စာရေးဆရာ၊ အကယ်ဒမီ ဒါရိုက်တာ မောင်ဝဏ္ဏ ကွယ်လွန်

မြန်မာ့စာပေနဲ့ ရုပ်ရှင်လောကမှာ ထင်ရှားတဲ့ စာရေးဆရာ၊ အကယ်ဒမီ ဒါရိုက်တာ မောင်ဝဏ္ဏဟာ ဒီကနေ့မနက်မှာ အဆုတ်ကင်ဆာရောဂါနဲ့ နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ မောင်ဝဏ္ဏဟာ ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း၊ ခုနှစ်စဉ်အလွမ်းဆိုတဲ့ ရုပ်ရှင်ကားတွေနဲ့ ဒါရိုက်တာ အကယ်ဒမီဆု ရရှိခဲ့သူဖြစ်သလို သူကိုယ်တိုင် ရေးသားပြီး ရိုက်ကူးခဲ့တဲ့ ပန်းတွေနဲ့ဝေဟာလည်း တချိန်တခါက အောင်မြင်ထင်ရှားခဲ့တဲ့ ဝတ္ထုနဲ့ ရုပ်ရှင်ဇာတ်ကား ဖြစ်ခဲ့ပါတယ်။ ဒီကနေ့မနက်မှာ ကွယ်လွန်သွားတဲ့ မောင်ဝဏ္ဏရဲ့ နာရေးသတင်းနဲ့ သူ့ရဲ့ အနုပညာ ဖြတ်သန်းမှုတွေကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

စာရေးဆရာ၊ ဒါရိုက်တာ မောင်ဝဏ္ဏဟာ အဆုတ်ကင်ဆာရောဂါကို တနှစ်ကျော်ကြာ ခံစားခဲ့ရပြီး ဒီကနေ့မနက် သူ့နေအိမ်မှာပဲ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ သူကွယ်လွန်ခဲ့တဲ့ အကြောင်းကိုတော့ ညီဖြစ်သူ ကိုရူပက အခုလို ပြောပြပါတယ်။

“ဦးဝဏ္ဏက အဆုတ်ကင်ဆာပဲ ပြောရမှာပေါ့။ အဲဒီရောဂါနဲ့ ဒီနေ့မနက် ၄ နာရီ ၂၀ မှာ ဆုံးတာပါခင်ဗျ။ အိမ်မှာပါပဲခင်ဗျ၊ သင်္ဃန်းကျွန်းအိမ်မှာပါပဲ။”

မောင်ဝဏ္ဏဟာ ၁၉၇၁ ခုနှစ်က ကတ္တီပါ ဖိနပ်စီး ရွှေထီးဆောင်းဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးပြီး အနုပညာ လောကထဲကို စတင် ဝင်ရောက်ခဲ့တာပါ။ အဲဒီဇာတ်ကားနဲ့ပဲ သူဟာ ဒါရိုက်တာ အကယ်ဒမီဆုကို ရခဲ့ပါတယ်။ သူရိုက်ကူးတဲ့ ဇာတ်ကားတွေကတော့ ဇာခန်းဆီးနောက်ကွယ်မှာ၊ နှောင်းတမြေ့မြေ့၊ ပန်းတွေနဲ့ဝေ၊ ချစ်တဲ့သူငယ်လေ၊ ခုနှစ်စဉ်အလွမ်း၊ ရယ်စရာမောစရာ၊ ရင်ထဲက ဆောင်းရာသီ စတဲ့ ဇာတ်ကားတွေ ဖြစ်ပါတယ်။ ခုနှစ်စဉ်အလွမ်း ဇာတ်ကားမှာတော့ ဒုတိယအကြိမ် အကောင်းဆုံး ဒါရိုက်တာဆုကို ထပ်မံရခဲ့ပါတယ်။

မောင်ဝဏ္ဏနဲ့ ရင်းနှီးတဲ့ စာရေးဆရာ၊ ဒါရိုက်တာ မောင်မိုးသူက သူ့အကြောင်းကို အခုလို အမှတ်တရ ပြောပါတယ်။

“ဗမာပြည် ရုပ်ရှင်လောကမှာ Character စရိုက်ရုပ်ရှင်ပဲ သပ်သပ်ရိုက်တဲ့ ဒါရိုက်တာဟာ ဝဏ္ဏပါပဲ။ ဝဏ္ဏ စတယ်လို့ ပြောရမှာပေါ့နော်။ ဗမာ့ရုပ်ရှင်လောကမှာ ဆရာကြီးတွေ အကုန်လုံးလည်း ဇာတ်လမ်းရိုက်တယ်ဆို စရိုက်တော့ ပါတာပေါ့လေ။ ဒါပေမဲ့ စရိုက်ပဲ သပ်သပ်ရိုက်မယ် ဆိုတဲ့ကားဟာ ကတ္တီပါ ဖိနပ်စီး ရွှေထီးဆောင်းဟာ မောင်ဝဏ္ဏ စရိုက်တဲ့ ကားပါပဲ။ မောင်ဝဏ္ဏဟာ အင်မတန် ထူးချွန်ထက်မြက်တဲ့ အနုပညာသည် တယောက်ပါ။ ဗမာ့ရုပ်ရှင် ရာဇဝင်မှာ စရိုက်သပ်သပ်ရိုက်တဲ့ ရုပ်ရှင်ကားဟာ သူရိုက်ခဲ့တာပါ။”

လွန်ခဲ့တဲ့ ၂ နှစ်လောက်က ရိုက်ကူးခဲ့တဲ့ ရင်နင့်အောင်မွှေး ဆိုတဲ့ ဇာတ်ကားကတော့ မောင်ဝဏ္ဏ နောက်ဆုံးရိုက်ကူးခဲ့တဲ့ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ကိုယ်တိုင်ထုတ်လုပ်ပြီး ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် မျိုးသန္တာထွန်းက…

“ဆရာ ဦးဝဏ္ဏက လူတယောက်ကို၊ စိတ်ထဲကို Character တခု ခေါင်းထဲရောက်သွားအောင်၊ စိတ်ထဲရောက်သွားအောင် ဖြည်းဖြည်းလေးနဲ့ အေးအေးလေးနဲ့ သင်တတ်တဲ့ ဆရာထဲမှာ တယောက်ပါပါတယ်။ သရုပ်ဆောင်တဲ့ အခါမှာလည်း ဒီလူတယောက်ရဲ့ စိတ်ထဲမှာ ဘာတွေဖြစ်နေသလဲ ဆိုတာကို မြင်လည်း မြင်တတ်ပါတယ်။ မျိုးတို့က ရိုက်တဲ့အခါမှာ မျိုးတို့စိတ်ထဲမှာ ဒေါသဖြစ်နေတာရှိမယ်၊ စိတ်ဆိုးနေတာ ရှိမယ်၊ ဝမ်းနည်းနေတာ ရှိမယ်။

“ဒါပေမဲ့ ကိုယ်ရိုက်ရမယ့်အခန်းထဲ အပြင်ကဖြစ်နေတဲ့ သူ့ရဲ့ ခံစားမှုနဲ့ ကွဲလွဲနေမယ်ဆိုရင် လူတယောက်ရဲ့ မျက်နှာကို ဆရာ ဦးဝဏ္ဏက အရမ်းဖတ်တတ်ပါတယ်။ ဆရာ ဦးဝဏ္ဏက သရုပ်ဆောင်တယောက်ကို သင်တဲ့အခါမှာလည်း အရမ်းတိကျတယ်။ သူ ဒိုင်ယာလော့ သင်ပြီဆိုရင် အပိုပြောရင်လည်း မကြိုက်ဘူး၊ လိုရင်လည်း မကြိုက်ဘူး။ ဆရာ ဦးဝဏ္ဏနဲ့ ရိုက်တဲ့အခါမှာ ကိုယ့်ရဲ့ သရုပ်ဆောင်မှု အပိုင်းကို စိတ်ပူစရာကို မလိုဘူးပေါ့လေ။”

မောင်ဝဏ္ဏ ကွယ်လွန်သွားတဲ့ အပေါ်မှာတော့ ရုပ်ရှင်သရုပ်ဆောင် မျိုးသန္တာထွန်းက အစားထိုးမရတဲ့ ဆုံးရှုံးမှုတခုလို့ ပြောပါတယ်။

“အစားထိုးမရတဲ့ ဆုံးရှုံးမှုပါပဲ။ ဆရာဆိုရင် စာပေဘက်မှာရော ရုပ်ရှင်ဘက်မှာရော အစစအရာရာ ပြည့်စုံတဲ့ ဆရာတယောက်ပေါ့နော်။ အဲလိုဆရာမျိုး ဆုံးရှုံးသွားတယ်ဆိုတာ ဒီလို ထပ်တူကျတဲ့ နောက်ထပ်တယောက် ပေါ်လာဖို့ ဆိုတာလည်း မလွယ်ပါဘူး။ ဆရာတို့လို သူ့ နဂိုဗီဇ ပါလာတဲ့ အနုပညာသမားတယောက် ထပ်ထွက်လာဖို့ ဆိုတာလည်း ခဲယဉ်းပါတယ်။ အဲဒီအတွက်ကြောင့် အရမ်းကို နှမြောမိပါတယ်ရှင့်။”

ဒါရိုက်တာ မောင်ဝဏ္ဏဟာ ပန်းတွေနဲ့ဝေ၊ ချစ်တဲ့သူငယ်လေ၊ တက္ကသိုလ်အလွမ်း၊ မောင်၊ အိပ်မက်စိမ်း၊ မောင်စိန်သောင်း မနှင်းရည် စတဲ့ ဝတ္ထုစာအုပ် ၂၀ လောက်ကိုလည်း ရေးသားခဲ့ပါတယ်။

စာရေးဆရာ၊ ဒါရိုက်တာ မောင်ဝဏ္ဏဟာ ကွယ်လွန်ချိန်မှာ အသက် ၆၄ နှစ်ရှိပြီး ဇနီး ဒေါ်ချိုချိုရည်နဲ့ သားသမီး ၃ ဦး ကျန်ခဲ့ပါတယ်။

မောင်ဝဏ္ဏဟာ ထင်ရှားတဲ့ စာရေးဆရာ ဒါရိုက်တာ ဦးသာဓုနဲ့ ဒေါ်ခင်ညိုတို့ရဲ့ သားကြီးဖြစ်ပြီး သူ့ရဲ့ ညီတွေဖြစ်တဲ့ သုမောင်၊ မင်းလူ၊ ရူပနဲ့ အာယုတို့ဟာလည်း အောင်မြင်တဲ့ အနုပညာရှင်၊ စာရေးဆရာ၊ ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာတွေ ဖြစ်ကြပါတယ်။ ညီဖြစ်သူ စွယ်စုံအနုပညာရှင် သုမောင်ကတော့ လွန်ခဲ့တဲ့နှစ် မေလအတွင်းက ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။