မန္တလေးတိုင်း ကပ်ဘေးထိန်းချုပ်ရေး ပိုမိုတင်းကြပ်

နှာခေါင်းစည်းတပ်ထားပြီး စက်ဘီးစီးသူများကို မန္တလေးမြို့မှာတွေ့ရ။ (ဧပြီ ၀၇၊ ၂၀၂၀)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှု ဒုတိယအများဆုံးဖြစ်နေတာကြောင့် အိမ်ပြင်မထွက်ရ အမိန့်အပါအဝင် ရောဂါကူးစက်မှု ထိန်းချုပ်နိုင်အောင် ကြိုးပမ်းနေရတဲ့ မန္တလေးမြို့ရဲ့ အခြေအနေကို တင်ပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

ကိုဗစ်ရောဂါ ကူးစက်သူ ၁၀၀,၀၀၀ ကျော်လာတဲ့အချိန်မှာပဲ ရန်ကုန်တိုင်းပြီးရင် ကူးစက်မှု အများဆုံးကြုံနေရတဲ့ မန္တလေးတိုင်းမှာ အခုဆိုရင် ဒီဇင်ဘာလ ၁၈ ရက်နေ့အထိ သီတင်း ၂ ပတ်ကြာ အိမ်ပြင်မထွက်ဖို့ အမိန့်ထုတ်ထားပါတယ်။

ကပ်ရောဂါကြောင့် သေဆုံးသူ ၉၀ ကျော်နဲ့ ကူးစက်သူ ၈,၀၀၀ ကျော် ရှိလာတာကြောင့် မန္တလေးတိုင်း အစိုးရက ကန့်သတ်ချက်တွေ ထုတ်ပြန်လိုက်တဲ့အတွက် အမရပူရမြို့နယ်က သမ္ဗန်မောင်းသမား ကိုတာတာဦးတို့လို ဝင်ငွေနိမ့်တဲ့ မိသားစုတွေအတွက် အခက်အခဲတွေ ကြုံနေရပါတယ်။

“ကြုံရာကျပန်း လမ်းလေးပွင့်တော့ ကောင်းတာပေါ့။ ကိုဗစ်ကာလကြီးမှာ သွားရေးလာရေးကော အရောင်းအဝယ်တွေရော တအားကြပ်တည်းတာပေါ့။ စားဝတ်နေရေး ပိုကြပ်တည်းသွားတာပေါ့။”

တာဝန်ရှိသူတွေဘက်ကတော့ ရောဂါကူးစက်မှုတွေ ရုတ်တရက် တိုးလာနေတာတွေကို ထိန်းချုပ်နိုင်ဖို့ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်ရတာလို့ ပြောပါတယ်။ မကြာသေးခင် သီတင်းပတ်တွေက စလို့ ရောဂါကူးစက်သူ အတည်ပြုလူနာ တိုးလာတာကြောင့် ရောဂါထိန်းချုပ်ရေး အရေးပေါ် အစီအစဉ်တွေ လိုအပ်နေတယ်လို့လည်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

“Case လေးက တက်လာတယ်။ မန္တလေးခရိုင်မှာ အများဆုံးတွေ့ရတာက နိုဝင်ဘာ ၂၁ ရက်နေ့က အများဆုံး တွေ့ရတယ်။ ၂၀၀ ကျော်သွားတယ်။ မန္တလေးခရိုင်မှာ မန္တလေးခရိုင်လို ကျနော်ပြောနေတာက ၅ မြို့နယ်ပဲ ရှိတယ်။ ပုသိမ်ကြီးက သိပ်မတွေ့ရဘူး။ အမရပူရ နည်းနည်းပါတယ်။ ၂၅၀ လောက်ထိ တက်သွားတယ်။ ကျနော်တို့ စိတ်ပူတယ်ပေါ့နော်။”

SEE ALSO: လူစုလူဝေးမှုရှောင်ဖို့ ကျန်းမာရေးတာဝန်ရှိသူတွေ ထပ်မံတိုက်တွန်း

ရောဂါကူးစက်မှုတွေ တိုးလာနေတဲ့ အကြောင်းရင်းတွေထဲမှာ ကပ်ရောဂါကာကွယ်ရေး လမ်းညွှန်ချက်တွေ လိုက်နာဖို့ ပျက်ကွက်တာဟာလည်း အဓိကအချက်တခုအဖြစ် ပါဝင်နေတယ်လို့ ကျန်းမာရေး ပညာရှင်တွေ သတိပေးနေတာပါ။ ဒါကြောင့်လည်း ဒီတကြိမ်မှာ မန္တလေးတိုင်းအတွင်း အိမ်ပြင်မထွက်ရ အမိန့်အပါအဝင် ကန့်သတ်ချက်တွေကို တိုးမြှင့်ထားပြီး၊ စည်းကမ်း လိုက်နာအောင် တင်းကြပ်ထားတယ်လို့လည်း အမရပူရမြို့နယ် ရှမ်းကလေးကျွန်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းလင်းက ပြောပါတယ်။

“အရင် Stay Home တုန်းက အခုလောက်ထိ စည်းကမ်းတင်းကြပ်မှုမရှိခဲ့ဘူးပေါ့။ အခု Stay Home မှာ ကြပ်မတ်တယ်ဆိုတာက ကျနော်တို့ အမရပူရမြို့နယ်က ရောဂါကူးစက်မှု များနေတဲ့အတွက် အရင် Stay Home ထက် အခု Stay Home ကပိုပြီးတင်းကြပ်တယ်။ ပြစ်ဒဏ်ပေးမှုအပိုင်းကတော့ သူတို့သတ်မှတ်ထားတဲ့ ဟာတွေ ပါလာရင် အရေးမယူပါဘူး။ အခု ဒဏ်ငွေ ၅,၀၀၀ ရိုက်တယ်ဆိုတာက ဝင်ထွက်သွားလာခွင့် ကဒ် ပါရမယ်။ သူ့အချိန်ပိုင်းပေါ့ ၁၂ အတွင်း ဝင်ထွက်သွားလာခွင့် ကတ်ပါရမယ်။ Mask ကတော့ မဖြစ်မနေ တပ်ရမယ်။ Mask မပါရင်တော့ သူ့ဘာသာ ဘာအထောက်အထား ပြည့်စုံ၊ ပြည့်စုံ Mask မပါရင်တော့ ဒဏ်ငွေ ရိုက်ရမှာပဲ။”

ကပ်ရောဂါကာလ စည်းကမ်းတွေကို လိုက်နာဖို့ ပျက်ကွက်သူတွေကိုတော့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေအရ အနည်းဆုံး ပြစ်ဒဏ်ဖြစ်တဲ့ ဒဏ်ငွေ ၅,၀၀၀ ပေးဆောင်ခိုင်းပြီး၊ အခုအချိန်အထိ အရေးယူခံရတဲ့ အမှုပေါင်း ၅,၀၀၀ ကျော်ရှိပါတယ်။

အိမ်ပြင်မထွက်ရ အမိန့်ထုတ်ပြန်ထားချိန်မှာ မြို့နယ်တခုကနေ တခုကို ခွင့်ပြုချက်ရှိသူတွေသာ သွားလာခွင့်ပြုထားပါတယ်။ ကိုယ်နေထိုင်ရာ မြို့နယ်ကိုကျော်လွန်ပြီး သွားမယ့်သူတွေ အနေနဲ့ သက်ဆိုင်ရာမြို့နယ်တွေက စီမံခန့်ခွဲမှု ကော်မတီကို ဝင်ထွက်ခွင့်လျှောက်ရမှာ ဖြစ်ပါတယ်။ မကြာသေးခင် ရက်တွေတုန်းက ဒီလိုလျှောက်ထားခွင့်ရဖို့ ကြိုးစားသူတွေ စုပြုံရောက်လာရာက ရောဂါကူးစက်မယ့် အန္တရာယ်အပေါ် စိုးရိမ်မှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ကပ်ရောဂါကာလမှာ ကူးစက်မှုတွေ မဖြစ်အောင် လူစုလူဝေး ရှောင်ရမယ့်အချိန်မျိုးမှာ ဒီလိုစီမံခန့်ခွဲမှု အားနည်းတဲ့ အခြေအနေတွေကို သတိထားဖို့ လိုတယ်လို့လည်း မန္တလေးမြို့က အစားအသောက် ဖြန့်ဖြူးရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ ကိုခင်မောင်ထွန်းက ပြောပါတယ်။

“မဖြစ်မနေလိုတဲ့အတွက်ကြောင့်မို့လို့ ဒါလုပ်ရတယ်။ ဒါလုပ်ရတဲ့အတွက် လူစုလူဝေးက မြို့နယ်တွေမှာ သွားပြီး စုဝေးသလိုဖြစ်နေတယ်။ ဖြစ်တော မနေ့ကအထိဆိုရင်ရှိသေးတယ်။ မနေ့က ညနေပိုင်းလောက်မှ ရပ်ကွက်ရုံး တွေကနေတဆင့် ပေးပါတော့မယ်ဆိုတဲ့ဟာ ပြောတာပေါ့။ ဒီလိုလျှောက်ထားသူများတဲ့အတွက် ဘာဖြစ်လဲဆိုတော့ ထွေအုပ်မှာလည်း လျှောက်လွှာတပုံကြီးဖြစ်ရော အဲ့ဒီတော့ ဖြတ်သန်းခွင့်တိုင်းမှာ မြို့နယ် ဥက္ကဋ္ဌက လက်မှတ်ထိုးရတာ ဖြစ်တဲ့အတွက် လက်မှတ်ထိုးရတာ ဖြစ်တဲ့အတွက် မလိုလားအပ်တဲ့ ကြန့်ကြာမှု ရှိတယ်။ လူစုလူဝေး ရှိတယ်။ ဒါက စီမံခန့်ခွဲမှု မကောင်းလို့ပဲလို့ ပြောလို့ရတယ်ပေါ့နော်။ ဘာလို့လည်းဆိုတော့ ဒီလိုလုပ်မှာ ကြိုသိရင် ကြိုစီစဉ်လို့ရတဲ့ နည်းတွေ အများကြီးရှိတယ်။”

ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ ဥက္ကဋ္ဌလည်းဖြစ်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ မန္တလေးတိုင်းအတွင်း ရောဂါထိန်းချုပ်ရေး ကြိုးပမ်းမှုတွေအပေါ် အားရတဲ့အကြောင်း မကြာသေးခင်က အွန်လိုင်းကနေ ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

Your browser doesn’t support HTML5


[Unicode Version]











SEE ALSO: သွားလာမှု အထောက်အထားတုကိုင်သူ ကုန်တင်ယာဉ်မောင်းများ ဖမ်းဆီးအရေးယူ


