စစ်အာဏာသိမ်းတနှစ်ပြည့်ပေမယ့် ပြည်တွင်းပြည်ပဖိအားတွေရှိနေဆဲ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုမြင်ကွင်း။ ( မတ်လ ၂၉ ၊ ၂၀၂၁)

[[Zawgyi/Unicode]]

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ တနှစ်ကြာမြင့်လာချိန်ထိ စစ်တပ်က အာဏာကို ဆက်လက် ဆုပ်ကိုင်ထားဆဲဖြစ်သလို ရွေးကောက်တင်မြှောက်ခံထားရတဲ့ ခေါင်းဆောင်တွေကိုလည်း နှစ်ရှည်ထောင်ဒဏ်တွေချမှတ်နေပါတယ်။ တဘက်မှာ အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ပြည်သူတွေဟာ စစ်ကောင်စီ အုပ်ချုပ် လို့မရအောင် ဆက်ပြီး ခုခံဆန့်ကျင်နေကြဆဲဖြစ်ကြောင်း ဗွီအိုအေ ကုလသမဂ္ဂသတင်းထောက် Margaret Besheer ရဲ့ သတင်းလွှာကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

Your browser doesn’t support HTML5

စစ်အာဏာသိမ်းတနှစ်ပြည့်ပေမယ့် ပြည်တွင်းပြည်ပဖိအားတွေရှိနေဆဲ

မြန်မာနိုင်ငံမှာ ၂၀၂ဝ ပြည့် နိုဝင်ဘာရွေးကောက်ပွဲရလဒ်ကို စစ်တပ်ကပယ်ချပြီး ၂၀၂၁၊ ဖေဖေါ်ဝါရီလ ၁ ရက်မှာ အရပ်သားအစိုးရကိုဖြုတ်ချ အာဏာသိမ်းပြီးကတည်းက တိုင်းပြည်ဟာ ပရမ်းပတာနဲ့ အကြမ်းဖက်မှုများအောက် နစ်မွန်းခဲ့ရပါတယ်။

အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ နိုင်ငံအနှံ့ဆန္ဒပြပွဲတွေကို စစ်တပ်က ဖြိုခွင်းရာမှာ ဒါဇင်နဲ့ချီတဲ့ ကလေးငယ်အရေအတွက်အပါအဝင် အရပ်သားပေါင်း ၁,၅၀၀ လောက် သေဆုံးခဲ့ပြီး လူပေါင်း ထောင်နဲ့ချီ ဖမ်းဆီးခံထားရကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီက အကြမ်းဖက်ဖိနှိပ်နေပေမဲ့လည်း ဒီမိုကရေစီနိုင်ငံကို ပြန်လည်ထူထောင်ဖို့ တောင်းဆိုလှုပ်ရှားနေတဲ့ မြန်မာပြည်သူတွေရဲ့ စိတ်ဆန္ဒတွေဟာ လျော့ပါးသွားခြင်းမရှိပါဘူး။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ကလည်း မြန်မာပြည်သူတွေရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုသန္နိဌာန်ခိုင်မာပုံကို သူက အခုလိုပြောပါတယ်။

“ကျနော့်အနေနဲ့ မြန်မာပြည်သူတွေကို တကယ်ပဲအံ့သြအထင်ကြီးလေးစားမိပါတယ်။ အခုလို ပြည်သူတွေရဲ့ ဆန့်ကျင်လှုပ်ရှားမှုဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ကောင်စီကို အံ့အားသင့်စေခဲ့မှာ သေချာပါတယ်။ သူတို့အနေနဲ့ အလွယ်တကူနှိမ်နင်းနိုင်မယ်လို့ ထင်ခဲ့ကြပုံရပါတယ်။ အခု မြန်မာပြည်သူတွေရဲ့ တိုင်းပြည် ကို ကယ်တင်ဖို့ဆိုတဲ့ သန္နိဌာန်ခိုင်မာမှုကို အလျှော့အတင်းအပေးအယူ လုပ်လို့ မရဘူးဆိုတာ သူတို့ တွေ့နေရပါပြီ။”

စစ်တပ်ဟာ NLD အစိုးရခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ အခြား ပါတီခေါင်းဆောင်တွေကို ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့နှစ် ဧပြီလက အင်ဒိုနီးရှားနိုင်ငံကို သွားပြီး မြန်မာ့အရေး အာဆီယံအထူးအစည်းအဝေးကို တက်ရောက်ခဲ့ချိန်မှာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး၊ သက်ဆိုင်သူအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေစတင်ဖို့ အပါအဝင် အချက် ၅ ချက်ပါ အစီအစဉ်ကို အကောင်အထည်ဖေါ်ရေး သဘောတူခဲ့ပါတယ်။ ဒါပေမယ့် လည်း လိုက်နာပါမယ်ဆိုတဲ့ ကတိကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ချိုးဖောက်ခဲ့ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အရေးယူဆောင်ရွက်မှုတွေ အားနည်းခဲ့ပါတယ်။ ဗီတိုအာဏာရှိနေတဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတွေက မြန်မာစစ်တပ်အပေါ် ပိတ်ဆို့အရေးယူမှုတွေ ဒါမှမဟုတ် လက်နက်ရောင်းချမှုတွေပိတ်ပင်မှာကို လိုလားမှုမရှိကြပါဘူး။ ဒါအပြင် လက်ရှိ လုံခြုံရေးကောင်စီတွင်း သဘောထားကွဲလွဲမှုတွေရှိနေတဲ့ကြားက မြန်မာနဲ့ ပတ်သက်လို့ သူတို့အဖွဲ့ဝင်တွေကြား အခြေအနေတွေပိုပြီး ဆိုးရွားလာစေမယ်ဆိုတဲ့ စိုးရိမ်စိတ်တွေကြောင့်လည်း မြန်မာ့အရေး ထိထိရောက်ရောက် အရေးယူကိုင်တွယ်တာမျိုး မလုပ်ခဲ့ကြပါဘူး။ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ ကုလသမဂ္ဂဆိုင်ရာညွန်ကြားရေးမှူး Louis Charbonneau ပြောပြတာကတော့-

"ပွင့်ပွင့်လင်းလင်းပြောရရင် မြန်မာစစ်တပ်အနေနဲ့ လုံခြုံရေးကောင်စီကနေ ခွင့်ပြုချက်ရလိုက်သလိုဖြစ်ခဲ့ပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေက မကြိုးစားတော့အတွက် သူတို့အပေါ်မှာ အရေးယူဖို့ မရှိဘူးဆိုတာ မြန်မာစစ်တပ်က သိနေတယ်။ လုံခြုံရေးကောင်စီက လက်လျှော့လိုက်တယ်လို့ ပြောရမှာပါ။”

လုံခြုံရေးကောင်စီဘက်က အရေးယူဆောင်ရွက်ခဲ့တာမျိုးမရှိခဲ့ပေမယ့် ဇွန်လ ၁၈ ရက်မှာတော့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချမှုတားမြစ်ရေး အဓိကတိုက်တွန်းထားတဲ့ ဆုံးဖြတ်ချက် တရပ်ကို အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ကို မဖြစ်မနေ လိုက်နာရမယ်ဆိုတာမျိုး စည်းနှောင်ထားမှုမရှိပါဘူး။

ဒါကြောင့်လည်း စစ်အာဏာသိမ်းမှုကို ပြန်ရုပ်သိမ်းရေး နိုင်ငံတကာအသိုင်းဝိုင်းဘက် မြန်မာစစ်တပ်အပေါ်မှာ လုံလောက်တဲ့ ဖိအားပေးမှု မလုပ်နိုင်ဘူးလို့ သည် International Crisis Group ရဲ့ ကုလသမဂ္ဂဆိုင်ရာ ညွန်ကြားရေးမှူး Richard Gowan ကဆိုပါတယ်။

"မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံနဲ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့ အစည်းတွေအနေနဲ့ လမ်းတွေပိတ်နေတယ်လို့ ကျနော်ထင်ပါတယ်။ စစ်ဏာသိမ်းမှုကနေ နောက်ကြောင်းပြန်လှည့်ဖို့ မြန်မာစစ်တပ်အပေါ် လုံခြုံရေးကောင်စီ ဒါမှမဟုတ် အခြား နိုင်ငံတကာအဖွဲ့အစည်း တခုခု လုံလောက်တဲ့ ဖိအားပေးဖို့ လမ်းကြောင်း မရှိတာ ထင်ရှားပါတယ်။”

နိုင်ငံတကာအနေနဲ့ မြန်မာအပေါ်ထိထိရောက်ရောက် ဖိအားပေးမှု ထိထိရောက်မလုပ်နိုင်ချိန်မှာပဲ၊မြန်မာပြည်သူတွေကတော့ စစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်လာကြပါတယ်။

NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က မြန်မာပြည်သူတွေ လက်နက်ကိုင်တော်လှန်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ အခုလိုပြောပါတယ်။

"လူတွေဟာ စစ်အာဏာရှင်စနစ်ကို ချေမှုန်းဖို့ တတ်နိုင်သမျှ နည်းမျိုးစုံနဲ့ တွန်းလှန်နေကြပါတယ်။လက်နက်ကိုင်တိုက်ပွဲဟာ ဒီနည်းလမ်းများစွာတွေထဲက တခုပဲဖြစ်တယ်။”

စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ခိုက်မှုတွေ၊ အသစ်ဖွဲ့စည်းလာတဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေကနေ စစ်တပ်ကိုတော်လှန်တိုက်ခိုက်မှုတွေကြောင့် နိုင်ငံအနှံ့အပြားမှာ အကြမ်းဖက်မှုတွေ ကြီးထွားလာနေပြီး လူပေါင်း ရာနဲ့ချီ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။ မြန်မာစစ်တပ်အနေနဲ့ သူ့ရဲ့ ပြည်သူတွေအပေါ် စစ်ကြေညာ တိုက်ခိုက်မှုတွေကြောင့် အခြေအနေတွေ ဒီထက်မက ပိုဆိုးလာနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ကသုံးသပ်ပါတယ်။

“မြန်မာစစ်ကောင်စီဟာ ပြည်သူတွေကို စစ်ကြေညာခဲ့တာပါ။ ကျေးရွာတွေမှာ နေထိုင်သူတွေကို ရန်သူတွေအဖြစ် သတ်မှတ်ပြီးတော့ တိုက်ခိုက်၊ သတ်ဖြတ်၊ ညှဉ်းပန်းနှိပ်စက်ဖို့ လိုင်စင်ရှိထားသူတွေအဖြစ် စစ်တပ်က ခံယူထားပုံရပါတယ်။ ဒါကြောင့် သူတို့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအတိုင်းအတာက ကြောက်စရာကောင်းပါတယ်။ နောက်ပြီး အခြေအနေတွေ ပိုဆိုးလာမှာကို ကျနော်စိုးရိမ်မိပါတယ်။”

မြန်မာ့အရေးသုံးသပ်သူတွေကတော့ အကျပ်အတည်းကို အမြန်ဖြေရှင်းနိုင်ဖို့ အလားအလာ မရှိဘူးလို့ မြင်ကြပါတယ်။ International Crisis Group ရဲ့ ကုလသမဂ္ဂဆိုင်ရာ ညွန်ကြားရေးမှူး Richard Gowan ကလည်း သူ့အမြင်ကို အခုလို ပြောပြခဲ့ပါတယ်။

"လောလောဆယ် လက်ရှိအချိန်မှာ အကြမ်းဖက်မှုတွေ တဟုန်းဟုန်း တောက်လောင်နေမယ်ဆိုတာကိုပဲ မြင်ရမယ်လို့ ကျနော်တို့ စိတ်မကောင်းစွာနဲ့ခံစားမိပါတယ်။ ဒီအကြမ်းဖက်မှုတွေကို ထိန်းထားနိုင်ရင်တောင်မှ နိုင်ငံရေးအရ ပြေလည်ဖို့ အခွင့်အလမ်းနည်းပါးတယ်လို့ ကျနော်ထင်ပါတယ်။”

International Crisis Group ရဲ့ ကုလသမဂ္ဂဆိုင်ရာ ညွန်ကြားရေးမှူး Richard Gowan ကလည်း သူ့အမြင်ကို ပြောပြခဲ့တာဖြစ်ပါတယ်။

Your browser doesn’t support HTML5

အာဏာသိမ်းမှု တနှစ်ပြည့်၊ ပြည်တွင်းပြည်ပ ဖိအားတွေဆက်ရှိနေ

===========

[[Unicode]]























============