မလေးရှား အတိုက်အခံဟောင်း အန်ဝါအီဗရာဟင် လွတ်မြောက်လာ

မလေးရှား အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် Anwar Ibrahim ဟာ ၃ နှစ်ကြာ ထောင်ဒဏ်ကျခံခဲ့ရပြီးနောက် ဘုရင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ ပြန်လည် လွတ်မြောက်လာပါတယ်။ အသက် ၇၀ အရွယ်ရှိပြီဖြစ်တဲ့ Anwar ဟာ ပုခုံးဒဏ်ရာကြောင့် ဆေးကုသမှုခံယူနေတဲ့ Kuala Lumpur ဆေးရုံကနေ ဒီကနေ့ပဲ ထွက်ခွာလာခဲ့ပြီးနောက် မလေးရှားဘုရင် ပဉ္စမမြောက် Sultan Muhammad နဲ့ တွေ့ဆုံဖို့ သွားရောက်ခဲ့ပါတယ်။ Anwar ကိုတော့ အကျင့်ပျက်ခြစားမှု၊ လိင်တူချင်းဆက်ဆံမှုတွေနဲ့ ၂၀၁၅ ခုနှစ်တုန်းက အပြစ်ပေး အရေးယူခဲ့ပေမဲ့၊ စွပ်စွဲချက်တွေဟာ နိုင်ငံရေး ရည်ရွယ်ချက်တွေ ပါဝင်နေတယ်လို့လည်း ကျယ်ကျယ်ပြန့်ပြန့် ယူဆထားကြတာပါ။ မလေးရှားနိုင်ငံမှာ တကျော့ပြန်ရွေးကောက်ခံခဲ့ရတဲ့ ဝန်ကြီးချုပ် Mahathir Mohamad ရဲ့ လက်ထက်မှာ ဒုဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီး တာဝန်တွေယူခဲ့ဖူးတဲ့ Anwar ဟာ ၁၉၉၉ ခုနှစ်က ရာထူးက ထုတ်ပယ်မခံရခင်အချိန်အထိ ဝန်ကြီးချုပ်တာဝန်ကို ဆက်ခံမယ့်သူတဦး အဖြစ်နဲ့လည်း ယူဆခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာတော့ နိုင်ငံရေးရန်ဖက် ဖြစ်ခဲ့ကြတဲ့ Anwar နဲ့ Mahathir တို့ ပြန်လည်ပူးပေါင်းပြီး Alliance of Hope အတိုက်အခံ မဟာမိတ်ညွန့်ပေါင်းဖွဲ့ခဲ့ရာက ဝန်ကြီးချုပ် Najib Razak နဲ့ နှစ်ပေါင်း ၆၀ ကြာ တိုင်းပြည်ကို အုပ်ချုပ်လာခဲ့တဲ့ Barisan Nasional ညွန့်ပေါင်းအစိုးရကို အနိုင်ရခဲ့တာပါ။ ရွေးကောက်ပွဲမှာ အတိုက်အခံ ညွန့်ပေါင်းအဖွဲ့ အနိုင်ရခဲ့တဲ့အတွက် ၁၉၈၁ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိ မလေးရှားနိုင်ငံကို တင်းတင်းကျပ်ကျပ် အုပ်ချုပ်ခဲ့ဖူးတဲ့ Mahathir ဟာလည်း အသက် ၉၂ နှစ်အရွယ်မှာ ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ ကမ္ဘာမှာ အသက်အကြီးဆုံး ရွေးကောက်ခံခေါင်းဆောင်တဦး ဖြစ်လာတဲ့ Mahathir ကတော့ အစိုးရအဖွဲ့ကို ၂ နှစ်ကြာ အုပ်ချုပ်ပြီး၊ Anwar ကို အာဏာလွဲှပေးဖို့ ကတိပြုထားပါတယ်။ Anwar အနေနဲ့ကတော့ ဝန်ကြီးချုပ်ရာထူး ဆက်ခံဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တဦးအဖြစ် အရင်ဆုံး ရွေးချယ်ခံဖို့ လိုအပ်ပါတယ်။

Your browser doesn’t support HTML5

မလေးရှား အတိုက်အခံဟောင်း အန်ဝါအီဗရာဟင် လွတ်မြောက်လာ