မဲခေါင်ဒေသနိုင်ငံတွေနဲ့ ကုလပူးပေါင်းပြီး ဒေသတွင်း မူးယစ်ဆေးတိုက်ဖျက်ရေး သဘောတူ

(Zawgyi/ Unicode)

မြန်မာနိုင်ငံ အပါအဝင် မဲခေါင်ဒေသနိုင်ငံတွေနဲ့ ကုလသမဂ္ဂရဲ့ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုတိုက်ဖျက်ရေးရုံး (UNODC) တို့ ပူးပေါင်းပြီး ဒေသတွင်းမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အရှိန်မြှင့်နိုင်မယ့် အစီအစဉ်တရပ်ကို ဒီကနေ့ပဲ သဘောတူလိုက်ကြပါတယ်။

ထောက်လှမ်းရေး သတင်းတွေ ဖလှယ်တာ၊ နယ်စပ်ဖြတ်ကျော် လှုပ်ရှားနေတဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့ မူးယစ်ဆေးဝါး မှောင်ခိုမှုတွေကို နှိမ်နင်းတဲ့ လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားကြဖို့ သဘောတူခဲ့ကြတာပါ။ ဒေသတွင်းမှာ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေနဲ့ မှောင်ခိုမှုတွေ အချက်အခြာ နေရာဖြစ်တဲ့ ရွှေတြိဂံဒေသ ၃ နိုင်ငံဖြစ်တဲ့ မြန်မာ၊ ထိုင်း၊ လာအို တို့အပြင် တရုတ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားက ဝန်ကြီးတွေပါ တက်ရောက်လာကြတဲ့ ဘန်ကောက်မြို့က အစည်းအဝေးမှာတော့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေကို ပုံမှန်ဖလှယ်သွားဖို့၊ နယ်စပ်ဖြတ်ကျော် စုံစမ်းမှုတွေကို ပိုမိုပူးတွဲဆောင်ရွက်သွားဖို့နဲ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံချက်တွေကို ပူးပေါင်းဆောင်ရွက်ဖို့တွေကို သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

အရင်တုန်းက ပူးပေါင်းဆောင်ရွက်မှုတွေကို အခြေအနေ လိုအပ်ချက်အရ ဆောင်ရွက်ခဲ့ကြပေမဲ့ အခုအခါ သဘောတူညီချက် ရရှိခဲ့ကြတဲ့အတွက် ပိုပြီး စနစ်တကျနဲ့ ထိထိရောက်ရောက် ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း UNODC ရဲ့ အရှေ့တောင်အာရှရေးရာ တာဝန်ခံ Jeremy Douglas ကပြောပါတယ်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်မှာတော့ ကျန်းမာရေး ဝန်ဆောင်မှုတွေ၊ ပညာပေးလုပ်ငန်းတွေ၊ မူးယစ်ဆေး ထုတ်လုပ်ရာမှာသုံးတဲ့ ဓာတုပစ္စည်းတွေကို ထိန်းချုပ်မှုတွေ တိုးမြှင့်ဆောင်ရွက်ဖို့လည်း ပါဝင်ပါတယ်။

အာဖဂနစ္စတန်နိုင်ငံပြီးရင် ဘိန်းထုတ်လုပ်မှု ဒုတိယအများဆုံး အဆင့်မှာ ရှိနေဆဲဖြစ်တဲ့ မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်းမှာ ဘိန်းစိုက်ပျိုးမှုနဲ့ ဘိန်းဖြူထုတ်လုပ်မှု လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ကျဆင်းလာပေမဲ့ စိတ်ကြွဆေး ထုတ်လုပ်မှုတွေကတော့ ပိုများလာနေတာပါ။ အာရှ၊ ပစိဖိတ်ဒေသမှာ methamphetamine စိတ်ကြွဆေး မှောင်ခိုမှုဟာ လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက ဒေါ်လာ ၁၅ ဘီလီယံလောက်သာ ရှိခဲ့ရာက၊ ၂၀၁၈ ခုနှစ်မှာ ၆၁ ဘီလီယံခွဲလောက်အထိ တိုးလာတယ်လို့လည်း UNODC ကခန့်မှန်းထားပါတယ်။

................


(Unicode)



