခြံထဲမှာ ကျနော်တို့က ညဘက် တွေ့ကြတာပေါ့။ ရှေ့ ဘာဆက်လုပ်မလဲ ဆိုတာတွေ။ အဲဒီလို ဆွေးနွေးရင်းနဲ့ ညကလည်း ညဉ့်နက်လာပြီ၊ ဆောင်းတွင်းကလည်းဖြစ်တော့ အဲဒီအချိန်မှာ ပေါ်ဦးက ပျင်းလာတာပေါ့။ ဒီလောက်ကြီး တလျှောက်လုံး ဆွေးနွေးလာတော့ ပျင်းပြီး ထထွက်သွားတာ။ ထ ထွက်သွားတော့ အဲဒီမှာ ထောင့်မှာကလည်း သီဟတင်စိုးရဲ့ ဂီတာတစ်လက် ရှိတယ်။ အဲဒီ ဂီတာကို ယူပြီးတော့ သူက ထ ထွက်သွားတယ်။ ကျနော်လည်း ပျင်းတာနဲ့ သူ့နောက် ထလိုက်သွားတယ်။ ကျနော်တို့ အဲဒီမှာ မြက်ခင်းပေါ်မှာထိုင်ပြီးတော့ ပေါ်ဦးက ဂီတာတီးတယ်ဗျ။ သူတီးတဲ့သီချင်းက ကျနော်လည်း သိပ်ကြိုက်တဲ့သီချင်း။ သူလည်း ကြိုက်တဲ့သီချင်း။ ကိုခင်ဝမ်းရဲ့ “နှင်း” ဆိုတဲ့သီချင်း။ အဲဒီမှာ သူရော ကျနော်ရော အသံကုန်အော်ကြတယ်။ အသံကုန် အော်လည်းအော်ရော အထဲကနေပြီးတော့ ကိုကိုကြီးတို့က ပြေးထွက်လာတယ်။ ဟေ့ကောင်တွေ.. ဟေ့ကောင်တွေ တဲ့။ ဆဲလည်း ဆဲတယ်။ မင်းတို့ကို မင်းတို့ လွတ်လပ်ရေး ရနေတယ်များ ထင်လို့လား။ ပြန်ဝင်.. ပြန်ဝင် အပြင်မှာ ထောက်လှမ်းရေးတွေ ရှိတာ မင်းတို့မသိဘူးလားတဲ့ ဆိုတာနဲ့ ကျနော်တို့လည်း လန့်ပြီးတော့ ပြန်ဝင်ကြတာပေါ့ အိမ်ထဲကို။ အဲဒီဟာကတော့ ကျနော်တို့ အမှတ်တရပေါ့ဗျာ။ ဂီတကို ကျနော်တို့ ခံစားချက်မှာ တူကြတယ်။ အဆိုတော် တစ်ယောက်တည်းကို ကြိုက်တဲ့နေရာမှာလည်း တူကြတယ်။ သီချင်း ကြိုက်တဲ့နေရာမှာလည်း တူကြတယ်။ အဲဒါလေးတော့ ကျနော် အမြဲတမ်း လွမ်းနေမိမှာပါပဲ။”

ဒီနှစ် သူ့ရဲ့ ၄၉ နှစ်မြောက် မွေးနေ့ကို ရန်ကုန် မရမ်းကုန်းမြို့နယ်မှာရှိတဲ့ သမိုင်းမြို့မ ပရိယတ္တိစာသင်တိုက်မှာ ဒီကနေ့ ကျင်းပဖို့ရှိပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပြီးခဲ့တဲ့တပတ်က အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ မြစ်ကြီးနား ထောင်ကနေ ပြန်လွတ်လာခဲ့တဲ့ စွယ်စုံအနုပညာရှင် ကိုဇာဂနာ လည်း တက်ရောက်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတဝှမ်း တိုင်းနဲ့ ပြည်နယ် တော်တော်များများမှာလည်း ကိုမင်းကိုနိုင် မွေးနေ့ကို ဒီကနေ့ ကျင်းပကြမှာဖြစ်ပါတယ်။