မြန်မာစစ်ကောင်စီခေါင်းဆောင်က ရွေးကောက်ပွဲမဲစာရင်းမှန်ဖို့ သန်းခေါင်စာရင်းကောက်တာလို့ ပြောပေမဲ့ မဆိုင်ပါဘူးလို့ သုံးသပ်နေကြပါတယ်။ စစ်ပွဲနဲ့ရေဘေး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေချိန် ကောက်တဲ့ ဒီလူဦးရေသန်းခေါင်စာရင်းရလဒ်ဟာ မှန်ကန်ဖို့နဲ့ အများလက်ခံဖို့ ခက်နိုင်ပေမဲ့ စစ်ကောင်စီ အကျိုးစီးပွားအတွက် တလွဲသုံးဖို့ လွယ်နိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။ ဒီရလဒ်ကိုသုံးပြီး လူအများကို ထိန်းချုပ်နိုင်ဖို့အပြင် တိုင်းရင်းသားလူမျိုးတွေကို ဗမာမှုပြုမှာကိုလည်း စိုးရိမ်မှုတချို့ ရှိနေပါတယ်။ ကိုဝင်းမင်းက မေးထားပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အန္တိမရည်မှန်းချက်ဖြစ်တဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေး မဲစာရင်း မှန်စေရေး မဖြစ်မနေ ပြင်ဆင်သွားမှာဖြစ်ပြီး လူဦးရေနဲ့အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အခုလို ကောက်သွားမယ်လို့ ဇွန်လလယ်မှာကျင်းပတဲ့ စစ်ကောင်စီအစည်းအဝေးမှာလည်း ပြောခဲ့ပါတယ်။
ဒါပေမဲ့ မဲစာရင်းနဲ့ သန်းခေါင်စာရင်းက မဆိုင်ပါဘူးလို့ ISP မြန်မာ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျုအဖွဲ့ ဒါရိုက်တာ ဦးအောင်သူငြိမ်းက ထောက်ပြပါတယ်။
“ဒီသန်းခေါင်စာရင်းနဲ့ရွေးကောက်ပွဲက ဘာမှ မဆိုင်ဘူး။ အခုလက်ရှိသတင်းတွေအရ ဒီဇင်ဘာ ၃၁ ရက်မှာ မဲစာရင်း စတုတ္ထအသုတ် သို့မဟုတ် final (နောက်ဆုံး) ဖြစ်နေပြီလို့ ပြောတယ်။ ဒီ သန်းခေါင် စာရင်းနဲ့ ဘာမှမဆိုင်ဘူးဗျ။ သန်းခေါင်စာရင်းရဲ့အဓိကအချက်က အိမ်ထောင်စုရယ်၊ လူဦးရေ အကြောင်းအရာရယ် socioeconomic status ပေါ့၊ ဒါကိုကောက်တာပါ။ ၂၀၁၄ မှာတခါလုပ်တယ်။ ၂၀၂၄ မှာကျတော့ တခါထပ်လုပ်မယ်၊ ဒါပဲ။ ကျနော်တို့ရွေးကောက်ပွဲ အဓိကလိုအပ်ချက်တော့ မဲစာရင်းပဲ။ ဒါပဲ။ အဲဒီတော့ နှစ်ခုက ဘာမှမဆိုင်ဘူး။”
ဒါ့အပြင် စစ်ပွဲနဲ့ရေဘေးကျယ်ပြန့်နေချိန် အကြိမ်ကြိမ်ခွဲပြီး လုံခြုံရေးအခြေအနေအရ ဒီဇင်ဘာလအထိ ကောက်မှာဖြစ်လို့ လျှပ်တပြက်ကောက်မှ အကောင်းဆုံးဖြစ်တဲ့ သန်းခေါင်စာရင်းရဲ့သဘာဝထိခိုက်နိုင်ပြီး ထပ်ကုန်တာအပါအဝင် မှန်ကန်မှုနည်းနိုင်တယ်လို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့ ပြောခွင့်ရ နိုင်ဗညားမွန်က သုံးသပ်ပြပါတယ်။
“အခု သန်းခေါင်စာရင်းကောက်ယူတာက စစ်အာဏာရှင်သက်ဆိုးရှည်မယ့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ လုပ်ငန်းတခုဖြစ်တယ်။ နောက်ပြီးတနိုင်ငံလုံးက စစ်မီးတောက်လောင်နေပြီးတော့ အတိဒုက္ခတွေများနေတဲ့အချိန် အတင်းအဓမ္မစစ်သားစုဆောင်းနေတဲ့အတွက်ကြောင့် လူငယ်များ တိုင်းပြည်ကနေ ထွက်ပြေးနေတဲ့အချိန်မှာကောက်တာက တကယ်တန်းတိကျမှန်ကန်တဲ့စာရင်းမျိုး ရရှိနိုင်မှာမဟုတ်ပါ။”
အခုလို ပုံမှန်မဟုတ်တဲ့အခြေအနေမှာကောက်တာကြောင့် အများစိုးရိမ်နေကြတာကိုလည်း CDM ဗိုလ်မှူးနောင်ရိုးက အခုလို ထောက်ပြပါတယ်။
“လူထုကြားမှာလည်း ဒီဟာနဲ့ပတ်သက်ပြီးတော့ စိုးရိမ်မှုတွေရှိနေတယ်ဆိုတာ ကျနော်တို့ ကျယ်ကျယ် ပြန့်ပြန့်ကြားသိနေရတယ်။ သာမန်အခြေအနေ၊ ပုံမှန်အခြေအနေမှာဆိုရင်တော့ ဒီလိုမျိုး သန်းခေါင် စာရင်းကောက်ယူတာ၊ ကိုယ်ရေးအချက်အလက် အလုပ်အကိုင်တွေကောက်ယူတာ၊ ပြည်တွင်းပြည်ပ နေရပ်ရွှေ့ပြောင်းမှု အချက်အလက်တွေ ကောက်ယူတယ်ဆိုတာက လုပ်သင့်တဲ့အရာဆိုတာကို ကျနော်တို့လက်ခံတယ်။ သို့ပေမဲ့လည်း လက်ရှိလိုအခြေအနေမျိုးမှာပေါ့နော်၊ စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုအောက်မှာ အကြောက်တရားနဲ့ နေနေရတဲ့ လူထုရဲ့ဘဝအခြေအနေတွေမှာ၊ ပြီးတော့လည်း စစ်ကောင်စီအနေနဲ့ သူတို့ ဘယ်လိုပဲ ပြောထားသည်ဖြစ်စေ၊ ယုံကြည်လို့မရတဲ့အခြေအနေမှာရှိနေတာဖြစ်တဲ့အတွက် စစ်ကောင်စီအနေနဲ့တလွဲအသုံးချတာမျိုးတွေ၊ သူတို့ရဲ့နိုင်ငံရေးအကျိုးစီးပွါးအတွက် အသုံးချတာမျိုးတွေ ရှိလာနိုင်တယ်။ ဒီလိုအကြောင်းအရာတွေကတော့ သန်းခေါင်စာရင်းရဲ့နောက်ဆက်တွဲအကျိုးဆက်အနေနဲ့ စိုးရိမ်စရာတခုလို့ပဲ ကျနော်တို့ ရှုမြင်ပါတယ်။”
အဲ့ဒိတော့ အခုလို သန်းခေါင်စာရင်းကောက်ယူတာကနေ ဘယ်လို ရလဒ် ဖြစ်လာနိုင်တယ် ဆိုတာ ကိုလည်း ဦးအောင်သူငြိမ်းက အခုလို ဆက်ထောက်ပြပါတယ်။
“အခု ပြီးခဲ့တဲ့ ၂၀၁၄ သန်းခေါင်စာရင်းမှာ ထုတ်ပြန်မကြေညာတဲ့စာရင်းတွေရှိတယ်ဗျ။ အဲလိုရှိတဲ့ အခါကျတော့ အခု ၂၀၂၄ ပြီးမယ့်သန်းခေါင်စာရင်းမှာလည်း ထုတ်ပြန်ကြေညာချက်တွေက အမှန်အတိုင်းလုပ်နိုင်မလားပေါ့ဗျာ၊ မေးခွန်းတွေက ထပ်တိုးလာတယ်။ နောက်တခုကကျတော့ ဒါကို စောင့်ကြည့်နေတဲ့ နိုင်ငံတကာအင်အားစုတွေက ယုံကြည်ကိုးစားစရာ သန်းခေါင်စာရင်းအဖြစ် လက်ခံနိုင်မလားပေါ့။ ဒီအချက်လည်းအရေးကြီးတယ်။ ဒီသန်းခေါင်စာရင်းမှာက နိုင်ငံတကာရဲ့ထောက်ပံ့ကူညီမှုက မရှိသလောက်နည်းတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ သန်းခေါင်စာရင်းဆိုရင် ကျနော်တို့တွေ့တဲ့စာရင်းအရဆိုရင် ဒေါ်လာ ၇၅ သန်းကုန်တယ်။ မြန်မာအစိုးရက ဒေါ်လာ ၁၅ သန်းလောက်စိုက်တယ်။ နိုင်ငံတကာက ဒေါ်လာ သန်း ၆၀ လောက်စိုက်တယ်။ အခုဟာက အကုန်အိတ်စိုက်၊ ကိုယ့်ဟာကိုယ်စိုက်လုပ်ရတာ။ ဒါက တခုခုမှားသွားလို့ရှိရင် ပိုက်ဆံက ပလုံဖြစ်မှာလေ။”
ဒါ့အပြင် ထွက်လာမဲ့ရလဒ်တွေအရ လူပေါင်းများစွာ ထွက်ပြေး ပြောင်းရွှေ့နေရတာတွေကို ထိန်းချုပ် နိုင်ဖို့ ဖြစ်လာနိုင်တာအပြင် တိုင်းရင်းသားတွေကိုလည်း လွှမ်းမိုးဖို့ဖြစ်လာနိုင်တာကို နိုင်ဗညားမွန်က အခုလို ဆက်သုံးသပ်ပြပါတယ်။
“ကျနော်တို့တိုင်းရင်းသားတွေအတွက် အရေးကြီးတဲ့အချက်က ဒီ သန်းခေါင်စာရင်းပါ မေးခွန်းတချို့ဟာ တိုင်းရင်းသားလူနည်းစုတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ဗမာမှုပြုလိုတာရှိနေတာ တွေ့ရပါတယ်။ ဥပမာ- လူမျိုး-ဟုမေးရမယ့်အစား ‘အိမ်မှာအဓိကပြောဆိုသော ဘာသာစကား’ ဆိုတာမျိုးပေါ့။ ဒါက မိခင်ဘာသာစကားမပြောတတ်တဲ့ တိုင်းရင်းသားလူမျိုးတွေအတွက်ကို ဗမာမှုပြုတဲ့ရည်ရွယ်ချက်ရှိတယ်လို့ ကျနော်တို့ မြင်ပါတယ်။ ဒါကြောင့် ကျနော်တို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ (NMSP - AD) အနေနဲ့ အခု သန်းခေါင်စာရင်းအပေါ် အသိအမှတ်ပြု လက်မခံနိုင်ပါ။”
အခုလိုအချိန်မှာ ဖြေဆိုသူတွေယုံကြည်မှုရဖို့ မလွယ်ဘူးလို့လည်း ဦးအောင်သူငြိမ်းက ဆက်ထောက်ပြ ပါတယ်။
“အဓိက,ကတော့ဗျာ။ trust ပေါ့၊ အထူးသဖြင့်တော့ မေးခွန်းတွေကိုဖြေဆိုဖို့ ပြည်သူလူထုက အစိုးရကို ယုံကြည်ဖို့လိုတယ်။ နောက်တခါကျတော့ သန်းခေါင်စာရင်းမှာပါတဲ့မေးခွန်းတွေကို မဖြေဆိုခြင်း၊ ဖြေဆိုခြင်းအားဖြင့် အရေးယူလို့မရဘူးဆိုတဲ့ ကာကွယ်ပေးထားတဲ့ဥပဒေမျိုးလည်းလိုတယ်ဗျ။ သူတို့က ဘာကိုပြန်ညွှန်းလဲဆိုတော့ ၂၀၁၃ တုန်းက ပြဌာန်းထားတဲ့ဥပဒေရှိပါတယ်။ ဒီဥပဒေအတိုင်းဆောင်ရွက်တာပါ-လို့ ပြောတာပေါ့နော်၊ အဲလိုအနေအထားမျိုးမှာကျတော့ အဓိက,က ပြည်သူလူထုက trust (ယုံကြည်မှု) အားနည်းတယ်ဆိုလို့ရှိရင် ပူးပေါင်းဆောင်ရွက်မှုအားနည်းမှာပေါ့။ ဒီပြဿနာရှိပါတယ်။”
အရင်တုံးကလည်း နာဂစ်မုန်တိုင်းဘေးကျချိန် သတင်းတပတ်အတွင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်က ရွေးကောက်ပွဲအတွက် ဖွဲ့စည်အုပ်ချုပ်ပုံ ဆန္ဒခံယူပွဲလုပ်ခဲ့တာကို အခု သန်းခေါင်စာရင်း ကောက်တာက ပြန်အမှတ်ရသွားစေတယ်လို့လည်း သုံးသပ်သူတချို့က ထောက်ပြနေပါတယ် ခင်ဗျာ။
Your browser doesn’t support HTML5