နှစ်ဆန်း ၁ ရက်နေ့ဆိုရင် မြန်မာတနိုင်ငံလုံးမှာ သင်္ကြန် ရေပက်ကစားတာတွေ အဆုံး သတ်သွားပြီဆိုပေမယ့် မွန်ပြည်နယ် မော်လမြိုင်မြို့တဝိုက်မှာတော့ “ရိုးဂိုး” သင်္ကြန်ဆိုပြီး သင်္ကြန်နောက်ဆုံးရက်အဖြစ် ရေပက်ကစား ကြပါတယ်။ အရင်နှစ်တွေက ဆိုင်ကယ် သံတွေနဲ့ ဆူညံပြီး လူအသေအပျောက် ရှိခဲ့တဲ့ မော်လမြိုင်သင်္ကြန်ဟာ ဒီနှစ်မှာ စည်းကမ်း တင်းကြပ်လိုက်တာကြောင့် မှုခင်းလျော့ကျပြီး ပျော်ရွှင်စရာသင်္ကြန် ဖြစ်ခဲ့တယ်လို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ကလည်း ပြောပါတယ်။ ဒီအကြောင်းကိုတော့ ကိုဉာဏ်ဝင်းအောင်က ပြောပြပါမယ်။
နှစ်စဉ် သင်္ကြန်ကာလတိုင်းမှာ မော်လမြိုင်သင်္ကြန်ကတော့ နှစ်ဆန်း ၁ ရက်နေ့မှာပါ တရက်ပိုပြီး ရေကစားလေ့ရှိတာပါ။ မော်လမြိုင်နဲ့ သိပ်မဝေးတဲ့ ဖါးအောက်ကျေးရွာနားက နှစ်ဆန်း ၁ ရက်နေ့တိုင်းကျင်းပနေကျ ရိုးဂိုး ဘုရားပွဲကို အစွဲပြုပြီး၊ “ရိုးဂိုး” သင်္ကြန်ရယ်လို့ ဆင်နွှဲကြတာဖြစ်ပါတယ်။ သင်္ကြန်မှာ ရေကစားရတာကို အရှိန်မသတ်နိုင်သေးတဲ့ အခြားဒေသက လူတွေပါ ဒီနေ့မှာ “ရိုးဂိုး”သင်္ကြန်ပွဲကို လာရောက်ဆင်နွှဲလေ့ ရှိတာကြောင့် ဒီနှစ် မော်လမြိုင်သင်္ကြန် အတော်စည်ကားတယ်လို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက VOAကို ပြောပါတယ်။
“ထုံးစံအတိုင်းတော့ နှစ်ဆန်း ၁ရက်နေ့က ကျနော်တို့ဆီမှာ ရေပက်နေတာက နှစ်ပေါင်း များစွာကြာပြီလေ။ အဓိကတော့ ရိုးဂိုး ဘုရားပွဲနေ့ပေါ့။ မော်လမြိုင်မြို့နယ် ရိုးဂိုး ဘုရား ပွဲနေ့မှာ ဒါအစည်းကားဆုံးပဲ။ အဲဒီနေရာကို တခရိုင်လုံးက လူတွေရော အခြားမြို့လူတွေပါ လာကြပါတယ်။ လာတဲ့ လူတွေက သိပ်များတဲ့အတွက် ပြည်နယ်အနေနဲ့က စည်းကမ်း ထိန်သိမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် ကျနော်တို့ ဆောင်ရွက်နေပါတယ်။ အခုချိန်ထိ ခိုက်ရန်ဖြစ်ပွားခြင်း ဘာမှ မရှိပါဘူး။ ထူးခြားတာက အကုန်လုံး စည်းကမ်း ရှိကြပါတယ်။”
သင်္ကြန်ကာလအတွင်း မုန်တိုင်းသတိပေးချက်နဲ့အတူ ရန်ကုန်အပါအဝင် အခြား မြို့ကြီးတွေမှာ မိုးကြီးတာ လေပြင်တိုက်တာရှိပေမယ့်၊ မော်လမြိုင်မြို့ မှာတော့ နှစ်ဆန်း ၁ရက်နေ့ မနက်ပိုင်းမှာသာ မိုးရွာသွန်းခဲ့ပြီး၊ ညနေပိုင်း နေသာတာကြောင့် ရေ ကစားသူတွေနဲ့ စည်ကားခဲ့တယ်လို့ ဒေါက်တာအေးဇံက ပြောပါတယ်။
“မော်လမြိုင်မှာ ဆိုလို့ရှိရင် မဏ္ဍပ်ပေါင်း ၁၇ ခု၊ မဏ္ဍပ်အကြီးပေါ့။ ရပ်ကွက်အလိုက် ဖျော်ဖြေတာတွေ ရှိပါတယ်။ နောက်ပြီး ဗဟိုမဏ္ဍပ်မှာကျတော့ ရန်ကုန်က အဆိုတော်တွေ လာပြီးဖျော်ဖြေ တာတွေလည်း ရှိပါတယ်။ မြို့နယ်အလိုက် ဆိုတာတွေလည်း ရှိပါတယ်။ ဒီနှစ်မှာ ကျိုက္မရောက ဒုံးရိမ်းအဖွဲ့ ဆိုရင် အင်မတန်မှ ကောင်းပါတယ်။ ပထမဆု ရသွားတာပေါ့နော်။ မဏ္ဍပ်မှာဆိုရင် အကောင်းဆုံး မဏ္ဍပ်တွေကို ကျနော်တို့ဆုချပါတယ်။ သံချပ်အဖွဲ့တွေလည်း ရှိပါတယ်။ အဓိကအားဖြင့်တော့ သူတို့ရင်ထဲမှာ ရှိတဲ့ဟာကို တည့်တည့်ပဲ ပြောတဲ့ဟာတွေ ပျက်လုံးပေါ့။ သံချပ်တွေကို ဖြတ်တောက်ခြင်း ဆင်ဆာလုပ်ခြင်း ဘာတခုမှ မရှိပါဘူး။”
မွန်ပြည်နယ်အစိုးရက စည်းကမ်းချက်တွေ ထုတ်ပြန်ခဲ့တာကြောင့် ဒီနှစ် မော်လမြိုင် သင်္ကြန်ဟာ မှုခင်းနည်းပါးပြီး ဈေးရောင်းကောင်းတဲ့ သင်္ကြန်၊ ပျော်စရာ သင်္ကြန်ဖြစ်ခဲ့ တယ်လို့ မော်လမြိုင်မြို့ခံ မနီနီဇင်က ပြောပါတယ်။
“မော်လမြိုင်သင်္ကြန် မိုးရွာတယ်။ မနက်က မိုးရွာပြီး ဒီညနေပိုင်း နေပူသွားတော့ စည်နေရောပဲ။ အရင်ရက်ထက်လည်း စည်တယ်၊ အေးအေးချမ်းချမ်းပဲ သေတာတို့ ဆိုင်ကယ်မှောက်တာတို့ ဘာတို့ ဘာသံမှ မကြားရဘူး။ ဆိုင်ကယ် အိတ်ဇောပိုက်တွေလည်း မဖြုတ်ကြတော့ဘူး။ ဟိုဥစ္စာ အိတ်ဇော ပိုက်တွေ မဖြုတ်ရဘူး၊ ယဉ်ယဉ်ကျေးကျေး ရေပက်ရမယ် စည်းကမ်းတွေ အကုန်ထုတ်ထားတယ်။ အဲလို ထုတ်လိုက်တော့ ပြည်သူတွေက ပျော်ပျော် ပါးပါးကစားကြ တာပေါ့။ မော်လမြိုင်သင်္ကြန်က ဒီနေ့ ရိုးဂိုးနေ့လေ။ ဒီနေ့ နောက်ဘိတ်ဆုံးပဲဆိုတော့ ရိုးဂိုးဘက်က ပိုစည်တယ်။ မော်လမြိုင်မြို့ပေါ်မှာလဲ ကမ်းနားလမ်း စည်တယ်။ သင်္ကြန်မှာ လူတွေ ပိုပြီးတော့ ဈေးရောင်းကောင်းကြတယ်။”
ပြည်နယ်အစိုးရရဲ့ စည်းကမ်းတွေအတိုင်း လိုက်ပါဆင်နွှဲခဲ့ကြတဲ့ မွန်ပြည်နယ်သူ ပြည်နယ် သားတွေကိုလဲ မွန်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက နှစ်သစ် ဆုတောင်းမေတ္တာ ပို့သ ပါတယ်။
“ဒီနှစ် သင်္ကြန်မှာတော့ ကျနော်တို့ မွန်ပြည်နယ်မှာ စည်းကမ်းရှိရှိနဲ့ပေါ့နော် ပျော်ပွဲ ရွှင်ပွဲတွေနဲ့ ဆောင်ရွက်ပေးတဲ့ အတွက်ကြောင့် သင်္ကြန်မှာ ပျော်ရွှင်တဲ့ လူတွေလည်း စည်းကမ်းလိုက်နာကြတဲ့ အတွက် အထူးပဲ ကျေးဇူးတင်ရှိကြောင်းနဲ့ နောင်နှစ်တွေမှာ ဒါထက်ပိုပြီးတော့ ကျနော်တို့ မွန်ပြည်နယ်သူ/သား တွေက လူမှုရေး စီးပွားရေး ပညာရေး နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဒီထက်ပိုပြီးတော့ ကောင်းမွန်ချောမွေ့ ပြီးတော့ နှစ်သစ်မှာ အမျိုးဘာသာ သာသနာနဲ့ပတ်သက်ပြီး ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ပါစေလို့ ပြည်နယ်သူ/သားတွေကို ဆုမွန်ကောင်းတောင်းပါတယ်။”
၂၀၁၇ ခုနှစ် သင်္ကြန်ကာလအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာအရ သေဆုံးသူ(၂၈၅) ဦး၊ ဒဏ်ရာရသူ (၁၀၇၃)ဦး ရှိခဲ့ပြီး မှုခင်းပေါင်း (၁၂၀၀) ဖြစ်ပွား ခဲ့တယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
Your browser doesn’t support HTML5