ဇန်နဝါရီလအကုန်မှာ ကျင်းပမယ့်၂၁ရာစုပင်လုံတတိယအကြိမ်ညီလာခံမှာ တင်ပြဆွေးနွေးနိုင်ဖို့ အတွက် ရှမ်းအမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြိုအဖြစ် ဒီကနေ့ ပင်လုံ လားရှိုး တာချီလိတ် မြို့နယ်တွေမှာ ကျင်းပခဲ့တဲ့ အကြိုဆွေးနွေး ပွဲမှာတော့ နယ်မြေခံတပ်မတော်ကနေ တားမြစ်ခွင့်ပိတ်ပင်ခဲ့ပါတယ်။ ပင်လုံမြို့မှာ ကျင်းပခွင့် မရခဲ့ပေမဲ့ တားဆီးမှုကြားက လားရှိုး တာချီလိတ် မြို့နယ်တွေမှာပြီးစီးအောင် ကျင်းပခဲ့ပါတယ်။ အကြိုလူထုတွေ့ဆုံပွဲကျင်းပရေးမှာကူညီဖို့ ရှမ်းပြည်နယ် အစိုးရကနေညွှန်ကြားထားပေမဲ့ တပ်မတော်ကနေ တားဆီးပိတ်ပင်နေတဲ့ အပေါ် မေးခွန်းထုတ်စရာဖြစ်နေ တယ်လို့ ရှမ်းနိုင်ငံရေးပါတီ တာဝန်ရှိသူတွေကဆိုပါတယ်။ ဗွီအိုအေထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန် ကနေ သတင်းပေးပို့ထားပါတယ်။
ဒီကနေ့ရှမ်းပြည်နယ်ဒေသအသီးသီးမှာကျင်းပနေတဲ့ ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အကြိုလူထုတွေ့ဆုံပွဲ ကို တပ်မတော်ကနေ ဝင်ရောက် တားဆီးမှုတွေဖြစ်ပွါးခဲ့တာပါ။
ဒီကနေ့ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့မှာကျင်းပပြုလုပ်ခဲ့တဲ့ ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အကြိုလူထု တွေ့ဆုံပွဲကို ဒေသခံတပ်မတော်အင်အား(၅၀)ခန့်ကနေ လာရောက်တားဆီးပိတ်ပင်ခဲ့တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နန်းခမ်းအေးကပြောပါတယ်။
"၉နာရီ၄၅မှာ အရှေ့အလယ်ပိုင်းတိုင်း တိုင်းမှူးရဲ့အမိန့်အရ ဆိုပြီးတော့ လွယ်လင်တပ် နယ်မှူး ဗိုလ်မှူးကြီးအောင်ဌေး နေပြီးတော့ လုပ်ခွင့်မရှိပါဘူးတို့ မလုပ်ရဘူးတို့ လာပြီးတားတယ်။ ကျွန်မတို့က ရှမ်းပြည်နယ်အစိုးရနေပြီးတော့ ကျွန်မ တို့ကို ရှမ်းပြည်မှာလုပ်မယ့်မြို့နယ်တွေမှာ ကူညီဖို့ဆိုတဲ့စာလေးအစိုးရကထုတ်ထားတာရှိတယ်။ အဲဒီမှာပင်လုံဆိုတာ လဲပါ ထားတယ်။ အဲဒီစာကိုကျွန်မတို့အဖွဲ့ထဲကကောင်မလေး ကပြလိုက်တယ်။ ဒါပေမဲ့သူတို့တိုင်းမှူးဆီကို အစိုးရကနေအသိ မပေးတဲ့အတွက်ကြောင့် လုပ်ခွင့်မပေးပါဘူးဆိုပြီးလာတားတယ်။"
ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့မှာကျင်းပနေတဲ့ ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အကြိုလူထုတွေ့ဆုံပွဲကို တပ်မတော်ကနေတားဆီးခဲ့တဲ့ကြားကဘဲ ဆွေးနွေးပွဲကို လုပ်ဆောင်ခဲ့တယ်လို့ တောင်ပိုင်းရှမ်းပြည်တပ်မတော် တောင်ကြီး ဆက်ဆံရေးရုံးတာဝန်ခံ ဒုဗိုလ်မှူးကြီးစိုင်းဦးကပြောပါတယ်။
"ကျွန်တော်တို့ဒီဖုန်းဆက်ပြီးတော့ဘဲ ပြောလာသေးတယ်။ ကျွန်တော်တို့ ဒီအစည်းဝေးတွေကို ချက်ချင်းရပ်ဖို့ ပေါ့နော်။ တပ်ကညွှန်ကြားလာတာအဲဒီလို။ နဲနဲတော့ အဟန့်အတားဖြစ်သွားတာပေါ့နော်။ ပြည်သူလူထုရဲ့ယုံကြည်မှု တပ်မတော် ရဲ့ ယုံကြည်မှုကလဲ လျော့နဲလာတာပေါ့နော်။ ကျွန်တော်တို့ရှေ့ဆက်လုပ်သွားဖို့ရှိပါတယ်။"
အလားတူ ရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ်မြို့မှာပြုလုပ်တဲ့ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အကြိုလူထု တွေ့ဆုံပွဲကို တာချီလိတ်အခြေစိုက် အစိုးရတပ်မတော်က လာရောက်တားဆီးခဲ့ပေမယ့် လူထုတွေ့ဆုံပွဲကို မရပ်ဆိုင်းပဲ ဆက်လက်ကျင်းပခဲ့ပါတယ်။
ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အကြိုလူထုတွေ့ဆုံပွဲကျင်းပရေးမှာကူညီဖို့ ရှမ်းပြည်နယ်အစိုးရကနေ ဒီဇင် ဘာ(၁၉)ရက်နေ့မှာညွှန်ကြားစာပေးပို့လာပေမဲ့ တပ်မတော်ကနေ တားဆီးလာတဲ့အပေါ်နားမလည်နိုင်ဘူးလို့ ဒုဗိုလ်မှူး ကြီး စိုင်းဦးကပြောပါတယ်။
"ခွင့်ပြုချက်ပေးထားတယ်ဆိုတာက သူတို့ပြည်နယ်အစိုးရကနေ ကျွန်တော်တို့ ခရိုင်တွေကို စာပို့ထားတယ်ပေါ့နော်။ ဆွေး နွေးပွဲတွေကို ပံ့ပိုးကူညီပေးဖို့ပေါ့နော်။ ဒီတပ်နဲ့အစိုးရအကြား သူတို့ဘယ်လိုရှိလဲ ကျွန်တော်တို့မသိဘူးပေါ့နော်။"
ပြီးခဲ့တဲ့ဒီဇင်ဘာ(၁၉)ရက်နေ့က သတ်မှတ်ထားတဲ့နေရာမှအပ နိုင်ငံရေး ဆွေးနွေးပွဲတွေ မပြုလုပ်ဖို့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးကနေ တောင်ပိုင်းရှမ်းပြည် တပ်မတော် RCSS/SSAကို စာရေးသားပေးပို့ခဲ့ပါတယ်။
ဒီအခြေအနေကို ဒုဗိုလ်မှူး ကြီး စိုင်းဦးကဆက်ပြောပါတယ်။
"ဒီဇင်ဘာလ(၁၉)ရက်နေ့ရက်စွဲနဲ့ပါဘဲ။ အဲတာပို့ထားတာ။ သတ်မှတ်နေရာမှာဘဲ လုပ်ဖို့ဆိုပြီးတော့ သတ်မှတ်နေရာဆို တာလဲလင်းခေးမှာဘဲပေါ့နော်။ ဒါကလင်းခေးမှာလုပ်ဖို့အတွက် လူထုကိုတွေ့ဆုံချပြတဲ့ဆွေးနွေးပွဲတွေဖြစ်ပါတယ်။ အကြို လူထုတွေ့ဆုံပွဲပေါ့နော်။"
တပ်မတော်အနေနဲ့ ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့သဘောတူထားတဲ့ လင်းခေးမှာသာ လုပ်စေဖို့ ဆန္ဒ ရှိနေတယ်လို့သူကဆိုပါတယ်။
ရှမ်းလက်နက်ကိုင်အဖွဲ့တွေ နိုင်ငံရေးပါတီတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ ရှမ်းပြည် ညီညွတ်ရေးကော်မတီက ဦးဆောင်ပြု လုပ်တဲ့ဒီဆွေးနွေးပွဲတွေဟာ လင်းခေးမှာပြုလုပ်မဲ့ ရှမ်းအမျိုးသားအဆင့် ဆွေးနွေးပွဲအတွက် ရည်ရွယ်ကျင်းပနေတာပါ။
နိုဝင်ဘာ(၂၇)ရက်နေ့ နေပြည်တော်မှာကျင်းပခဲ့တဲ့ တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖေါ်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေးJICMမှာ ရှမ်းလူမျိုးအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပမယ့်နေရာကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကနေ ဝင်ရောက်ညှိနှိုင်းမှုကြောင့် လင်းခေးမြို့မှာကျင်းပသွားဖို့ တောင်ပိုင်းရှမ်းပြည်တပ်မတော်RCSSဖက်က သဘောတူညီခဲ့တာပါ။
ရှမ်းလူမျိုးအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့ နိုင်ငံတော်အဆင့်ကသဘောတူညီချက်ကို အောက်ခြေတပ်တွေကနေ ဖေါက်ဖျက်တာဟာ မေးခွန်းထုတ်စရာဖြစ်နေပြီးလို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နန်းခမ်းအေးကပြောပါတယ်။
ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက်ရှမ်းနိုင်ငံရေးပါတီတွေ ရှမ်းပြည် ညီညွတ်ရေးကော်မတီ အဖွဲ့တွေ အနေနဲ့က ရှမ်းပြည်နယ်မြို့တော်တောင်ကြီး ဒါမှမဟုတ်ပင်လုံမှာလုပ်ဆောင်ဖို့ ဆန္ဒပြင်းပြနေပေမဲ့ မြန်မာ့တပ်မတော် ဘက်ကခွင့်မပြုခဲ့ပါဘူး။
Your browser doesn’t support HTML5