မက္ကဆီကိုနိုင်ငံမှာကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာတော့ အသက် ၆၄ နှစ်အရွယ် လက်ဝဲဝါဒီတဦးဖြစ်တဲ့ Andres Manuel Lopez Obrador က အနိုင်ရသွားပါတယ်။ သူဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း ဌာနေတိုင်းရင်းသားအခွင့်အရေးလှုပ်ရှားသူအဖြစ်နဲ့ နိုင်ငံရေးကို စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။
အဂတိလိုက်စားမှုတွေ နဲ့ ပြစ်မှုကျူးလွန်ပြီး ပြစ်ဒဏ်မကျခံရပဲဖြစ်နေတာတွေကို တိုက်ဖျက်သွားဖို့က သူ့အစိုးရရဲ့ အဓိကဦးစားပေး လုပ်ဆောင်သွားမယ့် ကိစ္စဖြစ်တယ်လို့ သူက တနင်္ဂနွေနေ့က ပြောကြားခဲံပါတယ်။ ဒါ့အပြင် သူ့အစိုးရအတွက် နောက်ထပ်အဓိကထား လုပ်ဆောင်ရမယ့်ကိစ္စရပ်ကတော့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့် နဲ့ အမေရိကန်အစိုးရနဲ့ လုပ်ဆောင်ရမယ့် ကိစ္စရပ်တွေဖြစ်ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်က ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလအတွင်း ၂ နိုင်ငံ နယ်စပ်တံတိုင်းကို မက္ကဆီကိုနိုင်ငံဘက်က ပေးရမယ်လို့ ကတိပေးပြီး မဲဆွယ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မက္ကဆီကိုနိုင်ငံကနေ အမေရိကန်မှာနေဖို့ နယ်စပ်ကိုဖြတ်လာကြတဲ့ တချို့မက္ကဆီကိုနိုင်ငံသားတွေဟာ ရာဇဝတ်မှုကျူးလွန်သူတွေနဲ့ မုဒိမ်းမှုကျူးလွန်သူတွေဖြစ်ကြတယ်ဆိုပြီး သမ္မတထရမ့်က ပြောခဲ့တာပါ။ ဒါ့အပြင် အမေရိကန်သမ္မတ ထရမ့်အစိုးရရဲ့ အမေရိကန်နိုင်ငံထဲကို တရားမဝင်ဝင်ရောက်လာတဲ့သူတွေအပေါ် လုံးဝသည်းခံခွင့်လွှတ်မှာ မဟုတ်တဲ့ မူဝါဒကြောင့်လည်း အမေရိကန်နဲ့ မက္ကဆီကိုနိုင်ငံကြား တင်းမာမှုတွေမကြာသေးခင်ကပဲ ထပ်ပြီး ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ဝေဖန်မှုတွေကျယ်ကျယ်ပြန့်ပြန်ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် အဲဒီမူဝါဒကို ပြန်လည်စီစစ်တာတွေလုပ်ဆောင်ခဲ့ပါတယ်။
ဒါပေမဲ့ သမ္မတထရမ့်ကတော့ Andres Manuel Lopez Obrador မက္ကဆီကိုသမ္မတဖြစ်လာတဲ့အတွက် သူ့အနေနဲ့ ဝမ်းမြောက်ဂုဏ်ယူပြီး၊ သူ့နဲ့အတူ လက်တွဲလုပ်ဆောင်သွားဖို့ မျှော်လင့်ကြောင်း၊ အမေရိကန်နဲ့ မက္ကဆီကို ၂ နိုင်ငံစလုံးအကျိုးရှိဖို့အတွက် လုပ်ဆောင်စရာတွေ အများကြီးရှိနေသေးတယ်လို့ သမ္မတထရမ့်က သူ့ရဲ့ တွစ်တာကနေ ဖော်ပြလိုက်ပါတယ်။
Your browser doesn’t support HTML5