Oman ပင်လယ်ကွေ့မှာ ကြာသပတေးနေ့က တိုက်ခိုက်ခံခဲ့ရတဲ့ ရေနံတင်သင်္ဘော နှစ် စင်းထဲက တစင်းရဲ့ ဝမ်းဗိုက်မှာ ကပ်ထားတဲ့ မပေါက်ကွဲသေးတဲ့ သံလိုက်မိုင်းကို အီရန်ကင်းလှည့်သင်္ဘောက ဖယ်ရှားနေတယ်လို့ အမေရိကန်ရေတပ်ကပြောပြီး Video ကို ထုတ်ပြန်ခဲ့ပါတယ်။
ဂျပန်ရေနံတင်သင်္ဘော ပေါက်ကွဲခဲ့တဲ့နေရာရဲ့ အရှေ့ဘက်နားမှာ ဖယ်ရှားလိုက်တဲ့ မိုင်းကပ်ထားခဲ့တာ မြင်နိုင်တဲ့ ဓါတ်ပုံတွေကိုလည်း အမေရိကန်စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။ ကြာသပတေးနေ့က တိုက်ခိုက်ခံရတဲ့ နောက်သင်္ဘော ၁ စီးကတော့ Norway နိုင်ငံကဖြစ်ပါတယ်။ အဲဒီ Norwayရေနံတင်သင်္ဘော မီးလောင် ပေါက်ကွဲလို့ ထွက်လာတဲ့ မီးခိုးလုံးကြီးတွေကို အာကာသထဲမှာရှိတဲ့ ဂြိုလ်တုတွေပေါ်ကနေတောင် မြင်ရပါတယ်။
ဂျပန်ရေနံတင်သင်္ဘော Kokuka Courageous ကတော့ သင်္ဘောအင်ဂျင်ခန်းနားမှာ တကြိမ် သင်္ဘောညာဘက် အနောက်နားမှာ တကြိမ် စုစုပေါင်း နှစ် ကြိမ်တိုက်ခိုက်ခံရတယ်လို့ Kokuka Sangyo သင်္ဘောကုမ္ပဏီပြောခွင့်ရက ပြောပါတယ်။ ဒုတိယအကြိမ်တိုက်ခိုက် မခံရတင်လေးမှာ ပျံသန်းလာတဲ့ အရာဝတ္ထုတခုကို သင်္ဘောသားတွေ မြင်လိုက်ကြတယ်လို့ ပြောခွင့်ရသူ Yutaka Katada က သတင်းထောက်တွေကို ဒီကနေ့ ပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေကို အီရန်ကလုပ်ခဲ့တာဖြစ်ပြီး ဒါကို အမေရိကန်က ပေါ့ပေါ့တန်တန် သဘောထားမှာ မဟုတ်ဘူးလို့ သမ္မတ Donald Trump က ဒီကနေ့ ပြောကြားခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကလည်း သင်္ဘောတွေဘက်က ရန်စခြင်းမရှိဘဲ တိုက်ခိုက်ခံရတာက နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအပေါ် ခြိမ်းခြောက်မှုဖြစ်ပြီး လွတ်လပ်စွာရေကြောင်း သွားလာရေးကို ပြောင်ပြောင်တင်းတင်း တိုက်ခိုက်လိုက်တယ်ဆိုတာ ရှင်းနေတယ်လို့ ပြောကြားခဲ့ပါတယ်။
အီရန်နိုင်ငံရောက်နေတဲ့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe၊ Tehran မြို့တော်မှာ ဘာသာရေးခေါင်းဆောင်ကြီး Ayatollah Ali Khamenei နဲ့ တွေ့ဆုံနေချိန် ဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေက သိပ်ကို သံသယဖြစ်စရာရှိတယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဘက်က တုံ့ပြန်ပါတယ်။
အီရန်နဲ့ အမေရိကန်ကြား ဖြစ်နေတဲ့ တင်းမာမှုတွေ ပြေလျော့အောင် ဘယ်လိုနည်းနဲ့လုပ်မလဲဆိုတာ အဖြေရှာဖို့ ဂျပန်ဝန်ကြီးချုပ် အီရန်ကို သွားရောက်နေတာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5