(Zawgyi/Unicode)
အမေရိကန် လက်လီအရောင်းဆိုင်လုပ်ငန်းကြီး Walmart က Microsoft နည်းပညာ ကုမ္ပဏီနဲ့ ပူးပေါင်းပြီး TikTok ဗွီဒီယို application ကို ဈေးပြိုင်ဝယ်ယူသွားမယ်လို့ ပြောပါတယ်။
ကမ္ဘာ့ စီးပွားရေး အင်အားကြီး နှစ်နိုင်ငံ ဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အမေရိကန် သမ္မတ Donald Trump က အမျိုးသား လုံခြုံရေး အကြောင်းပြချက်နဲ့ အမေရိကန် ကုမ္ပဏီ တွေ ၄၅ ရက်အတွင်း TikTok ရဲ့ မိခင် ကုမ္ပဏီ ByteDance နဲ့ စီးပွားရေး ဆက်ဆံမှုတွေကို ရပ်ဆိုင်းရမယ်လို့ ဩဂုတ်လ ၆ ရက် နေ့က သမ္မတ အမိန့် ထုတ်ပြန် ထားခဲ့တာ ဖြစ်ပါတယ်။
သမ္မတ Trump ရဲ့ အမိန့်က အမေရိကန်နိုင်ငံအတွင်းက TikTokလုပ်ငန်းတွေကိုအမေရိကန် ကုမ္ပဏီတစ်ခုကို မဖြစ်မနေ ရောင်းဖို့ ရက်သတ်မှတ်ပေးလိုက်သလို ဖြစ်ခဲ့တာပါ။
TikTok application ကို အမေရိကန် အစိုးရ ဝန်ထမ်းတွေကို ထောက်လှမ်းဖို့၊ သူလျှိုလုပ်ဖို့နဲ့ အမေရိကန်ပြည်သူတွေကို အကျပ် ကိုင် ခြိမ်းခြောက်ဖို့ တရုတ် အစိုးရကအသုံးပြုနိုင်တယ်လို့ သမ္မတ ထရမ့်က ပြောထားပါတယ်။
အခုလို အမေရိကန် ကုမ္ပဏီ နှစ်ခုပေါင်းပြီး TikTok ဗွီဒီယို app ကိုဝယ်ယူနိုင်ရင် TikTok အသုံးပြုသူ အမေရိကန်တွေကို စိတ်ကျေ နပ်စေမှာ ဖြစ်သလို အမေရိကန်အစိုးရရဲ့ စိုးရိမ်မှုတွေကို လျော့ပါးစေနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း Walmart က AFP သတင်း ကို ပြောပါတယ်။
တချိန်တည်းမှာပဲ TikTok အလုပ်အမှုဆောင် အရာရှိချုပ် Kevin Mayer ရာထူးကနေ နုတ်ထွက်သွားကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာ လိုက် ပါတယ်။
TikTok အပေါ် တားမြစ် ပိတ်ပင်မှုတွေ လုပ်ထားလို့ အမေရိကန် အစိုးရကို TikTok က တရားစွဲဆိုလိုက်အပြီး ရက်မကြာခင် မှာပဲ Kevin Mayer ကအခုလို နုတ်ထွက်ကြောင်း ကြေညာလိုက်တာပါ။
လွန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်း အမေရိကန်နဲ့ တရုတ်အကြား နိုင်ငံရေး အခင်းအကျင်း အပြောင်းအလဲတွေကြောင့်အခုလိုသူ နှုတ်ထွက်ဖို့ ဆုံးဖြတ်ရတာဖြစ်ကြောင်း ဝန်ထမ်းတွေကို Mayer က စာရေးသားပေးပို့ခဲ့ပါတယ်။ Disneyအမှုဆောင် အရာရှိချုပ်ဟောင်း Mayer က ပြီးခဲ့တဲ့မေလတုန်းက TikTok ကုမ္ပဏီမှာ စပြီး တာဝန် ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5
...........
(Unicode)