နိုင်ငံပြုပြင်ပြောင်းလဲရေး ပူးပေါင်းဆောင်ရွက်ကြဖို့ ၈၈ ခေါင်းဆောင်တွေ တိုက်တွန်း

၈၈ မျိုးဆက်ခေါင်းဆောင်များ မြန်မာမိသားစုနဲ့ မေရီလန်းပြည်နယ်မှာတွေ့ဆုံစဉ်။ (ဇူလိုင်လ ၁၃ ရက်၊ ၂၀၁၃)။

ဒီလ အစောပိုင်းကတည်းက မြန်မာပြည်ကနေ ပြည်ပခရီးထွက်ခွာလာကြတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တချို့ ဟာ အခု အသံလွှင့်နေချိန်မှာတော့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ၊ မေရီလန်းပြည်နယ်နဲ့ ဗာဂျီးနီးယားပြည်နယ် ဧရိယာတဝိုက်မှာ ရှိတဲ့ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံ နေပါတယ်။ ဒီတွေ့ဆုံပွဲမတိုင်ခင်မှာ ၈၈ မျိုးဆက်ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုပြုံးချိုကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ သူက အခုလို စပြောပါတယ်။

“ကျနော်တို့ ကြုံတွေ့ရတဲ့ တွေ့ဆုံပွဲတွေ ဆွေးနွေးပွဲတွေ တော်တော်များများမှာ အပြင်ကိုရောက်နေပေမဲ့လည်း အကြောင်းအမျိုးမျိုးကြောင့် ရောက်လာနေပေမဲ့ သူတို့ဟာ နိုင်ငံသားတွေဖြစ်တယ်။ အားလုံးဟာ နိုင်ငံအတွက် စိုးရိမ်မှုတွေရှိတယ်။ ပူပန်မှုတွေရှိတယ်။ ဖွံ့ဖြိုးတိုးတက်မှုတွေ လိုချင်တယ်။ သူတို့ဘယ်လောက် လိုက်လုပ်ပေးနိုင်မလဲ ဆိုတာကို ပြောကြတာတွေ ရှိတယ်။ အဲဒီတော့ ရေရှည်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ တိုင်းပြည်တည်ဆောက်ရေးကိစ္စမှာ တတ်နိုင်သလောက် အားဖြည့်နိုင်မယ့် စိတ်ဓာတ်တွေကို ပြန်လည်ပြီးတော့ မြင့်တင်နိုင်ပေးခဲ့တယ်။ ပြန်ပြီးတော့ နားလည်မှုတွေ ယူနိုင်ခဲ့ပါတယ်။”

ပြည်ပရောက် မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ တွေ့ဆုံပွဲတွေကနေ နိုင်ငံကနေ ထွက်ခွာပြီး ကမ္ဘာ့နေရာအနှံ့အပြားမှာ နေထိုင်နေကြသူတွေရဲ့ စိုးရိမ်ှုတွေကို သိလာရတာမို့ မြန်မာနိုင်ငံမှာ မကြာခင် ကျင်းပတော့မယ့် ၈၈ လူထု လှုပ်ရှားမှုငွေရတု အထိမ်းအမှတ်မှာ ဒါတွေကို ပြန်ပြီး တင်ပြပေးဖို့ရှိတယ်လို့ ပြောပါတယ်။

“အများအားဖြင့် ဝင်ဆွေးနွေးခဲ့ကြတဲ့အထဲမှာ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံဆိုင်ရာ ဝေဖန်ချက်တွေနဲ့လည်း ဆွေးနွေးကြတယ်။ ပြီးတဲ့အခါ ၂၀၁၅ မှာ ရင်ဆိုင်ကြုံတွေ့ရမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း ပြောကြတာတွေရှိသလို ငြိမ်းချမ်းရေးဖော်ဆောင်ဖို့၊ တိုင်းရင်းသားတွေရဲ့ အရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ သူတို့တွေရဲ့ စိုးရိမ်ချက်တွေကို ဆွေးနွေးကြတာတွေ အများအားဖြင့်တွေ့ရပါတယ်။ မကြာခင်မှာ ကျင်းပမယ့် ငွေရတုအထိမ်းအမှတ်ပွဲတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့တွေ သတင်းစကားတွေ ပေးနိုင်တာရှိတယ်။ နောက်ပြီးတော့ ကျနော်တို့ မြန်မာမိသားစုတွေကနေ သိချင်တဲ့အချက်အလက်တွေ မေးကြတာကို တတ်နိုင်သလောက် ပြန်ဖြေကြားပေးတယ်။ ပြီးတော့ သူတို့ရဲ့ အကြံပြုချက်တွေ ဆွေးနွေးချက်တွေကိုလည်း ကျနော်တို့က တလေးတစားနဲ့ သယ်ဆောင်သွားဖို့ အစီအစဉ်တွေလည်း ရှိပါတယ်။”

မြန်မာနိုင်ငံမှာ မကြာခင် ရွေးကောက်ပွဲလည်း ကျင်းပတော့မယ့် အချိန် အပြောင်းအလဲတွေ ဖော်ဆောင်နေတဲ့ ကာလအတွင်း မြန်မာ့အရေး ကြိုးပမ်း ဆောင်ရွက်ကြတဲ့အခါမှာ တချို့ မထင်မှတ်ဘဲ ဖြစ်ပေါ်လာတတ်တဲ့ ပြဿနာတွေ ပဋိပက္ခတွေအပေါ် အားလုံးက ဝိုင်းဝန်းတာဝန်ယူ ဖြေရှင်း သွားကြဖို့ကိုလည်း တိုက်တွန်းသွားခဲ့ပါတယ်။

“အပြောင်းအလဲတွေကိုသွားပြီဆိုလို့ရှိရင် အပြောင်းအလဲတွေက ခိုင်မာမှုရှိရမယ်။ တတ်နိုင်သလောက် မြန်မြန် ဖော်ဆောင်နိုင်မယ်၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျယ်ပြန့်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရရှိနိုင်အောင်အတွက်ဆိုလို့ရှိရင် နိုင်ငံသားတွေအားလုံးဟာ ဒီဖြစ်စဉ်ထဲမှာ ပါဝင်ရမယ်။ ပူးပေါင်းဆောင်ရွက်ရမယ်။ အဲဒါမှလည်း ကျနော်တို့နိုင်ငံမှာ တာဝန်ယူနေတဲ့သူတွေက ရဲရဲတင်းတင်း ဖော်ဆောင်နိုင်မှာဖြစ်တဲ့အတွက် အဓိက ကျနော်တို့ ကြည့်ရမှာက ပြည်တွင်းမှာပဲရှိရှိ၊ အပြင်ကိုပဲရောက်ရောက် နိုင်ငံသားတွေဖြစ်တယ်။ ဒီ နိုင်ငံသားတွေက တိုင်းပြည်နဲ့ပတ်သက်လာမယ် ဆိုရင် အကောင်းအဆိုးကို မျှဝေပြီးတော့ ရင်ဆိုင်ရတာလည်း ဖြစ်တဲ့အတွက် နိုင်ငံပြုပြင်ပြောင်းလဲရေး၊ ပြန်လည်တည်ဆောက်ရေးကိစ္စမှာ တတ်နိုင်တဲ့ဘက်က ကျရာနေရာကနေ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေကို သဘောထားကြီးကြီးနဲ့ ဖန်တီးပေးသင့်တယ်လို့ ကျနော်ကတော့ ယူဆတယ်။”

ကိုမင်းဇေယျာ ဦးဆောင်တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းအဖွဲ့ဟာ အခု အသံလွှင့်နေချိန်မှာ မေရီလန်း ပြည်နယ်အတွင်းမှာပဲ ဝါရှင်တန်၊ ဗာဂျီးနီးယားနဲ့ မေရီလန်းပြည်နယ်တွေအတွင်းမှာ နေထိုင်ကြတဲ့ မြန်မာအသိုင်းအဝိုင်းနဲ့ တွေ့ဆုံနေတာဖြစ်ပါတယ်။

မနက်ဖြန်မှာတော့ မြောက်ကယ်ရိုလိုင်းနားက မြန်မာမိသားစုတွေဆီကို သွားရောက် တွေ့ဆုံမှာ ဖြစ်ပါတယ်။ အမေရိကန် ကနေ မထွက်ခွာခင် နောက်ထပ် သွားရောက်တွေ့ဆုံဖို့ ရှိတဲ့ အစီအစဉ်တွေထဲမှာတော့ ဝါရှင်တန်ဒီစီမြို့တော်မှာ အမေရိကန်အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံဖို့ ရှိသလို ဇူလိုင်လ ၁၆ ရက်နေ့မှာ အမေရိကန်နိုင်ငံခြားရေးဌာနနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ အဲဒီနောက် နယူးယောက်နဲ့ ဆန်ဖရန်စ္စကို မြို့တွေကိုလည်း သွားဖို့ ရှိပါတယ်။