တရားမဝင် ဘင်္ဂလားဒေရှ့် နိုင်ငံသားတွေကို EU ပြန်ပို့မည်

ဘင်္ဂလားဒေရှ့် ရွှေ့ပြောင်းနေထိုင်သူများကို ဂရိနိုင်ငံတွင် တွေ့ရစဉ် (နိုဝင်ဘာ ၂၆၊ ၂၀၁၅)

ဥရောပ အဖွဲ့ဝင် နိုင်ငံတွေထဲမှာ တရားမဝင် နေထိုင်နေကြတဲ့ ထောင်ချီရှိတဲ့ ဘင်္ဂလားဒေရှ့် ရွှေ့ပြောင်းနေထိုင်သူတွေကို ဌာနေ ပြန်ပို့နိုင်ရေးအတွက် စီစဉ်ဖို့ ဘင်္ဂလားဒေရှ့် နိုင်ငံကို ဥရောပ သမဂ္ဂက တောင်းဆိုလိုက်ပါတယ်။

အဖွဲ့ဝင် ၆ ဦးပါ ဥရောပ သမဂ္ဂ ကိုယ်စားလှယ် အဖွဲ့နဲ့ ဘင်္ဂလားဒေရှ့် အကြီးတန်း အရာရှိကြီးတွေ မနေ့ အင်္ဂါနေ့ ဒါကာ မြို့တော်မှာ တွေ့ဆုံခဲ့ကြပြီး တရားမဝင် ဘင်္ဂလားဒေရှ့် ရွှေ့ပြောင်းဝင်ရောက်သူ အရေအတွက် မြင့်မားလာတဲ့ အပေါ် စိုးရိမ်မှုတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေမှာ ရှိနေတဲ့ ဘင်္ဂလားဒေရှ့် ရွှေ့ပြောင်းအခြေချသူ ၂ သိန်းခွဲနီးပါး ထဲက ၈ သောင်းလောက်ဟာ တရားမဝင် ဝင်ရောက်လာသူတွေ ဖြစ်ပြီး နောက်ထက်လည်း အများအပြား ရောက်ရှိနေဆဲ ဖြစ်တယ်လို့ EU တာဝန်ရှိသူတွေက ပြောဆိုတဲ့ အကြောင်း ဘင်္ဂလားဒေရှ့်က ပြောပါတယ်။

ရွှေ့ပြောင်းအခြေချသူတွေ လုံခြုံဘေးကင်းစွာ ဌာနေပြန်နိုင်ရေး အတွက် ဘယ်လို လုပ်ဆောင်ကြမလဲ ဆိုတာကို နှစ်ဘက်တို့ ဆွေးနွေးခဲ့ကြတဲ့ အကြောင်း ဘင်္ဂလားဒေရှ့် ပြည်ထဲရေး ဝန်ကြီး Asaduzzaman Khan Kamal က ပြောပါတယ်။

ရွှေ့ပြောင်းဝင်ရောက်သူတွေ အရေး ဘက်ပေါင်းစုံကနေ ဆွေးနွေးခဲ့တယ်လို့ EU ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် စီးပွားရေးနဲ့ ကမ္ဘာ့ရေးရာ ဆိုင်ရာ အဖွဲ့ရဲ့ ဒုတိယ အတွင်းရေးမှူး Christian Leffler က ပြောဆိုခဲ့ပေမယ့် အသေးစိတ်ကိုတော့ မပြောပါဘူး။

ဒါပေမယ့် တရားဝင် ရွှေပြောင်းဝင်ရောက်မှုတွေ အတွက် ပိုပြီး တိကျခိုင်မာတဲ့ ပြဌာန်းချက်တွေနဲ့ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်မှုတွေကို ပိုပြီး ထိထိရောက်ရောက် တားဆီးဖို့ လိုအပ်တယ်ဆိုပြီး ဒီသတင်းပတ် အစောပိုင်းတုန်းကတော့ တွစ်တာမှာ သူက ရေးသားခဲ့ပါတယ်။