မလေးရှား ပြည်ထဲရေးဝန်ကြီးဟောင်း ဝန်ကြီးချုပ်သစ် ဖြစ်လာ

မလေးရှားဝန်ကြီးချုပ်သစ် Muhyiddin Yassin, February 29 2020. (Foto: AFP)

(Zawgyi / Unicode)

မလေးရှားဝန်ကြီးချုပ်သစ်အဖြစ် ပြည်ထဲရေးဝန်ကြီးဟောင်း Muhyiddin Yassin ကို မလေးရှားဘုရင်က ဒီကနေ့ ရွေးချယ်ခန့်ထားလိုက်ပါတယ်။ Bersatu ပါတီဥက္ကဋ္ဌလည်းဖြစ်တဲ့ Muhyiddin ကို လွှတ်တော်အမတ်အများစု ထောက်ခံနိုင်ခြေ ရှိပါတယ်လို့လည်း ဘုရင်က ပြောဆိုခဲ့တာပါ။

ဝန်ကြီးချုပ်ဟောင်း မဟာသီယာက ၂၀၁၈ မှာ ရွေးကောက်ပွဲအနိုင်ရပြီး နောက် ၂ နှစ်ကြာရင် Anwar Ibrahim ကို ဝန်ကြီးချုပ်နေရာ ပေးမယ်လို့ ကတိပေးထားတာပါ။

ဒါပေမယ့်လည်း Anwar Ibrahim ကို အာဏာလွှဲမပေးရအောင် အစိုးရသစ်ဖွဲ့ဖို့ ဝန်ကြီးချုပ် မဟာသီယာရဲ့ ပါတီနဲ့ အတိုက်အခံ အဖွဲ့ဝင်တချို့ကြား ဆွေးနွေးမှုတွေ နောက်ပိုင်းမှာ ဝန်ကြီးချုပ် မဟာသီယာ ရာထူးက နုတ်ထွက်တာပါ။ အဲဒီဆွေးနွေးမှုတွေကြောင့် ဝန်ကြီးချုပ် မဟာသီယာနဲ့ Anwar Ibrahim တို့ကြားမှာ မပြေမလည် ဖြစ်ခဲ့ကြတာပါ။

အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံနဲ့ ရင်ဆိုင်နေရတဲ့ အရင်ဝန်ကြီးချုပ် Najib Razak ဦးဆောင်တဲ့ အာဏာရ ညွန့်ပေါင်းအဖွဲ့ကို ဖယ်ရှားနိုင်ရေးအတွက် ၂၀၁၈ ခုနှစ်မှာ လက်ရှိဝန်ကြီးချုပ် မဟာသီယာနဲ့ Anwar Ibrahim တို့ ပူးပေါင်းခဲ့ကြတာလည်း ဖြစ်ပါတယ်။

အဲဒီလို ပူးပေါင်းလိုက်ပြီး ၂ နှစ်နီးပါး အကြာမှာပဲ ဝန်ကြီးချုပ်သစ်ကို ရွေးချယ်လိုက်တဲ့ ဘုရင်ရဲ့ ဆုံးဖြတ်ချက်ကြောင့် မလေးရှားနိုင်ငံရေးအတွက် အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်ဆိုပြီး သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

နှစ်ပေါင်း ၆၀ နီးပါးကြာ အုပ်ချုပ်ခဲ့တဲ့ အာဏာရပါတီဟောင်းဖြစ်တဲ့ ညီညွှတ်သော မလေးရှားအမျိုးသားအစည်းအရုံး (UMNO) ကလည်း အစ္စလာမ္မစ်ပါတီဖြစ်တဲ့ PAS နည်းတူ Muhyiddin ကို ထောက်ခံထားပါတယ်။

မဟာသီယာနဲ့ Anware တို့ တဖန်ပြန်ပြီး ဆက်ပြီး လက်တွဲဆောင်ရွက်သွားမယ်လို့ စနေနေ့မှာ ပြောဆိုခဲ့ပေမယ့်လည်း အများစုထောက်ခံမှု ရထားတဲ့ အချက်ကြောင့် Muhyiddin ကို ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်ခဲ့ရတာဖြစ်တယ်လို့ ဘုရင့်နန်းတော်က ကြေညာချက် ထုတ်ပြန်ပါတယ်။

အသက် ၇၂ နှစ်အရွယ် Muhyiddin ကတော့ ဝန်ကြီးချုပ်သစ်အဖြစ် မတ်လ ၁ ရက်နေ့ တနင်္ဂနွေနေ့မှာ ကျမ်းသစ္စာကျိန်ဆိုရမှာ ဖြစ်ပါတယ်။

--------------------------------

(Unicode)










Your browser doesn’t support HTML5

မလေးရှား ပြည်ထဲရေးဝန်ကြီးဟောင်း ဝန်ကြီးချုပ်သစ် ဖြစ်လာ