ပေကျင်း ဆောင်းရာသီ အိုလံပစ်ပွဲတော် နောက်ကွယ်က နိုင်ငံရေးမျက်နှာစာ

China's President Xi Jinping (5-L), party leaders, guests International Olympic Committee (IOC) President Thomas Bach attend the opening ceremony of the Beijing 2022 Winter Olympic Games at the National Stadium, known as the Bird's Nest, in Beijing, on February 4, 2022.

ဆောင်းရာသီအိုလံပစ်အားကစားပွဲတော် ဖွင့်ပွဲကြီးကို တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ ငှက်သိုက်ပုံ အားကစားရုံကြီးမှာ ၂၀၂၂၊ ဖေဖော်ဝါရီ ၄ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ဆောင်းရာသီအိုလံပစ်အားကစားပွဲတော်ဖွင့်ပွဲကိုတရုတ်သမ္မတ ရှီကျင့်ဖျင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ရုရှားသမ္မတဗလာဒီမာပူတင် အပါအဝင်နိုင်ငံပေါင်း ၂၂ နိုင်ငံက ခေါင်းဆောင်တွေနဲ့ အစိုးရအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်တွေဖြစ်ကြရတဲ့ ဗြိတိန်၊ ကနေဒါ၊ သြစတေးလျ၊ ဂျပန်၊ အပါအဝင် တရုတ်နဲ့အိမ်နီးချင်းဖြစ်တဲ့ အိန္ဒိယနိုင်ငံခေါင်းဆောင်တွေကတော့ ဆောင်းရာသီအိုလံပစ် အားကစားပွဲတော်ဖွင့်ပွဲကို မတက်ရောက်ကြဘဲသံတမန်ရေးအရ သပိတ်မှောက်ခဲ့ကြပါတယ်။ သပိတ်မှောက်ရခြင်း အကြောင်းရင်းကတော့ တရုတ်နိုင်ငံတွင်းမှာ ဆန္ဒပြသူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု၊ အထူးသဖြင့် တရုတ်နိုင်ငံအနောက်မြောက်ဒေသ၊ ရှင်ကျန်းဒေသမှာ ရှိတဲ့ ဝီဂါမူဆလင်တွေအပေါ်မှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ရှိတယ်။နောက်တစ်ခုကတော့ဟောင်ကောင်နဲ့ ထိုင်ဝမ်အပေါ်ထားရှိတဲ့ တရုတ်နိုင်ငံရဲ့သဘောထားတွေကြောင့်လို့ ဆိုပါတယ်။ အမေရိကန်နဲ့သူ့ရဲ့ မဟာမိတ်တွေဟာ သံတမန်ရေးအရ သပိတ်မှောက်တဲ့အနေနဲ့ ပေကျင်းအိုလံပစ်အားကစားပွဲတော်ဖွင့်ပွဲကိုမတက်ရောက်ကြပေမဲ့ နိုင်ငံကိုယ်စားပြုအားကစားအဖွဲ့တွေကိုတော့ အိုလံပစ်အားကစားပြိုင်ပွဲကို စေလွှတ်ခဲ့ကြပါတယ်။

အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံတွေက အိုလံပစ်ပွဲတော်ဖွင့်ပွဲကို မတက်ရောက်ဘဲ သပိတ်မှောက်ကြပေမယ်လို့ တရုတ်နိုင်ငံဘက်ကတော့ ဖွင့်ပွဲကို တရုတ်နိုင်ငံရဲ့ လူမျိုးစု (၅၆)စု ကိုယ်စားပြုတက်ရောက်တယ်။ အဲဒီအထဲမှာ ဝီဂါလူမျိုးစုဟာလည်း တစ်စုအပါအဝင် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ငှက်သိုက်ပုံအားကစားရုံကြီးထဲကို အိုလံပစ်မီးရှူးတိုင် သယ်ယူတဲ့ တရုတ်အားကစားသမား နှစ်ယောက်အနက် တစ်ယောက်ဟာဝီဂါ တစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။

အခု ဆောင်းရာသီအိုလံပစ်အားကစားပွဲတော် ကျင်းပရာနေရာဖြစ်တဲ့ ပေကျင်းမြို့တော်က ငှက်သိုက်အားကစားရုံကြီးမှာပဲ နွေရာသီအိုလံပစ်အားကစားပွဲတော်ကြီးကို ၂၀၀၈ ခုနှစ်ကလည်း ကျင်းပပြုလုပ်ခဲ့ပါတယ်။ တစ်နေရာတည်း၊ တစ်နိုင်ငံတည်းမှာ ပြုလုပ်ခဲ့ပေမဲ့ ကြီးမားတဲ့ ခြားနားမှုတွေ ရှိနေခဲ့ပါတယ်။ ၂၀၀၈ နွေရာသီအားကစားပွဲတော်ဖွင့်ပွဲတုန်းက အမေရိကန်သမ္မတဂျော့ဒဘလျူဘုရှ်အပါအဝင် ကမ္ဘာ့နိုင်ငံအကြီးအကဲတွေ၊ အစိုးရအဖွဲ့ခေါင်းဆောင်တွေ စုစုပေါင်း (၁၀၅)ဦးတက်ရောက်ခဲ့ကြတဲ့အပြင် နိုင်ငံတကာ အဖွဲ့အစည်း (၅)ခုရဲ့ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။ အခု ဆောင်းရာသီအိုလံပစ်ပွဲတော် ဖွင့်ပွဲမှာတော့ (၂၂)နိုင်ငံကနိုင်ငံအကြီးအကဲတွေနဲ့ အစိုးရအဖွဲ့ဝင်တွေသာ တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။နိုင်ငံတကာဆိုင်ရာအဖွဲ့အစည်းအနေနဲ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲတို့တက်ရောက်ခဲ့တာ တွေ့ရပါတယ်။


အိုလံပစ်ဖွင့်ပွဲတက်ရောက်ခဲ့တဲ့ နိုင်ငံတွေဟာလည်း ဆိုဗီယက်ခေတ်၊ ဆိုဗီယက်နိုင်ငံအောက်က ခွဲထွက်ခဲ့ကြတဲ့ ဗဟိုအာရှအလယ်ပိုင်းနိုင်ငံတွေနဲ့ အရှေ့အလယ်ပိုင်းဒေသက အီဂျစ်၊ဆော်ဒီအာရေးဗီးယား၊ ယူအေအီး၊ ကာတာနိုင်ငံတွေနဲ့ တရုတ်ရဲ့အိမ်နီးချင်း ပါကစ္စတန်နိုင်ငံတို့ တက်ရောက်ကြတာကို တွေ့ရပါတယ်။ ပြောရရင်တော့တက်ရောက်တဲ့နိုင်ငံအများစုဟာ ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတွေ မဟုတ်ကြဘဲ အာဏာရှင်နိုင်ငံတွေ၊ အာဏာရှင်တစ်ပိုင်းနိုင်ငံတွေနဲ့ တရုတ်ရဲ့ စီးပွါးရေး၊နိုင်ငံရေးအရ သြဇာမကင်းတဲ့ နိုင်ငံတွေသာ ဖြစ်တယ်လို့ ဆိုရမှာပါ။ ဒါ့အပြင် ကိုဗစ်စည်းကမ်း ကန့်သတ်ချက်တွေကြောင့် တက်ရောက်သူ ပရိတ်သတ်ကို ကန့်သတ်ခဲ့ရပြီးတက်ရောက်သူ နည်းနည်းနဲ့ပဲ ဖွင့်ပွဲကို ပြုလုပ်ခဲ့ရတာပါ။

ပေကျင်းဆောင်းရာသီအိုလံပစ်ဖွင့်ပွဲနဲ့ ပတ်သက်ပြီး အမေရိကန်အခြေစိုက် NBC ရုပ်သံသတင်းဌာနကတော့ အိုလံပစ်ပွဲတော်ဖွင့်ပွဲ ကြည့်ရှုသူအရေအတွက် သမိုင်းဝင်ကျဆင်းတယ်လို့ ဖော်ပြပါတယ်။ ဖွင့်ပွဲကြည့်ရှုသူဟာ ၁၆ သန်းသာ ရှိတဲ့အတွက်၂၀၁၈ ခုနှစ်က တောင်ကိုရီးယားမှာ ပြုလုပ်တဲ့ ဆောင်းရာသီအိုလံပစ်ဖွင့်ပွဲနဲ့ နှိုင်းယှဉ်ရင် ၄၃ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ ဆိုပါတယ်။ ၂၀၁၈ တောင်ကိုရီးယားမှာပြုလုပ်တဲ့ပြုံချန်းဆောင်းရာသီအိုလံပစ်မှာ ဖွင့်ပွဲကြည့်ရှုသူအရေည်အတွက်ဟာ ၂၈.၃ သန်း ရှိခဲ့တယ်လို့ သိရပါတယ်။

ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်မှာ ထူးခြားချက်အဖြစ် မီဒီယာတွေကအသားပေးဖော်ပြတာကတော့ အမေရိကန်နိုင်ငံဖွား၊ တရုတ်လူမျိုး နာမည်ကြီးစကိတ်မယ် ဇုယီ ပဲဖြစ်ပါတယ်။ ဇုယီ ဟာ အမေရိကန်ပြည်ထောင်စု၊ကယ်လီဖိုးနီးယားပြည်နယ်၊ လော့အိန်ဂျလိမြို့မှာ မွေးဖွားသူ ဖြစ်ပါတယ်။ သူမဟာ ၂၀၁၈ ခုနှစ်မှာအမေရိကန်နိုင်ငံသားအဖြစ်ကနေ တရုတ်နိုင်ငံသားအဖြစ် ပြောင်းလဲခံယူပြီးဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။ ဒါပေမဲ့ သူမဟာ ပြိုင်ပွဲမှာအောင်မြင်မှု မရရှိခဲ့ပါဘူး။ ပြိုင်ပွဲယှဉ်ပြိုင်စဉ်အတွင်း သူမဟာ နှစ်ကြိမ် လဲကျခဲ့တယ်လို့ သိရပါတယ်။ ဇုယီ ယှဉ်ပြိုင်တဲ့ ရုပ်သံကို တရုတ်ပြည်သူ သန်း ၂၀၀ ကျော်က ကြည့်ရှူခဲ့ပါတယ်။ပြိုင်ပွဲ အပြီးမှာတော့ တရုတ်ဆိုရှယ်မီဒီယာတွေပေါ်မှာ ဇုယီကို စိတ်ဆိုး မာန်ဆိုး ဝေဖန်သူတွေသန်းနဲ့ချီတယ်လို့ သိရပါတယ်

ပေကျင်းအိုလံပွဲတော်ကို အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်တွေ သံတမန်ရေးသပိတ်မှောက်တဲ့ အကြောင်းကို
နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက အခုလိုပြောပါတယ်။

"အမေရိကန်အပါအဝင် အနောက်နိုင်ငံကြီးတွေက တရုတ်အိုလံပစ်ပွဲကိုသပိတ်မှောက်တယ်ဆိုတာကတော့လုပ်နေကြ လုပ်ထုံး၊လုပ်နည်းလို့ပဲပြောရမှာပါ။တရုတ်နိုင်ငံရဲ့ မူဝါဒတွေအပေါ်မှာ မကျေနပ်တဲ့သဘော၊မနှစ်မြို့တဲ့သဘော၊သဘောမတူတဲ့ သဘောလို့ပဲ ပြောရမှာပါ"

ပေကျင်းအိုလံပစ်ပွဲတော် ကျင်းပချိန်ဟာ ယူကရိန်းအရေး အကြပ်အတည်းဖြစ်နေချိန်နဲ့တိုက်ဆိုင်နေပါတယ်။ အတိတ်က အမေရိကန်နဲ့ ဆိုဗီယက်တို့ အားပြိုင်ခဲ့ကြတဲ့စစ်အေးခေတ်ပုံရိပ်တွေ ပြန်လည်မြင်တွေ့ နေရချိန်လည်း ဖြစ်ပါတယ်။ပေကျင်း အိုလံပစ်ပွဲတော်ဖွင့်ပွဲကို တက်ရောက်လာတဲ့ ရရှားသမ္မတ ပူတင်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်တို့ဟာ စကားလုံး ၅,၃၀၀ ပါတဲ့ နှစ်နိုင်ငံပူးတွဲကြေညာချက်တစ်စောင်ကိုထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက်မှာ ရုရှားနဲ့ တရုတ်တိုဟာ ပြိုင်ဘက်အင်အားစုတွေကို အတူရင်ဆိုင်သွားမယ်။သူတို့ရဲ့ ပိုင်နက်နယ်မြေဒေသတွေရဲ့ အနာဂတ်လုံခြုံရေးနဲ့ တည်ငြိမ်ရေးတို့အတွက် ပိုမိုထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဆောင်သွားမယ်လို့ ဖော်ပြထားပါတယ်။

နယူးယောက်တိုင်းသတင်းစာကြီးကတော့ တရုတ်နိုင်ငံဟာ လွန်ခဲ့တဲ့ ၁၄ နှစ်၊၂၀၀၈ ခုနှစ်နဲ့ နှိုင်းယှဉ်ရရင်တော့အတော်ကွာခြားသွားခဲ့ပါပြီ။တရုတ်နိုင်ငံဟာ ပိုပြီးတော့ကြွယ်ဝ ချမ်းသာလာတယ်။ပိုပြီးတော့လည်းအင်အားကြီးထွားလာသလို ပိုပြီးတော့လည်း ကြောက်စရာကောင်းလာပါတယ်လို့ မှတ်ချက်ပြု ရေးသားထားကြောင်းပါခင်ဗျား။

-----------------------------











