ဆိုင်းငံ့ထားတဲ့ မဲခေါင်ရေအားလျှပ်စစ် ဆည်စီမံကိန်း ထိုင်းကုမ္ပဏီ ဆက်လုပ်

ဆိုင်းငံ့ထားတဲ့ မဲခေါင်ရေအားလျှပ်စစ် ဆည်စီမံကိန်း ထိုင်းကုမ္ပဏီ ဆက်လုပ်

အငြင်းပွားစရာ ဖြစ်နေတဲ့ မဲခေါင်မြစ်အောက်ပိုင်းဒေသ ရေအားလျှပ်စစ်ထုတ်လုပ်ရေး ဆည်တည်ဆောက်မှု စီမံကိန်းနဲ့ ပတ်သက်ပြီး နောက်ဆုံး ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းဖို့ဆိုတဲ့ သဘောတူညီချက် ရှိထားပေမဲ့ ထိုင်းကုမ္ပဏီက ဒီစီမံကိန်းကို ဆက်ပြီးလုပ်နေတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တစ်ခုက ပြောပါတယ်။

အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံ အကုန်အကျခံ တည်ဆောက်မယ့် လာအိုနိုင်ငံက Xayaburi ဆည် အတွက် ဒီဒေသ အဝင် အထွက် လမ်းမ ဖောက်လုပ်တာတွေ အပါအဝင် ကနဦးအဆင့် ဆည် တည်ဆောက်မှုတွေ ဆက်လုပ်နေတာ တွေ့ရတယ်လို့ အမေရိကန် အခြေစိုက် နိုင်ငံတကာ မြစ်ကြောင်းများအဖွဲ့က ပြောဆိုလိုက်တာပါ။

ဒီဆည် တည်ဆောက်မှုနဲ့ ပတ်သက်ပြီး သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုတွေကို စမ်းစစ်ဖို့ နောက်ထပ် လေ့လာမှုတွေ လိုအပ်တယ်ဆိုတာကို ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နန်နိုင်ငံတွေ ပါဝင်တဲ့ ဒေသတွင်းအဖွဲ့တစ်ခုဖြစ်တဲ့ မဲခေါင်မြစ်ကြောင်းကော်မရှင် (Mekong River Commission) က ပြီးခဲ့တဲ့ ဒီဇင်ဘာလက သဘောတူ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်က မဖြစ်မနေ လိုက်နာရမယ့် ဆုံးဖြတ်ချက်မျိုးတော့ မဟုတ်ပါဘူး။

ဒီ ဆည်တည်ဆောက်မှုကနေ မဲခေါင်မြစ်ဝှမ်း ဒေသတလျှောက် နေထိုင်နေကြတဲ့ လူသန်းပေါင်း ၆၀ ရဲ့ ဘဝရပ်တည်မှုတွေ၊ ငါးဖမ်းလုပ်ငန်းတွေမှာ မီခို အသက်မွေးဝမ်းကျောင်း နေကြသူတွေအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုတွေ ကြုံရနိုင်တယ်လို့ နိုင်ငံတကာ မြစ်ကြောင်းများအဖွဲ့ရဲက ထိုင်းနိုင်ငံဆိုင်ရာ လှုပ်ရှားမှု တာဝန်ခံ Pianporn Deetes က ဗွီအိုအေကို ပြောပါတယ်။ အခု တည်ဆောက်မယ့် Xayaburi ဆည်ကနေ ရရှိမယ့် လျှပ်စစ်စွမ်းအင်ကို ထိုင်းနိုင်ငံအနေနဲ့ မလိုအပ်ပါဘူးလို့လည်း သူက ပြောဆိုခဲ့ပါတယ်။