စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့လယ်ယာစိုက်ပျိုးရေးအပေါ် ရိုက်ခတ်မှု
{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး တနှစ်အကြာမှာ အဓိက လယ်ယာမြေအပါအဝင် စိုက်ပျိုးရေးလုပ်ငန်းတွေရဲ့ အခြေအနေဟာ ကျဆင်းနေတယ်လို့သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး စစ်အာဏာသိမ်းတာ နှစ်ပတ်လည်ကာလအတွင်း စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့သုံးသပ်ချက်အနေနဲ့မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းရှင်များအသင်း ဒုဥက္ကဌ ဒေါက်တာ စိုးထွန်း၊ စစ်ကိုင်းတိုင်း ကနီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင် နဲ့ မကွေးတိုင်းက လယ်သမားအရေးဆောင်ရွက်နေသူ ဦးအောင်ကျော်ကျော် တို့ကို မေးမြန်းပြီး ကိုခင်မောင်စိုးမင်း က တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ လယ်ယာလုပ်ငန်းအပါအဝင် စိုက်ပျိုးရေးဟာ အဓိကအသက်မွေးလုပ်ငန်းဖြစ်ကြတဲ့အတွက် ဟိုးတချိန် ကိုလိုနီခေတ်၊ ပါလီမန်ဒီမိုကခေတ်တွေမှာ ဆိုရင် ပြည်တွင်းစားသုံးမှုဖူလုံရုံသာမက ပြည်ပကို အများဆုံး စံချိန်တင် တင်ပို့နိုင်ခဲ့ကြပါတယ်။
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ ဗိုလ်ချုပ်ကြီးနေဝင်း စစ်အာဏာသိမ်းခဲ့စဉ်ကလည်း အဲဒီနေ့ကို တောင်သူလယ်သမားနေ့အဖြစ်တောင်မှ သတ်မှတ်ခဲ့ပြီး တော်လှန်ရေးကောင်စီအဖွဲ့ဝင်တွေကိုယ်တိုင်ပါဝင်ကာတောင်သူလယ်သမားနှီးနှော်ဖလှယ်ပွဲတွေ ခမ်းခမ်းနားနားကျင်းပခဲ့ကြပါတယ်။
ဒါပေမယ်လည်း မူလစိုက်ပျိုးမြေနဲ့ မကိုက်ညီတဲ့ စီမံကိန်းသီးနှံသတ်မှတ် စိုက်ခိုင်းတာတွေ၊ တာဝန်ကြေသီးနှံဆိုပြီး အတင်းအဓမ္မ ဈေးနှိမ်ဝယ်ယူတာတွေ ၊ မြေခွန်ယာခွန်တွေ ကြီးလေးတာတွေကြောင့် ၁၉၆၇ ခုနှစ်မှာဆိုရင် မြန်မာနိုင်ငံမှာ ဆန်ရှားပါးမှုနဲ့ ကြုံတွေခဲ့ရပြီး ရခိုင်ဒေသမှာဆိုရင် ပစ်ခတ်နိုမ်နင်းခဲ့လို့ လူသေဆုံးမှုတွေပင်ရှိခဲ့ပါတယ်။
အဲဒီကစပြီး မဆလ မြန်မာဆိုရှယ်လစ်လမ်းစဉ်တပါတီခေတ်မှာလည်း တောင်သူလယ်သမားတွေဟာ အလားတူအခြေအနေတွေနဲ့ ကြုံတွေ့ခဲ့ရပြီး ဆင်းရဲနွမ်းပါးခဲ့ကြရပါတယ်။ ဒီလိုနဲ့ ၁၉၈၈လူထု့အုံကြွမှုဖြစ်ပေါ်လာခဲ့ပြီး စစ်တပ်ကအာဏာသိမ်း နဝတ ၊ နအဖ အမည်အမျိုးပြောင်းလည်းအုပ်ချုပ်ခဲ့တဲ့အခါမှာလည်း တောင်သူလယ်သမားတွေဟာ ဈေးကွက်လည်းမရှိ၊ လုပ်သားရှားပါးမှုတွေကလည်း ကြုံကြရတဲ့အတွက် စိုက်ပျိုးတဲ့ အရင်းတောင်မှမရတဲ့နှစ်တွေ မကြာခဏကြုံခဲ့ကြရပါတယ်။
အဆိုးဆုံးကတော့ မြို့ပြနဲ့နီးတဲ့ ဒေသတွေမှာ တောင်သူလယ်သမားတွေပိုင်တဲ့ စိုက်ပျိုးမြေတွေကို ခရိုနီကုမ္ပဏီတွေက စက်မှုမြေလိုအပ်ချက်အကြောင်းပြ ဒေသအာဏာပိုင်တွေနဲ့ ပေါင်းပြီး အဓမ္မသိမ်းယူကာ မြို့တိုးချဲ့ အိမ်ဝိုင်းကွက်တွေအနေနဲ့ ဈေးကောင်းယူ ပြန်ရောင်းချကြတာ ခံရတာပါပဲ။ ဒါအပြင် စစ်တပ်တွေကလည်း တပ်ပိုင်ဆိုပြီး အဓမ္မသိမ်းယူခဲ့တဲ့အတွက်ကြောင့်လည်း တောင်သူတွေ မြေမဲ့ယာမဲ့ဖြစ်ကုန်ကြရပါတယ်။
အဲဒီလိုနဲ့ NLD အမျိုးသားဒီမိုကရေစီအစိုးရလက်ထက်မှာတော့ ကျေးလက်ဖွံဖြိုးရေးအတွက်ဆိုပြီး လျှပ်စစ်မီးရရှိရေး ၊ ကျေးရွာချင်းဆက် ကွန်ကရက်လမ်းတွေခင်းပေးတာတွေ ၊ စိုက်ပျိုးရေးလုပ်ငန်း နှီးနှော်ဖလှယ်ပွဲတွေ ပြုလုပ်ပေးခဲ့တာ ရှိခဲ့ပေမယ့် ခိုင်မာတဲ့ မူဝါဒတွေ လုပ်ငန်းစဉ်တွေ တိတိကျကျချမှတ်နိုင်ခဲ့ခြင်းမရှိတဲ့အတွက် အရင်ကနဲ့စာရင် တိုးတက်မှုအနည်းငယ်ပဲ ရှိခဲ့တယ်လို့ဆိုကြပါတယ်။
ဒီလိုနဲ့၂ဝ၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းခဲ့တဲ့အခါမှာတော့ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး အခြေအနေတွေဘယ်လိုရှိလာပါသလဲ။ အခုဆိုရင် တနှစ်ပြည့်ပြီဖြစ်လို့ အဓိက ဆန်စပါးအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်းရဲ့ဒုဥက္ကဌ ဒေါက်တာ စိုးထွန်း ကို မေးမြန်းကြည့်ရာမှာတော့ အဆိုးဆုံးအခြေအနေကို ကြုံတွေ့ရတယ်လို့ သူကပြောပါတယ်။
" ပြီးခဲ့တဲ့ တနှစ်တာကာလပြန်သုံးသပ်ရမယ်ဆိုရင် အဆိုးဆုံးအခြေအနေပေါ့။ ကိုဗစ်ကလည်း အဆိုးဆုံးအခြေအနေ၊ နိုင်ငံရေးကလည်း အပြင်းထန်ဆုံးအခြေအနေ ၊ ငွေကြေးနဲ့ပတ်သက်လို့လည်း ဘဏ်တွေပိတ်သွားရတဲ့အနေအထား ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုအခြေအနေက ကျသွားတာပေါ့။အရင်တုံးက လယ်သမားတွေက ပိုးသတ်ဆေး၊ ယူရီးယားဓါတ်မြေသြဇာဝယ်ရင် အကြွေးနဲ့ဝယ်လို့ရတယ်။ အခုဟာကတော့ ဒေါ်လာဈေးတက်ပြီးနောက်ပိုင်း လက်ငင်းပေးချေတဲ့ စနစ်ပြောင်းလည်းလိုက်တဲ့အတွက်ကြောင့်သူတို့အတွက်က ဝန်ထုပ်ဝန်ပိုး ပိုဖြစ်စေတယ်လို့ ကျနော်မြင်ပါတယ် ။ အထွက်နှုန်းကတော့ ကျသွားပါတယ်။ ပြည်ပ Export ကလည်းကျသွားပါတယ်။ ဒီနှစ်ကတော့ ကျနော်တို့က ဆန်တန်ချိန် ၁ ဒသမ ၈ သန်းလောက်ပဲ ပြည်ပကိုတင်ပို့နိုင်ခဲ့တယ်။ အရင်တုံးက တနှစ်ကို တန်ချိန် ၂ သန်းခွဲလောက် တင်ပို့နိုင်တာပေါ့။ အထွက်နှုန်းကျပြီးတော့ တင်ပို့မှုကလည်း ၇သိန်းလောက်လျော့ကျသွားတယ်။ ဆန်နဲ့စာရင် ဆန်ကွဲတင်ပို့မှုကပိုလာတယ်။ တိရစ္ဆာန်အစာတင်ပို့မှုပေါ့ ။လာမယ့် ၂ဝ၂၂ မှာတော့ အများကြီးမျှော်လင့်လို့မရဘူး။ ကျနော်မြင်တာကတော့ လယ်သမားတွေအနေနဲ့ အကျိုးအမြတ်ရရှိမှုနည်းတယ်။ လက်ရှိအနေအထားမှာတော့ လယ်သမားတွေအနေနဲ့ အရင်းကြေအောင် ကြိုးစားရမယ့်အနေအထားလို့မြင်တယ် "
NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ တောင်သူလယ်သမားအရေးဆောင်ရွက်နေတဲ့အဖွဲ့စည်းတွေ ကြားခံပြီး လုပ်ကွက်ငယ် တောင်သူတွေနဲ့ ကုမ္ပဏီအကြား ပူးပေါင်း ဆောင်ရွက်ခဲ့ကြတာတွေ တဖြေးဖြေးကျယ်ပြန့်လာပါတယ်။ တောင်သူလယ်သမားအရေးဆောင်ရက်ပေးနေတဲ့ အဖွဲ့အစည်းတွေရဲ့ ယုံကြည်မှုအာမခံမှုနဲ့ လုပ်ကွက်ငယ်တောင်သူတွေ စုပေါင်းရရှိလာတဲ့သီးနှံကို ကုမ္ပဏီက ဝယ်ယူတဲ့လုပ်ငန်းဖြစ်ပါတယ်။ ကုမ္ပဏီနဲ့ တောင်သူတွေ ညှိနှိုင်းပြီး ဓါတု့မြေသြဇာ၊ ဓါတုပိုးသတ်ဆေးမသုံးတဲ့ သဘာဝသီးနှံထုတ်လုပ်မှုလုပ်ငန်းဟာ တဖြေးဖြေးနဲ့ နေရာအတော်များများမှာ အောင်မြင်နေကြရာကနေ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လုံးဝပျက်စီးသွားတယ်လို့ သိရပါတယ်။ ဒီအလုပ်ကို ဦးဆောင်လုပ်နေသူတဦးဖြစ်တဲ့ မကွေးတိုင်း တောင်သူလယ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုအောင်ကျော်ကျော် က သူအတွေ့အကြုံကို အခုလိုရှင်းပြပါတယ်။
"စစ်အာဏာသိမ်းလိုက်တော့ အခက်ခဲ့အနှောက်အယှက်တွေ အများကြီးဖြစ်လာတယ်။ အဓိကပြိုလဲသွားတာက ဘဏ်စနစ်ဗျ၊ မကွေးတိုင်း တောင်သူလယ်သမားသမဂ္ဂက ဧက၃ဝဝ လောက်ပိုင်တဲ့ တောင်သူတွေ ၂ဝဝ လောက်နဲ့ ဇနက်မန္တလေးကုမ္ပဏီနဲ့ စာချုပ်ချုပ်လုပ်တဲ့အခါမှာ ဇနက်မန္တလေးကုမ္ပဏီက သူတို့ငွေထုတ်ရတဲ့အခက်ခဲတွေသူတို့စဖြစ်တယ်။ ငွေတခါထုတ်ရင် ကုမ္ပဏီကို သိန်း ၅ဝ ပဲခွင့်ပြုတော့ တောင်သူတွေကို ငရုတ်တခါပို့တဲ့အခါမှာ သိန်း ၂ဝဝ လောက်ရှင်းရတယ်။ တဖြေးဖြေးနဲ့ မရှင်းနိုင်ဘူး။ စစ်အာဏာသိမ်းခါနီး ရက်သတ္တတပတ်မှာ ထုတ်ရတာက သိန်း ၅ဝ လေးကို ။ ငရုတ်တောင်သူတွေကို မျှတပေးရင်းနဲ့ တဖြေးဖြေးနဲ့ အကြွေးတွေက တောင်သူတွေကို ပေးရမှာ ပုံသွားတယ်။ တောင်သူတွေမှာ စိုက်ပျိုးစရိတ်မရှိတော့ပဲနဲ့စိုက်ဖို့အခက်ခဲဖြစ်တဲ့အထိ ရင်ဆိုင်ရတယ်။ အခုက အဆိုးဆုံးဖြစ်သွားပြီပေါ့ဗျာ။ တဧကကို လယ်ယာလုပ်သား ၄ ယောက်လောက်အလုပ်ရတယ်။ အခုတော့ သူတို့လည်း ဝင်ငွေမရှိကြတော့ဘူး "
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်က လူထုအုံကြွမှုကို အပြင်းထန်ဆုံး အရက်စက်ဆုံး ဖိနိုပ်လာခဲ့ရာမှာ စစ်ကိုင်းတိုင်းက မြို့နယ်အတော်များများဟာ တူမီးလက်လုပ်သေနတ်အပါအဝင် ရရာလက်နက်စွဲကိုင်ခုခံခဲ့ကြပါတယ်။အဲဒီလိုအခြေအနေတွေရှိနေပေမယ့် ဆန်စပါးထွက်ရှိမှု အခြေအနေတွေက သိပ်မဆိုးဘူးလို့ ကနီမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီးရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း က ပြောပါတယ်။
" အာဏာသိမ်းတဲ့ နှစ်ပတ်လည်မှာ အခုဟာက စစ်ပွဲတွေက ဖြစ်နေတာဆိုတော့ လယ်ယာမြေတချို့ကတော့ မစိုက်ရဘူး။ ကွက်လပ်တွေအများကြီးကျန်ရစ်ခဲ့တယ်။ ဒါပေမယ် အများစုကတော့ စိုက်ကြရပါတယ်။ ပြေးလာတဲ့အချိန် ပြေးရင်းနဲ့ လစ်တဲ့အချိန်ဝင်စိုက်ကြရတာပေါ့။ ဒီနှစ်တော့ မိုးလေးက အဆင်ပြေတော့ လယ်တွေက ကောင်းတယ်။ ဈေးကွက်ကတော့ မဆိုးလှဘူး။ တချို့ဆိုလို့ရှိရင် လယ်တွေ ရိတ်သိမ်းရိတ်စဲတွေကို စစ်တပ်ကနေ မီးတွေဘာတွေရှို့သွားတာတွေ တွေ့ရတယ်။ စပါးပုံတွေမီးရှို့သွားတာတွေတွေ့ရတယ်။ အခုဟာကတော့ လေယာဉ်တွေနဲ့လာတော့ ပြေးရတာပေါ့ဗျာ။ အသက်လု့ပြေးရတာဆိုတော့ ရာနှုန်းပြည့်မလုပ်နိုင်ဘူး။ ဥပမာ ၁၀ဝ ရာခိုင်နှုန်း ပုံမှန်မဟုတ်ပေမယ့် ၇၅ ရာခိုင်နှုန်း ၆၅ ရာခိုင်နှုန်းပြန်ပြီးတော့ သိမ်းနိုင်ကြပါတယ် "
ဒါပေမယ့်လည်း လမ်းခရီးမှာ စစ်တပ်က အစစ်အဆေး အဖမ်းအဆီးတွေများလွန်းတဲ့အတွက် လယ်သမားတွေဟာ အကြိုးအကြေနည်းတဲ့ ဆန်လုံးတွေရဖို့အတွက် မြို့ပေါ်က ဆန်စက်ကြီးတွေကို သွားမကြိတ်ရဲကြဘူးလို့ သူကပြောပါတယ်။ လယ်သမားအရေးဆောင်ရွက်နဲ့ ကိုအောင်ကျော်ကျော် ကလည်း စစ်ဆေးရေးဂိတ်တွေဟာ အရင်ကထက် ပိုများလာတာတွေ၊ လောင်စာဆီဈေးတွေ အဆမတန်တက်လာတာတွေကြောင့် ကုန်စည်စီးဆင်းမှု အခက်အခဲကြောင့် စိုက်ပျိုးရေးထွက်ကုန်တွေ တနေရာက တနေရာ ရောင်းချဖို့ အခက်အခဲတွေတော်တော်ကို ကြီးမာတယ်လို့ဆိုပါတယ်။
တခါ တောင်ပေါ်ဒေသတခုဖြစ်တဲ့ ချင်းပြည်နယ်မှာလည်း အာဏာသိမ်းပြီးနောက်ပိုင်း ရိတ်သိမ်းခါနီး တောင်ယာတွေကို စွန့်ခွာထွက်ပြေးခဲ့ကြရတယ်လို့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ထန်တလန်မြို့ မီးရှို့ခံခဲ့ရစဉ် ဒေသခံချင်းအမျိုးသမီး ၂ ဦးက ဗွီအိုအေကို ပြောခဲ့ပါတယ်။
အခုအခါမှာကျေးလက်က လူငယ်အများအပြားဟာ စိုက်ပျိုးရေးလုပ်ငန်းနဲ့ ရပ်တည်ဖို့ ခက်ခဲလာတဲ့အတွက် ထိုင်းအပါအဝင် အိမ်နီးချင်းနိုင်ငံတချို့ နဲ့ ပြည်တွင်းက အလုပ်အကိုင်ရှိနိုင်တဲ့နေရာတွေကို ထွက်ခွာသွားကြတဲ့အတွက် အရင်ကတည်းက လယ်ယာလုပ်သားရှားပါးမှုကြုံတွေ့နေရတဲ့ အခြေအနေဟာလည်း ပိုပြီးဆိုးလာမယ်လို့ ပြောဆိုမှုတွေရှိနေကြပါတယ်။
..................................
Your browser doesn’t support HTML5
{{Unicode}}