နှစ်သောင်းကျပ်တန် ငွေစက္ကူသစ် ထုတ်ဝေမယ်လို့ စစ်ကောင်စီကြေညာ

နှစ်သောင်းကျပ်တန်" ငွေစက္ကူအသစ် (မြန်မာနိုင်ငံတော်ဗဟိုဘဏ်)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ "နှစ်သောင်းကျပ်တန်" ငွေစက္ကူအသစ်ကို လာမယ့် ဇူလိုင်လ ၃၁ ရက်နေ့မှာ ထုတ်ဝေမယ့်အကြောင်း စစ်ကောင်စီက ဒီကနေ့ တနင်္ဂနွေ မှာ ကြေညာလိုက်ပါတယ်။

ကျပ်ငွေနှစ်သောင်းတန်အသစ်ကို စစ်ကောင်စီက နေပြည်တော်မှာတည်ထားတဲ့ မာရဝိဇယရုပ်ပွားတော် ပြီးစီးတဲ့အထိမ်းအမှတ်အပြင် စစ်ကောင်စီရဲ့ဆင်ဖြူတော် မွေးဖွားခြင်း တနှစ်ပြည့်အထိမ်းအမှတ်နဲ့ ထုတ်ဝေတာ ဖြစ်တယ်လို့ အဲဒီကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အစိမ်းနုရောင်ရှိမယ့် အဲဒီကျပ်ငွေနှစ်သောင်းတန်အသစ်ရဲ့ အရှေ့ဘက်မှာ ဆင်ဖြူတော်ပုံနဲ့ အနောက်ဘက်မှာတော့ စစ်ကိုင်းနဲ့ ဧရာဝတီတံတားပုံတွေ ရိုက်နှိပ်ထားတော တွေ့ရပါတယ်။

လက်ရှိသုံးစွဲနေတဲ့ ‌ငွေစက္ကူတွေကို အရင်အတိုင်း တရားဝင်သုံးစွဲငွေအဖြစ် ဆက်ရှိနေမှာဖြစ်ကြောင်း စစ်ကောင်စီကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ အခုလို ကျပ်ငွေနှစ်သောင်းတန်အသစ်ကို အရေအတွက် အကန့်အသတ်နဲ့ ထုတ်ဝေမယ့်အစီအစဉ်ဟာ ဟောင်းနွမ်းငွေစက္ကူတွေနေရာမှာ လဲလှယ်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၁ ဖေဖေါ်ဝါရီမှာ စစ်အာဏာသိမ်းပြီးနောက် ငွေစက္ကူအသစ် ကျပ် နှစ်သောင်းတန် ထုတ်ဝေဖို့ရှိတယ်ဆိုတဲ့ သတင်းတွေထွက်ခဲ့ချိန်မှာ ဒီသတင်းဟာ ကောလဟာလသတင်းတွေသာဖြစ်တယ်လို့ ဗဟိုဘဏ်က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၉ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ဘူးပါတယ်။

တဘက်မှာတော့ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးအကျပ်အတည်း ကြီးကြီးမားမား ရင်ဆိုင်ရင်နေရတာကြောင့် အခုလို ငွေစက္ကူအသစ် ထုတ်ဝေလိုက်ခြင်းအားဖြင့် ကျပ်ငွေတန်ဖို့ ကျဆင်းပြီး ငွေကြေးဖောင်းပွမှုနှုန်း အဆမတန်မြင့်တက်လာမယ့် အခြေအနေရှိလာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက ထောက်ပြထားပါတယ်။