ဖိလစ်ပိုင်နိုင်ငံံမှာ အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီ လူထုအုံကြွမှုကြီး (၃၇) နှစ်မြောက်အဖြစ် လူထောင်နဲ့ချီ ဒီကနေ့ ဆန္ဒပြကြပါတယ်။ လက်ရှိ ဖိလစ်ပိုင် သမ္မတရဲ့ဖခင် အာဏာရှင် Ferdinand Marcos ကို ၁၉၈၆ ခုနှစ်တုန်းက ဖြုတ်ချခဲ့တဲ့ People Power လူထုလှုပ်ရှားမှု နှစ်ပတ်လည်နေ့မှာ ဒီမိုကရေစီလိုလားသူ ၁၄၀၀ လောက် မနီလာမြို့တော်မှာ ဆန္ဒပြခဲ့ကြတာပါ။
အာဏာရှင်ဟောင်း Marcos ရဲ့သား Bongbong Marcos အဖြစ် လူသိများတဲ့ Ferdinand Marcos Jr. လက်ရှိ ဖိလစ်ပိုင်မှာ သမ္မတဖြစ်နေတဲ့အချိန် ကျင်းပတဲ့ ဒီကနေ့ စုရုံးဆန္ဒပြပွဲမှာတော့ လက်ရှိ Marcos Jr. အစိုးရကို ကန့်ကွက်တဲ့ စာတမ်းတွေနဲ့ ဖိလစ်ပိုင်အလံတွေ ဝှေ့ယမ်း ဆန္ဒပြကြပါတယ်။
မနီလာမြို့ရဲ့ အဓိက အဝေးပြေးလမ်းမကြီးပေါ်မှာ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေ အခုလို ဆန္ဒပြကြတာအပြင် အနီးနားက ဒီမိုကရေစီကျောက်တိုင်မှာလည်း လက်ဝဲယိမ်း တက်ကြွလှုပ်ရှားသူ နောက်ထပ် ၁၄၀၀ ခန့် ဆန္ဒပြခဲ့ကြပါတယ်။ ၁၉၈၆ ခုနှစ် ဖေဖော်ဝါရီလတုန်းက ဖိလစ်ပိုင်မှာ လူပေါင်းသန်းနဲ့ချီ လမ်းတွေအပြည့် ဆန္ဒပြခဲ့တာမှာ စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်တွေပါ လူထုနဲ့အတူ ရပ်တည်ခဲ့ပြီး အဲ့ဒီအချိန်က အာဏာရှင် Marcos ကို ဖြုတ်ချခဲ့တာပါ။
အမေရိကန်ပြည်ထောင်စုကို Marcos ထွက်ပြေးသြားခဲ့ပြီး၊ ၃ နှစ်အကြာမှာ သေဆုံးခဲ့ပါတယ်။ ၁၉၇၂ ကနေ ၁၉၈၁ အထိ စစ်အုပ်ချုပ်ရေးဥပဒေ Martial Law ထုတ်ပြန်ပြီး နောက်ပိုင်းရွေးကောက်ပွဲနဲ့ ဆက်အုပ်ချုပ်ခဲ့တဲ့ အာဏာရှင် Marcos ကျဆုံးပြီး နှစ်ပေါင်း ၄၀ နီးပါးအကြာမှာ သားဖြစ်သူ Marcos Jr. သမ္မတ ပြန်ဖြစ်လာတာပါ။ လက်ရှိ Marcos Jr. လက်ထက်မှာလည်း ဖိလစ်ပိုင်မှာ ဆင်းရဲမွဲတေမှု၊ မြေယာမဲ့မှု၊ ဆင်းရဲချမ်းသာ ကွာခြားလွန်းမှုနဲ့ တရားမမျှတမှုတွေ ဆက်ရင်ဆိုင်နေရဆဲပဲလို့ ကျွမ်းကျင်သူတွေက ထောက်ပြနေကြပါတယ်။
==== Unicode =====